DVB Logo
Home
မြန်မာသတင်း
ခရိုနီများ၏ စက်သုံးဆီ မသမာမှုကြောင့် နစ်နာဆုံးရှုံးပမာဏ ငွေကျပ် ဘီလီယံ ၅၄၀ ကျော်ရှိ 
DVB
·
December 20, 2025
ခရိုနီများ၏ စက်သုံးဆီ မသမာမှုကြောင့် နစ်နာဆုံးရှုံးပမာဏ ငွေကျပ် ဘီလီယံ ၅၄၀ ကျော်ရှိ 
Donate to DVB

မြန်မာပြည်တွင်းကို ပြည်ပကနေ ဆီတင်သွင်းတဲ့ အမြတ်ကြီးစား ခရိုနီတွေရဲ့ စက်သုံးလောင်စာဆီ မသမာမှုကြောင့် နိုင်ငံတော်ရဲ့ နစ်နာဆုံးရှုံးမှုပမာဏဟာ ငွေကျပ် ဘီလီယံ ၅၄၀ ကျော်အထိ ရှိခဲ့တယ်လို့ စစ်ဘက်သတင်းရင်းမြစ်တွေကနေ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၅ ရက်က တာဝန်ကနေ ရပ်စဲခံလိုက်ရတဲ့ စစ်ကောင်စီ စွမ်းအင်ဒုဝန်ကြီး ဦးသန့်စင်နဲ့ သူ့မတိုင်ခင် ဌာနတွင်းစစ်ဆေးခံနေရတဲ့ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဌာန ညွှန်ချုပ် ဦးရွှေမော်တို့ကို  စစ်ကြောရေးမှာ  စစ်ချက်တွေအရ စက်သုံး ဆီမသမာမှုကိစ္စတွေ ဆက်တိုက် ပေါ်ထွက်လာနေတာပါ။

နိုင်ငံတော်ဘက်က ဆုံးရှုံးနစ်နာခဲ့ရတဲ့ ငွေတွေကို လာမဲ့ ၂၀၂၆ ဇန်နဝါရီ ၁၆ ရက် နောက်ဆုံးထားပေးကြဖို့ စစ်ကောင်စီက ပြောထားပေမဲ့ ခရိုနီတွေက  အခုကတည်းက  စတင်ပေးသွင်းနေကြပြီလို့ စစ်ဘက်သတင်းရင်းမြစ်တယောက်က ပြောပါတယ်။

စွမ်းအင် ဒုဝန်ကြီးကိုစာနဲ့ မဖြုတ်ခင် တရက်အလို ဒုစစ်ခေါင်းဆောင် စိုးဝင်းရဲ့ ကိုယ်ရေးအရာရှိဟောင်း ဗိုလ်မှူးကြီး(ငြိမ်း) ထက်သျှန်ဖြိုးဟာ စွမ်းအင်အမြဲတမ်းအတွင်းဝန် အဖြစ် နေရာယူခဲ့တဲ့အပြင်၊ ဒီဇင်ဘာ ၁၀ ရက်ကလည်း ကကထုတ်က ဗိုလ်မှူးကြီးကျော်နိုင်ဝင်း စွမ်းအင်ဒုဝန်ကြီး အသစ်အဖြစ် ပြောင်းရွှေ့လာပြီးနောက် ဝန်ထမ်းတွေနဲ့ ခရိုနီတွေရဲ့ မသမာမှုတွေ ဆက်တိုက် ပေါ်ထွက်လာခဲ့တာလို့လည်း ဆိုပါတယ်။

စစ်ရေးသတင်းရင်းမြစ်က ''စင်ကာပူကနေ သွင်းလာတဲ့ ဆီအရည်အသွေးတွေကို ကစားခဲ့တဲ့ ကိစ္စလည်း စထွက်လာပြီ"လို့ ပြောပါတယ်။

နောက်ထပ် စစ်ချက်တွေထဲ ဖြတ်လေးဖြတ်နဲ့ အဘက်ဘက်က ပိတ်ထားပေမဲ့ စီမံကိန်းလုပ်ကွက်လမ်းကြောင်း အကြောင်းပြပြီး တော်လှန်နယ်မြေတွေထဲ စက်သုံးဆီတွေ စျေးကြီးကြီးနဲ့ ထွက်နေတဲ့ကိစ္စတွေလည်း အသေးစိတ်စစ်ဆေးနေပြီလို့ သိရပါတယ်။

စက်သုံးဆီလုပ်ငန်းနဲ့ နီးစပ်သူတယောက်က "နိုဝင်ဘာ ၂၅ ရက် မတိုင်မီ ၂ ရက်ကျော်အလိုက ဦးသန့်စင်က နေပြည်တော်မှာ ဘုရားထီးတော်တင်နေခဲ့တာ။ သူပြုတ်မယ်လို့ကို မထင်ဘူး။ သူက အရင်စွမ်းအင်ဝန်ကြီးဦးလွန်းသီလက်ထက်ကတည်းက ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေး ညွန်ချုပ်၊ ပိုင်ဆိုင်မှုကြီးက ကြောက်စရာကြီး၊ လက်ရှိ ဝန်ကြီးချုပ် ညိုစောနဲ့က တပတ်စဥ်တည်းလေ၊ ဦးသန့်စင်တို့ အုပ်စုက အပီကိုင်ခဲ့ကြတာ"လို့ ပြောပါတယ်။

လောင်စာဆီဖိုးတွေ ငွေကျပ် ဘီလီယံချီ အမြတ်တင်ပြီး မသမာမှုလုပ်ခဲ့လို့ နိုင်ငံတော်ဘက်က နစ်နာကြေးနဲ့ ပြန်တောင်းခံရတဲ့အထဲမှာ ဦးဝင်းဆွေရဲ့ BOC ကုမ္ပဏီက ငွေကျပ် ဘီလီယံ ၁၈၀ ကျော်နဲ့ အများဆုံးဖြစ်ပြီး၊ Denko ကုမ္ပဏီက ငွေကျပ် ဘီလီယံ ၇၀ ၊ ဦးဇော်ဇော်ရဲ့ Max ကုမ္ပဏီနဲ့  ဒေါက်တာဝင်းမြင့်ရဲ့ မြတ်မေတ္တာမွန်ကုမ္ပဏီတို့က ဘီလီယံ ကျပ် ၄၀ ကျော်စီ၊ Regency ကုမ္ပဏီက ကျပ် ၂၀ ဘီလီယံ၊ Apex ကုမ္ပဏီက ငွေကျပ် ၁၅ လီလီယံ၊ Myanoil ကုမ္ပဏီက ငွေကျပ် ၁၅ ဘီလီယံနဲ့ Brighter ကုမ္ပဏီက ငွေကျပ် ၁၂ ဘီလီယံ အသီးသီးရှိပါတယ်။

ဆီလုပ်ငန်းရှင်တယောက်က “နာမည်ကြီး ခရိုနီကြီးတွေ မရှက်ကြဘူးလားမသိ၊ ကိုယ်ကျိုးရှာရဲကြတာ အံ့သြစရာကြီး၊ ခုက မသွင်းရင် တခါတည်း တရားစွဲဆိုတဲ့ မှတ်ချက်နဲ့ လာတော့ အကုန်သွင်းကြရတော့တာပဲ။ ရှေ့မှာလည်း ဦးချစ်ခိုင်တို့၊ ဦးသိန်းဝေတို့ အမှုလုပ် တရားစွဲခံထားရတော့ အကုန်ကြောက်ကြတာပေါ့”လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် အဘက်ဘက်ကပိတ်ဆို့မှုတွေကြောင့် စီးပွားရေး ကျပ်တည်းနေချိန် ခရိုနီတချို့ဟာ အကျင့်ပျက်ဝန်ထမ်းတွေနဲ့ ပေါင်းပြီး ဆီတင်သွင်းတာကနေ အကြီးအကျယ် အကျိုးအမြတ်ရှာခဲ့ကြပါတယ်။

ခရိုနီတချို့ရဲ့ လည်ဝယ်မှုဒဏ်ကို စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ အနီးကပ်လူယုံ ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းတောင်မခံနိုင်ဘဲ ထောင်ကျခဲ့တယ်လို့ စက်သုံးဆီရောင်းချသူတယောက်က ပြောပါတယ်။

''ခရိုနီတွေက လည်တယ်။ ထောင်မြင်လို့ ရာစွန့်တာ။ ဆီကိစ္စဆိုလည်း ဒေါ်လာတွေရှာသွင်း၊ ဒီဘက်ကနေလည်း ဗဟိုဘဏ်က  ကျပ် ၂၁၀၀ နဲ့ ဒေါ်လာလည်း အရယူလိုက်သေး၊ ဆီစျေးကို မတရား ကစားခဲ့ကြတာ။ အခုနိုင်ငံတော်နစ်နာမှုဆိုတော့ ပြည်သူရဲ့ နစ်နာမှုပဲလေ။”

စစ်အာဏာသိမ်းပြီးနောက် ပိတ်ဆို့မှုတွေကြားထဲ နိုင်ငံနဲ့ ပြည်သူလူထုတွေ ကျပ်တည်းသွားခဲ့ရချိန်၊ ဒေါ်လာစျေးမြင့်တက်မှုနဲ့အတူ စက်သုံးဆီစျေးထပ်တက်မှုတွေက ကုန်စျေးနှုန်းအပါအဝင် ငွေကြေးဖောင်းပွမှုတွေကို ဖြစ်သွားစေခဲ့တာပါ။

ဒေါ်လာစျေးတက်ပြီဆိုတာနဲ့ ချက်ချင်းလိုက်တက်လေ့ရှိတဲ့ စက်သုံးဆီဟာ ဒေါ်လာစျေးပြန်ကျ သွားလည်း လိုက်မကျတဲ့အထိ ခရိုနီတွေက ပြည်သူတွေကို ကောင်းကောင်းလှည့်စားခဲ့ကြတာ ဖြစ်ပါတယ်။

စျေးကွက်လေ့လာနေသူတယောက်က “ခုက သူတို့တွေ နောက်မလွယ်ဘူးကြားတယ်။ သူတို့တွေရဲ့ လုပ်ကွက်တွေကို တဘက်က သိသွားတော့ ခုချိန်ဆီစျေးတွေကတန့်သွားတယ်”လို့ ပြောပြပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာရှင်ခေတ်အဆက်ဆက် အာဏာရှိတဲ့ စစ်ဗိုလ်ချုပ်တွေနဲ့ ဓနရှင်ခရိုနီတွေ အကျိုးတူ ပူးပေါင်းပြီး တိုင်းပြည်ရဲ့ သယံဇာတတွေနဲ့ လုပ်ပိုင်ခွင့်တွေကို အမြတ်ထုတ် အသုံးချပြီး ကြွယ်ဝချမ်းသာနေကြတာ ဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013