အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က AI နည်းပညာကြောင့် ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေအပေါ် ပညာရှင်တွေရဲ့ သတိပေးချက်တွေကို လျှော့ပေါ့ပြောဆိုလိုက်ပြီး တရုတ်ကိုနိုင်ဖို့ ပိုအရေးကြီးတယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။
အိုင်ယာလန်ခရီးစဉ်အတွင်း ထရမ့်ပ်က “ဒီကိစ္စကို မပြောသင့်တဲ့ အဆိုးမြင်အင်အားစုတွေက အရမ်းများနေပြီး တကယ်ဖြစ်လာမှာမဟုတ်တဲ့ အရာတွေကိုပါ ပြောနေကြတယ်” လို့ ပြောပါတယ်။
AI ဖွံ့ဖြိုးမှု အရှိန်လျှော့သင့်တယ်ဆိုတဲ့ တောင်းဆိုမှုတွေကိုတော့ ထရမ့်ပ်က တိုက်ရိုက်မတုံ့ပြန်ခဲ့ပါဘူး။
အဲဒီအစား တရုတ်နဲ့ AI ပြိုင်ဆိုင်မှုမှာ အမေရိကန်က ဦးဆောင်နေဖို့ ပိုအရေးကြီးတယ်လို့ အလေးပေးပါတယ်။
ထရမ့်ပ်က “AI မှာ ကျုပ်တို့က တရုတ်ကို ဦးဆောင်နေတယ်။ ဒီအနေအထားကိုလည်း ဆက်ထိန်းထားချင်တယ်။ ဘာကြောင့်လဲဆိုတော့ AI မှာ ဘယ်သူနိုင်မလဲ၊ အဲဒီသူက အနိုင်ရတာပဲ” လို့ ပြောပါတယ်။
ထရမ့်ပ်အစိုးရက AI နည်းပညာမှာ ကမ္ဘာ့ဦးဆောင်မှုကို ထိန်းထားနိုင်ရေးဟာ အမေရိကန် အမျိုးသားလုံခြုံရေးအတွက် အရေးကြီးတယ်လို့ ယူဆထားပါတယ်။
ရီပတ်ဘလီကန် အောက်လွှတ်တော်ဥက္ကဋ္ဌ မိုက်ဂျွန်ဆင်ကလည်း AI ကို အလျှင်စလို စည်းမျဉ်းချမှတ်ရင် အမေရိကန်ရဲ့ ဆန်းသစ်တီထွင်မှုကို ဖိနှိပ်သလို ဖြစ်သွားနိုင်တယ်လို့ သတိပေးပါတယ်။
ဒီမိုကရက် အောက်လွှတ်တော်ခေါင်းဆောင် ဟာကင်ဂျက်ဖရီးစ်ကတော့ လူထုကိုကာကွယ်ဖို့ AI ဖွံ့ဖြိုးမှုနှုန်းကို နှေးကွေးစေမဲ့ ပြတ်သားတဲ့ ဆောင်ရွက်မှုမျိုး လိုအပ်တယ်လို့ ပြောပါတယ်။
ထရမ့်ပ်ရဲ့ နည်းပညာအကြံပေး ဒေးဗစ်ဆက်ခ်ကတော့ AI ကုမ္ပဏီတွေက အစိုးရစည်းမျဉ်းကို စောင့်မနေဘဲ ကိုယ်တိုင် အန္တရာယ်ထိန်းချုပ်သင့်တယ်လို့ ဆိုပါတယ်။
ဒါကြောင့် AI ဘေးကင်းရေးနဲ့ တရုတ်ကို မကျော်တက်စေဖို့ နည်းပညာဦးဆောင်မှုကို ထိန်းထားရေးကြား ဘယ်လောက်ထိ ချိန်ညှိမလဲဆိုတာ အမေရိကန်နိုင်ငံရေးမှာ အဓိက အငြင်းပွားစရာ ဖြစ်လာပါတယ်။











