DVB Logo
Home
နိုင်ငံရေး
စစ်အာဏာရှင်၏ တရုတ်ခရီးစဥ်၌ ခရိုနီများ လိုက်ပါသွား
DVB
·
June 17, 2026
တရုတ်ခရီးစဉ်လိုက်ပါသွားသည့် ခရိုနီများ။ Photo: MRTV
တရုတ်ခရီးစဉ်လိုက်ပါသွားသည့် ခရိုနီများ။ Photo: MRTV
Donate to DVB

စစ်အာဏာရှင် မင်းအောင်လှိုင်ရဲ့ တရုတ်နိုင်ငံခရီးစဉ်မှာ ဦးဇော်ဇော် အပါအဝင် စစ်အုပ်စုနဲ့ ဆက်နွှယ်နေကြတဲ့ ထင်ရှားတဲ့ မြန်မာခရိုနီလုပ်ငန်းရှင်အများအပြား လိုက်ပါသွားကြပါတယ်။

အခုလိုက်ပါသွားကြတဲ့ ခရိုနီတွေဟာ တရုတ်-မြန်မာ စီးပွားရေးစီမံကိန်းတွေ၊ ရင်းနှီးမြှုပ်နှံမှုနဲ့ စစ်အုပ်စုရဲ့ စီးပွားရေးအသက်ရှူလမ်းကြောင်းတွေ ပြန်ဖွင့်နိုင်ရေးအတွက် နောက်ကွယ်က လှုပ်ရှားမှုတခု ဖြစ်နိုင်တယ်လို့ နိုင်ငံရေးနဲ့ စီးပွားရေးလေ့လာသူတွေက သုံးသပ်နေကြပါတယ်။

အဆိုပါခရီးစဉ်မှာ MAX Myanmar Group ပိုင်ရှင် ဦးဇော်ဇော်၊ Asia World က ဦးထွန်းမြင့်နိုင် ခေါ် Steven Law၊ သရုပ်ဆောင် ဝတ်မှုံရွှေရည်ရဲ့ခင်ပွန်း ဦးနိုင်ဖြိုးကျော်၊ UMFCC ဥက္ကဋ္ဌ ဦးအေးဝင်း ၊ ATOM အကြီးအကဲတယောက်ဖြစ်တဲ့ ဦးဝင်းပိုင်ကျော်၊ ရွှေသံလွင် Group ဥက္ကဋ္ဌ ဦးကျော်ဝင်း အပါအဝင် စစ်ခေါင်းဆောင် သန်းရွှေ လက်ထက် ကျန်းမာရေးဝန်ကြီးဟောင်း ဦးသန်းအောင်ရဲ့ သမက်လည်းဖြစ်၊ မင်းအောင်လှိုင် မိသားစုနဲ့ နီးကပ်တဲ့ Sky One ဦးမောင်မောင်နိုင် စတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ လိုက်ပါသွားပါတယ်။

စစ်အာဏာရှင် မင်းအောင်လှိုင်ဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ ဖိတ်ကြားချက်အရ ဇွန် ၁၅ ရက်ကနေ ၁၉ ရက်အထိ တရုတ်နိုင်ငံကို နိုင်ငံတော်အဆင့်ခရီးစဉ် သွားရောက်နေပြီး ဇွန် ၁၆ ရက်မှာ ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်မှာ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံခဲ့ပါတယ်။

အဲဒီတွေ့ဆုံမှုအတွင်း ၂ နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရေးသဘောတူညီချက် ၁၈ ခု လက်မှတ်ရေးထိုးခဲ့တယ်လို့ နှစ်ဖက်စလုံးက ထုတ်ပြန်ထားပါတယ်။

သဘောတူညီချက်တွေထဲမှာ နယ်စပ်ကုန်သွယ်ရေး၊ အခြေခံအဆောက်အအုံ၊ ကျန်းမာရေး၊ သဘာဝဘေးကူညီရေးနဲ့ မီဒီယာပူးပေါင်းဆောင်ရွက်ရေး စတဲ့ကဏ္ဍတွေ ပါဝင်တယ်လို့ သိရပါတယ်။

တရုတ်ဘက်ကလည်း China-Myanmar Economic Corridor — CMEC အပါအဝင် Belt and Road Initiative အောက်က စီမံကိန်းတွေကို ဆက်လက်တွန်းအားပေးလိုကြောင်း ပြောဆိုထားပါတယ်။

CMEC ထဲမှာ ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်း၊ နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်း၊ စက်မှုဇုန်နဲ့ အခြေခံအဆောက်အအုံစီမံကိန်းတွေ ပါဝင်နေပါတယ်။

ဒီလိုအချိန်မှာ စစ်အုပ်စုနဲ့ ဆက်နွှယ်တဲ့ ခရိုနီလုပ်ငန်းရှင်တွေကို ခရီးစဉ်မှာ တွေ့လာရတာဟာ သာမန်အခမ်းအနားလိုက်ပါမှုထက်ပိုတဲ့ အဓိပ္ပာယ်ရှိနိုင်တယ်လို့ လေ့လာသူတွေက မြင်ကြပါတယ်။

ဦးဇော်ဇော်ဟာ MAX Myanmar Group ကို တည်ထောင်ထားသူဖြစ်ပြီး ဆောက်လုပ်ရေး၊ ဘဏ်လုပ်ငန်း၊ ဟိုတယ်၊ စွမ်းအင်၊ စိုက်ပျိုးရေးနဲ့ အားကစားကဏ္ဍတွေမှာ လုပ်ငန်းအကျယ်အဝန်းရှိတဲ့ မြန်မာခရိုနီလုပ်ငန်းရှင်တဦးအဖြစ် လူသိများသူ ဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဦးဇော်ဇော်ဟာ ပြည်သူမြင်ကွင်းထဲကနေ အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပေမဲ့ နောက်ပိုင်းမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အရိုအသေပေးနေတဲ့ပုံနဲ့အတူ ဘောလုံးကွင်းအခမ်းအနားတခုမှာ ပြန်လည်ထွက်ပေါ်လာခဲ့ပါတယ်။

အဲဒီနောက်ပိုင်း စစ်ခေါင်းဆောင် တက်ရောက်တဲ့ အခမ်းအနားတွေမှာ ဦးဇော်ဇော်ကို မကြာခဏ ပြန်လည်တွေ့လာရပြီး အခုတခါမှာတော့ တရုတ်နိုင်ငံခရီးစဉ်အထိ လိုက်ပါသွားတာ ဖြစ်ပါတယ်။

ဦးဇော်ဇော်ဟာ အရင်က အမေရိကန် ပိတ်ဆို့အရေးယူမှုစာရင်းမှာ ပါဝင်ခဲ့ဖူးတဲ့ လုပ်ငန်းရှင်တယောက် ဖြစ်ပါတယ်။

သူ့ရဲ့ပြန်လည်ထွက်ပေါ်လာမှုဟာ စစ်အုပ်စုအတွက် ပြည်တွင်းစီးပွားရေးကွန်ရက်၊ ဘဏ္ဍာရေး အထောက်အပံ့နဲ့ နိုင်ငံတကာစီးပွားရေးဆက်သွယ်မှုတွေ ပြန်လည်စုစည်းရာမှာ ခရိုနီလုပ်ငန်းရှင်တွေကို ပြန်လည်အသုံးချလာတဲ့ လက္ခဏာတခုအဖြစ် မြင်နိုင်ပါတယ်။

ဦးထွန်းမြင့်နိုင် ခေါ် Steven Law ကတော့ Asia World Group နဲ့ ဆက်စပ်နေတဲ့ လုပ်ငန်းရှင်ဖြစ်ပြီး မြန်မာစစ်အစိုးရအဆက်ဆက်နဲ့ နီးစပ်ခဲ့သူအဖြစ် နိုင်ငံတကာသတင်းတွေမှာ အကြိမ်ကြိမ် ဖော်ပြခံခဲ့ရသူ ဖြစ်ပါတယ်။

Asia World Group ဟာ ဆိပ်ကမ်း၊ လေဆိပ်၊ ဆောက်လုပ်ရေး၊ အခြေခံအဆောက်အအုံ၊ စွမ်းအင်နဲ့ ကုန်သွယ်ရေးကဏ္ဍတွေမှာ ပါဝင်ပတ်သက်ခဲ့တဲ့ မြန်မာနိုင်ငံရဲ့ အကြီးမားဆုံး လုပ်ငန်းစုတွေထဲက တခုအဖြစ် လူသိများပါတယ်။

Steven Law ဟာ တရုတ်နဲ့ စီးပွားရေးဆက်ဆံရေးရှိသူအဖြစ်လည်း အစဉ်အလာအားဖြင့် သိရှိခံထားရပြီး မြန်မာစစ်အစိုးရအဆက်ဆက်နဲ့ နီးစပ်မှုကြောင့် “ခရိုနီ” လုပ်ငန်းရှင်အဖြစ် ဝေဖန်ခံခဲ့ရသူ ဖြစ်ပါတယ်။

ဒါ့အပြင် သူဟာ မြစ်ဆုံလို စီမံကိန်းကြီးမှာ တိုက်ရိုက်ပါဝင်နေသူလည်း ဖြစ်ပါတယ်။ သူ့လို လုပ်ငန်းရှင်တယောက် တရုတ်ခရီးစဉ်မှာ ပါဝင်လာတာဟာ တရုတ်ရဲ့ အခြေခံ အဆောက်အအုံစီမံကိန်းတွေ၊ ဆိပ်ကမ်း၊ လမ်းကြောင်း၊ နယ်စပ်ကုန်သွယ်ရေးနဲ့ ကုန်စည်ပို့ဆောင်ရေးစနစ်တွေကို စစ်အုပ်စုအောက်မှာ ပြန်လည်တိုးချဲ့နိုင်ရေးနဲ့ ဆက်စပ်နိုင်တယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013