DVB Logo
Home
Lead Story
မြန်မာနိုင်ငံက တရားမဝင် မြေရှားသတ္တုတူးဖော်ခြင်းရဲ့ ဆိုးကျိုးများ
DVB
·
December 19, 2025
မြန်မာနိုင်ငံက တရားမဝင် မြေရှားသတ္တုတူးဖော်ခြင်းရဲ့ ဆိုးကျိုးများ
Donate to DVB

၂၀၂၅ ခုနှစ် အစောပိုင်းတုန်းက ဆီယန်ဆိုတဲ့ လူတယောက်ဟာ အလုပ်ရှာဖို့အတွက် တရုတ်-မြန်မာနယ်စပ် ရှမ်းပြည်နယ်အရှေ့ပိုင်းက တောင်တန်းတွေဆီ ခရီးထွက်လာခဲ့ပါတယ်။

မြန်မာ့အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ထိန်းချုပ်နယ်မြေထဲက မြေရှားသတ္တု လုပ်ကွက်အသစ်တွေမှာ တရုတ်ကုမ္ပဏီတွေက ဝန်ထမ်းခေါ်နေတယ်လို့ သူငယ်ချင်းတယောက်ဆီက ကြားခဲ့လို့ပါ။ တလကို ဒေါ်လာ ၁,၄၀၀ (မြန်မာငွေ သိန်း ၄၀/၅၀ ဝန်းကျင်) လောက် ရမယ်လို့လည်း သတင်းကြားထားပါတယ်။

၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံရဲ့ စီးပွားရေးစနစ် ပြိုလဲလာပါတယ်။ လူဦးရေ ထက်ဝက်နီးပါးဟာ တရက်ကို ၂ ဒေါ်လာ (မြန်မာငွေ ၆,၀၀၀/၇,၀၀၀ ဝန်းကျင်) အောက်နဲ့ ရပ်တည်နေရပါတယ်။ ဒီလိုနိုင်ငံမျိုးမှာ ဒီလစာက လက်လွှတ်မခံနိုင်စရာ အခွင့်အရေးတခုပါပဲ။ ဒါကြောင့် ဆီယန်ဟာ မိုင်းပေါက်မြို့ဘက်ကို ကားနဲ့ထွက်လာပြီး အဲဒီကနေမှတဆင့် တောနက်တွေထဲကို ဆိုင်ကယ်နဲ့ နာရီပေါင်းများစွာ မောင်းနှင်ခဲ့ပါတယ်။

ဒါပေမဲ့ တကယ်တမ်း အလုပ်လုပ်ရတဲ့အခါမှာတော့ တနေ့လုပ်အားခ ၂၁ ဒေါ်လာလောက်ပဲ ရပါတယ်။ သူလုပ်ရတဲ့အလုပ်က မြေကျင်းတူး၊ ပိုက်တွေ လိုက်တပ်ဆင်ရတဲ့ အလုပ်မျိုး ဖြစ်ပါတယ်။ ဒါက တောင်တွေထဲကို အက်ဆစ်ရည်တွေ ထိုးထည့်တဲ့ လုပ်ငန်းစဉ်ရဲ့ ပထမအဆင့်ပါ။ အဲဒီကထွက်လာတဲ့ အရည်တွေကို ပလတ်စတစ်ခင်းထားတဲ့ ကန်တွေထဲ စုဆောင်းရပါတယ်။ အဲဒီကနေမှ ကမ္ဘာက အလိုချင်ဆုံးဖြစ်တဲ့ ရှားပါးသတ္တုလေးတွေ (ဥပမာ - dysprosium နဲ့ terbium) ကို စစ်ယူရတာပါ။ ရလာတဲ့ အနယ်အနှစ်တွေကို မီးဖိုတွေနဲ့ရှို့ပြီးမှ အမှုန့် (rare earth oxides) ဖြစ်အောင် လုပ်ရတာပါ။

ကမ္ဘာ့နိုင်ငံရေး အပြောင်းအလဲတွေနဲ့ ဝယ်လိုအား မြင့်တက်လာတာကြောင့် မြန်မာနိုင်ငံမှာ ဒီလုပ်ငန်းတွေ တွင်ကျယ်လာပါတယ်။ ဆီယန်လိုပဲ ထောင်ပေါင်းများစွာသော လုပ်သားတွေဟာ တရုတ်နယ်စပ်က လုပ်ကွက်တွေဆီ နေ့စဉ် ရောက်လာနေကြပါတယ်။ ဒါပေမဲ့ ဒီလုပ်ငန်းရဲ့ ဆိုးကျိုးတွေက အလုပ်သမားတွေ၊ ဒေသခံတွေနဲ့ သဘာဝပတ်ဝန်းကျင်အပေါ် အကြီးအကျယ် သက်ရောက်နေပါတယ်။

ဇူးရစ်တက္ကသိုလ်က နိုင်ငံရေးပထဝီဝင်ပညာရှင် ဂျက်စနီယာဆာမာက “မြေရှားသတ္တု တူးဖော်တာက အဆိပ်သင့်မှု ဆိုးကျိုးတွေ အရမ်းများပါတယ်။ မြစ်ချောင်းတွေ အဆိပ်သင့်မယ်၊ မြေကြီးတွေ ပျက်စီးမယ်၊ ရောဂါဘယတွေ ထူပြောပြီး လူတွေ နေစရာပျောက်ကုန်ကြတယ်” လို့ ပြောပါတယ်။

တရုတ်နိုင်ငံမှာ ကမ္ဘာ့မြေရှားသတ္တု သန့်စင်စက်ရုံ အများစု ရှိပါတယ်။ ဒါပေမဲ့ ၂၀၁၀ ပြည့်လွန်နှစ်တွေလောက်ကစပြီး သဘာဝပတ်ဝန်းကျင် ထိခိုက်မှုတွေ ထင်ရှားလာလို့ ပြည်တွင်းမှာ တူးဖော်တာကို တရုတ်အစိုးရက ကန့်သတ်လိုက်ပါတယ်။ အဲဒီနောက်ပိုင်း လုပ်အားခသက်သာပြီး စည်းကမ်းဥပဒေ မရှိသလောက်ဖြစ်နေတဲ့ မြန်မာဘက်ခြမ်းကို လုပ်ငန်းတွေ ရွှေ့လာကြတာ ဖြစ်ပါတယ်။

ဒီလုပ်ငန်းက အရမ်းလျှို့ဝှက်ပါတယ်။ လုံခြုံရေးအရ နာမည်မဖော်လိုတဲ့ မြန်မာသတင်းထောက်တယောက်က ၂၀၂၅ စက်တင်ဘာလတုန်းက မိုင်းပေါက်နားက လုပ်ကွက်တွေကို သွားရောက်သတင်းယူခဲ့ပါတယ်။ တရုတ်ကုမ္ပဏီတွေက ‘ဝ’ နယ်မြေထဲမှာ အကြီးအကျယ် တိုးချဲ့လုပ်ကိုင်နေတာကို အတည်ပြုနိုင်ခဲ့ပါတယ်။ ရေထုညစ်ညမ်းတာ၊ သစ်တောပြုန်းတီးတာ၊ ကျန်းမာရေး ထိခိုက်တာနဲ့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေ ပျက်စီးတာတွေကို ကိုယ်တွေ့ မြင်ခဲ့ရပါတယ်။

မြေရှားသတ္တု ၁၇ မျိုး ရှိပါတယ်။ ကမ္ဘာမြေလွှာမှာ နေရာအနှံ့ ရှိပေမဲ့ ဂေဟစနစ်၊ နိုင်ငံရေးနဲ့ စီးပွားရေး အခြေအနေတွေကြောင့် နေရာနည်းနည်းမှာပဲ ထုတ်လုပ်နိုင်ပါတယ်။ လျှပ်စစ်ကားတွေ၊ လေရဟတ်တွေ၊ စစ်လက်နက်ပစ္စည်းတွေနဲ့ အဆင့်မြင့် နည်းပညာပစ္စည်းတွေ ထုတ်လုပ်ရာမှာ အဆိုပါသတ္တုတွေက မရှိမဖြစ် လိုအပ်ပါတယ်။

အင်အားကြီးနိုင်ငံတွေက ဒါကို “မဟာဗျူဟာမြောက် သတ္တုများ” လို့ သတ်မှတ်ထားကြပါတယ်။ အကြောင်းကတော့ စီးပွားရေးနဲ့ နိုင်ငံ့လုံခြုံရေးအတွက် အရေးပါပေမဲ့ ထောက်ပံ့ရေးလမ်းကြောင်း ပြတ်တောက်နိုင်တဲ့ အန္တရာယ် ရှိလို့ပါပဲ။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အခွန်တွေ တိုးကောက်တဲ့အခါ တရုတ်ကလည်း မြေရှားသတ္တု တင်ပို့မှုကို ကန့်သတ်ပြီး လက်တုံ့ပြန်ခဲ့ပါတယ်။ ဒါဟာ အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲရဲ့ အဓိကလက်နက်တခု ဖြစ်လာပါတယ်။

တရုတ်က မြေရှားသတ္တု အများစုကို သန့်စင်ထုတ်လုပ်နေပေမဲ့ ကုန်ကြမ်း တော်တော်များများကတော့ မြန်မာဆီက ရနေတာပါ။ ဒါကြောင့် မြန်မာနိုင်ငံဟာ ကမ္ဘာ့မြေရှားသတ္တု တူးဖော်ရေးအတွက် စတေးခံမြေတခု ဖြစ်လာနေပါတယ်။ သူများတွေ အကျိုးရှိဖို့အတွက် ဒီဒေသကလူတွေက ဆိုးကျိုးတွေကို ခါးစည်းခံနေရတာပါ။

မြန်မာနိုင်ငံမှာ ဒီလုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်စာရင်းတွေကို လူထုက ကြည့်ခွင့်မရပါဘူး။ ဒါပေမဲ့ ISP-Myanmar ရဲ့ သုတေသနအရ ၂၀၁၇ ကနေ ၂၀၂၄ ခုနှစ်အတွင်း တရုတ်ရဲ့ မြေရှားသတ္တု တင်သွင်းမှု သုံးပုံနှစ်ပုံ (၆၆ ရာခိုင်နှုန်း) ခန့်ဟာ မြန်မာနိုင်ငံကနေ လာတာဖြစ်ကြောင်း တရုတ်အကောက်ခွန် စာရင်းတွေမှာ တွေ့ရပါတယ်။

Myanmar Witness နဲ့ Mizzima သတင်းဌာနတို့ ပူးပေါင်းပြီး ဂြိုဟ်တုဓာတ်ပုံတွေကို လေ့လာကြည့်ရာမှာလည်း နယ်စပ်တလျှောက် တူးဖော်ရေးလုပ်ကွက် ရာပေါင်းများစွာ ရှိနေတာကို တွေ့ရပါတယ်။ ဒီဒေသတွေဟာ ၁၉၄၈ လွတ်လပ်ရေးရပြီးကတည်းက ဗဟိုအစိုးရနဲ့ အဆင်မပြေတဲ့ တိုင်းရင်းသားလူမျိုးတွေ နေထိုင်ရာ ဒေသတွေပါ။ စစ်တပ်က တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အပစ်အခတ်ရပ်စဲရေး လုပ်ထားပြီး နယ်စပ်ဖြတ်ကျော် စီးပွားရေးလုပ်ငန်းတွေကို ခွင့်ပြုပေးထားတာပါ။ တခါတလေ အမြတ်ဝေစု ခွဲယူတာမျိုးတွေလည်း ရှိပါတယ်။

“ဒီနယ်စပ်ဒေသတွေမှာ သယံဇာတ ထုတ်ယူမှုလှိုင်းလုံးတွေ တခုပြီးတခု ဖြစ်ခဲ့ဖူးပါတယ်။ ကျွန်းသစ်၊ ဘိန်း၊ ကျောက်စိမ်း၊ ပယင်း၊ ငှက်ပျော၊ အခုတော့ သတ္တုတွေပေါ့” လို့ ဂျက်စနီယာ ဆာမာက ပြောပါတယ်။

“တိုင်းရင်းသား လက်နက်ကိုင်တွေက သူတို့ရပ်တည်ရေးအတွက် တရုတ်နဲ့ စီးပွားရေး လုပ်ရပါတယ်။ တရုတ်က သယံဇာတလိုတယ်၊ ဆယ်စုနှစ်ချီ စစ်ဖြစ်နေတဲ့ ဒေသခံတွေကလည်း အသက်ရှင်ဖို့ ဒါကို မှီခိုနေရပါတယ်” လို့ သူက သုံးသပ်ပါတယ်။

၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း တရားဥပဒေစိုးမိုးမှု ပျက်ပြားသွားတဲ့အခါ သယံဇာတ တူးဖော်ထုတ်လုပ်မှုတွေ ပိုဆိုးလာပါတယ်။ ၂၀၂၄ အောက်တိုဘာလတုန်းက ကချင်ပြည်နယ် ပန်ဝါမြို့ကို တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်လိုက်ပါတယ်။ အဲဒီအခါ စစ်ကောင်စီကို ထောက်ခံတဲ့ တရုတ်က နယ်စပ်ဂိတ်ကို ပိတ်လိုက်ပါတယ်။ တနှစ်ကျော်ကြာတဲ့အထိ ကချင်ဘက်မှာ လုပ်ငန်းတွေ ပြန်မလည်ပတ်နိုင်သေးပါဘူး။ ဒါကြောင့် တရုတ်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိတဲ့ UWSA ထိန်းချုပ်ရာ ရှမ်းပြည်နယ်ဘက်မှာ လုပ်ကွက်အသစ်တွေ ပေါ်လာတာပါ။

လန်ဒန် SOAS တက္ကသိုလ်က သုတေသီ ရွှီဖင်က “အရင်က ရှာဖွေရေးအဆင့်လောက်ပဲ ရှိရာကနေ တရုတ်နဲ့ နီးကပ်တဲ့ဆက်ဆံရေး ရှိတာကို အခွင့်ကောင်းယူပြီး အကြီးအကျယ် ထုတ်လုပ်တဲ့အဆင့်ကို ရောက်လာပါပြီ” လို့ ပြောပါတယ်။

ဒီနှစ်အစောပိုင်းမှာ “ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF)” က ရှမ်းပြည်နယ်က တူးဖော်ရေးလုပ်ငန်းတွေကို ဂြိုဟ်တုဓာတ်ပုံတွေနဲ့ ပထမဆုံးအကြိမ် ဖွင့်ချခဲ့ပါတယ်။ ဝါရှင်တန်ဒီစီ အခြေစိုက် Stimson Center ရဲ့ ထပ်မံလေ့လာချက်အရ တရုတ်နယ်စပ်နားမှာ လုပ်ကွက် ၆၃ ခုနဲ့ ထိုင်းနယ်စပ်နားမှာ ၂ ခုရှိတာ တွေ့ရပါတယ်။ တချို့က ၂၀၁၅ ကတည်းက ရှိနေတာဖြစ်ပြီး အများစုကတော့ အာဏာသိမ်းပြီးမှ ပေါ်လာတာပါ။

ထိုင်းနိုင်ငံဘက်မှာတော့ မြစ်ချောင်းတွေ ညစ်ညမ်းကုန်လို့ လူထုက ကန့်ကွက်ဆန္ဒပြမှုတွေ ရှိလာပါတယ်။ ဒါပေမဲ့ ရှမ်းပြည်နယ်ဘက်မှာတော့ သတင်းအမှောင်ချခံထားရပါတယ်။ ကုမ္ပဏီတွေနဲ့ လက်နက်ကိုင်တွေက နာမည်ပေါက်ကြားမှာစိုးလို့ သတင်းတွေကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားပါတယ်။

မြန်မာ့မြေရှားသတ္တုလုပ်ငန်းက လျှို့ဝှက်လွန်းသလို လူနဲ့ ပတ်ဝန်းကျင်ကိုလည်း ဒုက္ခပေးပါတယ်။ “ဒီနှစ်ထဲမှာပဲ မြေတူးရင်း ပြိုကျလို့ အလုပ်သမားတယောက် မြေပိသေဆုံးခဲ့ပါတယ်။ မိုးကြီးပြီး မြေပြိုကျမှ သူ့အလောင်းကို ပြန်တွေ့တာပါ” လို့ ဆီယန်က ပြောပါတယ်။ ၂၀၂၃ နဲ့ ၂၀၂၄ ခုနှစ်တွေတုန်းက ကချင်ပြည်နယ်မှာ မြေပြိုမှု ၃ ကြိမ် ဖြစ်ခဲ့ပြီး အလုပ်သမား ဒါဇင်နဲ့ချီ သေဆုံး၊ ပျောက်ဆုံးခဲ့ရပါတယ်။

သစ်တောတွေ အကြီးအကျယ် ခုတ်ထွင်တာကြောင့် မြေပြိုရတာလို့ University of Warwick နဲ့ Kachinland Research Center တို့က မတ်လမှာ ထုတ်ပြန်တဲ့ စာတမ်းမှာ ဖော်ပြထားပါတယ်။ မိုင်းလုပ်ဖို့ မြေရှင်းတာအပြင် အနယ်အနှစ်ကနေ အမှုန့်ဖြစ်အောင်ချက်ဖို့ မီးဖိုတွေအတွက် ထင်းလိုလို့ ခုတ်ကြတာပါ။ ချက်လုပ်တဲ့ လုပ်ငန်းစဉ်က ၄၈ နာရီကနေ ၇၂ နာရီအထိ ကြာပါတယ်။ တောင်တွေထဲကို ရေနဲ့ ဓာတုဆေးရည်တွေ ထိုးထည့်တာကလည်း မြေပြိုရတဲ့ အကြောင်းရင်း တချက်ပါ။

ရှမ်းပြည်နယ်က အလုပ်သမားတွေကတော့ မြေပြင်အခြေအနေ ပျက်စီးနေတာကို အခုလို ပြောပြကြပါတယ်။

“လုပ်ကွက်နားက ပတ်ဝန်းကျင်က မိုးတွင်းဆိုရင် မြေပြိုတာ၊ တောင်ပြိုတာ၊ ရေကြီးတာတွေ အမြဲဖြစ်ပါတယ်” လို့ ထမင်းချက်လုပ်သားတဦးက ပြောပါတယ်။

“ကုန်ကားကြီးတွေဆို မြေကျွံတွင်းတွေထဲ ကျကုန်တာမျိုး ခဏခဏပါပဲ။ မြေသားက ပျော့နေတော့ မတော်တဆမှုတွေ ဖြစ်ပြီး သေဆုံးတာတွေ ရှိပါတယ်” လို့ သူက ဆိုပါတယ်။

အဆိပ်ငွေ့ ရှူရှိုက်မိတာနဲ့ ဓာတုပစ္စည်း ထိတွေ့မိတာတွေကလည်း အဓိကပြဿနာပါ။ “အလုပ်သမား တော်တော်များများ အဆုတ်ရောဂါ ခံစားရပါတယ်။ အက်ဆစ်နဲ့ ထိတွေ့ရတော့ အရေပြားတွေ ယားယံတာ၊ အဖုအပိန့်ထွက်တာနဲ့ မျက်စိထိခိုက်တာတွေ ဖြစ်ကြပါတယ်” လို့ ဆီယန်က ပြောပါတယ်။

အနီးအနားက ရွာသားတွေလည်း ခံစားရပါတယ်။ “အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ၊ အရေပြားရောဂါတွေနဲ့ ခေါင်းကိုက်ရောဂါတွေ ပိုအဖြစ်များလာကြောင်း အိမ်ထောင်စု တော်တော်များများက ပြောပါတယ်” လို့ သတင်းထောက်က ဆိုပါတယ်။ ရေထုညစ်ညမ်းမှုကြောင့် ကျန်းမာရေးရော စားဝတ်နေရေးပါ ထိခိုက်မှာကို စိုးရိမ်နေကြပါတယ်။

ဆာလ်ဖျူရစ်အက်ဆစ်၊ နိုက်ထရစ်အက်ဆစ်နဲ့ ဟိုက်ဒရိုကလိုရစ်အက်ဆစ် စတဲ့ အန္တရာယ်ရှိ ဓာတုပစ္စည်းတွေကို သုံးနေတယ်လို့ Myanmar Resource Watch အဖွဲ့က တွေ့ရှိထားပါတယ်။ စည်းကမ်းမဲ့ သုံးစွဲနေကြတာပါ။ ဟိုက်ဒရိုကလိုရစ်အက်ဆစ်ဟာ ရေနေသတ္တဝါတွေကို သေစေနိုင်ရုံသာမက ကက်ဒမီယမ်၊ ခဲ၊ အာဆင်းနစ်၊ ပြဒါး စတဲ့ သတ္တုလေးတွေနဲ့ သိုရီယမ်၊ ယူရေနီယမ်လို ရေဒီယိုသတ္တိကြွ ပစ္စည်းတွေကိုပါ မြေကြီးနဲ့ ကျောက်သားတွေထဲကနေ ပျော်ဝင်ထွက်လာစေပါတယ်။

ရှမ်းပြည်နယ်အတွက် သီးသန့်လေ့လာချက် မရှိသေးပေမဲ့ ကချင်ပြည်နယ်က အခြေအနေကို ကြည့်ရင် ခန့်မှန်းလို့ ရပါတယ်။ ဧပြီလတုန်းက ထိုင်းနိုင်ငံ နရဲစွမ်တက္ကသိုလ်က တာနာပွန်ဖန်ရတ် ဦးဆောင်ပြီး သုတေသန လုပ်ခဲ့ရာမှာ ရေထု ဆိုးဆိုးရွားရွား ညစ်ညမ်းနေတာ၊ အက်ဆစ်ဓာတ် လွန်ကဲနေတာ၊ အမိုးနီးယား၊ ကလိုရိုက်၊ ရေဒီယိုသတ္တိကြွ ပစ္စည်းတွေနဲ့ အဆိပ်သင့် သတ္တုဓာတ်တွေ အလွန်အမင်း မြင့်မားနေတာကို တွေ့ရှိခဲ့ပါတယ်။ ရေထဲမှာပါတဲ့ သတ္တုဓာတ်တွေက ဂေဟစနစ်ကို အန္တရာယ်ပေးနိုင်ပြီး တချို့နေရာတွေက ရေဆိုရင် သောက်သုံးဖို့၊ စိုက်ပျိုးဖို့၊ ငါးမွေးဖို့ လုံးဝ မသင့်တော်တော့ဘူးလို့ ဖော်ပြထားပါတယ်။

မြေရှားသတ္တုတွေကို ရှူရှိုက်မိတာ၊ မျိုချမိတာ၊ ထိတွေ့မိတာတွေက ကိုယ်တွင်းအင်္ဂါတွေကို ပျက်စီးစေနိုင်တယ်လို့ ၂၀၂၄ ခုနှစ် Toxics ဂျာနယ်မှာ ဖော်ပြထားပါတယ်။ အသက်ရှူလမ်းကြောင်း၊ အာရုံကြော၊ နှလုံး၊ မျိုးပွားအင်္ဂါနဲ့ ကိုယ်ခံအားစနစ်တွေကို ထိခိုက်စေပါတယ်။

“လောလောဆယ်တော့ ဒီသတ္တုတူးဖော်ရေးကို ထိန်းချုပ်မှု အားနည်းနေပါသေးတယ်” လို့ University of Lausanne က PhD ကျောင်းသူတယောက်က ပြောပါတယ်။

“ကမ္ဘာကြီး စိမ်းလန်းဖို့အတွက် ဒီသတ္တုတွေ လိုအပ်တယ်ဆိုပေမဲ့ စည်းကမ်းမရှိဘဲ တူးဖော်နေကြတာပါ။ မြန်မာနိုင်ငံက အခြေအနေကို ကြည့်ရင် ‘မဟာဗျူဟာမြောက် သတ္တု’ ဆိုတဲ့ ခေါင်းစဉ်ကို ပြန်စဉ်းစားဖို့ လိုနေပါပြီ။ ပစ္စည်းရရှိရေး တခုတည်း မဟုတ်ဘဲ လူထုဘေးကင်းရေးနဲ့ ပတ်ဝန်းကျင်အရေးကိုပါ ထည့်တွက်သင့်ပါတယ်” လို့ သူက နိဂုံးချုပ်ထားပါတယ်။

အမ်မလီဖစ်ရှ်ဘိန်း / ဂျော်မန်နော်

Ref: Ars Technica 

(Ars Technica ဝက်ဘ်ဆိုက်တွင် ဆောင်းပါးရှင် Emily Fishbein နှင့် Jauman Naw တို့ ရေးသားထားသည့် “In Myanmar, illicit rare-earth mining is taking a heavy toll” ဆောင်းပါးကို ဘာသာပြန်ဆိုဖော်ပြသည်။

Emily Fishbein သည် လွတ်လပ်သော သတင်းထောက်တဦး ဖြစ်ပြီး လက်ရှိတွင် Pulitzer Center ၏ Rainforest Investigations Network ၌ တွဲဖက်သုတေသီအဖြစ် လုပ်ကိုင်နေသူဖြစ်သည်။

Jauman Naw သည် မြန်မာနိုင်ငံ၊ ကချင်ပြည်နယ်က လွတ်လပ်သော စုံစမ်းထောက်လှမ်းရေး သတင်းထောက်တဦးဖြစ်ပြီး သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်တွေကို အဓိကထား ရေးသားနေသူဖြစ်သည်။)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013