DVB Logo
Home
မြန်မာသတင်း
မြန်မာနှင့် ရိုဟင်ဂျာများအတွက် အီးယူက ယူရို ၂၉ သန်း ကူညီမည်
DVB
·
December 19, 2025
မြန်မာနှင့် ရိုဟင်ဂျာများအတွက် အီးယူက ယူရို ၂၉ သန်း ကူညီမည်
Donate to DVB

မြန်မာနိုင်ငံထဲက ပဋိပက္ခဘေးဒဏ်သင့် ပြည်သူတွေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် ဥရောပသမဂ္ဂ (EU) က လူသားချင်းစာနာမှုနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ အကူအညီ ယူရို ၂၉ သန်း ထပ်မံပေးအပ်သွားမယ်လို့ ဒီဇင်ဘာ ၁၈ ရက်က ထုတ်ပြန်လိုက်ပါတယ်။

ဒီရန်ပုံငွေခွဲဝေမှုဟာ မြန်မာနိုင်ငံတွင်း ပိုမိုပြင်းထန်လာတဲ့ ပဋိပက္ခတွေကြောင့် နိုင်ငံတွင်း နေရပ်စွန့်ခွာရသူတွေ ပိုမိုတိုးပွားလာနေချိန်မှာ ထွက်ပေါ်လာတာပါ။

အခုနှစ် အစောပိုင်းတုန်းက မြန်မာနိုင်ငံမှာ ငလျင်လှုပ်ခတ်မှုကြောင့် ကျန်းမာရေး၊ ရေနဲ့ သန့်ရှင်းမှု၊ ပညာရေးကဏ္ဍလို အခြေခံဝန်ဆောင်မှုကဏ္ဍတွေမှာ ပြိုလဲပျက်စီးမှုတွေနဲ့ ငတ်မွတ်ခေါင်းပါးမှုတွေ သိသိသာသာ မြင့်တက်လာတာတွေကြောင့် ပေါ်ပေါက်လာတဲ့ လူသားချင်း စာနာမှုဆိုင်ရာ အကျပ်အတည်းကို တုံ့ပြန်ဖြေရှင်းဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။

ရန်ပုံငွေထဲက ယူရို ၁၅ သန်းကိုတော့ မြန်မာနိုင်ငံအတွင်းက ပဋိပက္ခဒဏ်သင့် အသိုင်းအဝိုင်းတွေအတွက် လူသားချင်းစာနာမှု အကူအညီအဖြစ် သတ်မှတ်ထားပြီး ကျန်တဲ့ ယူရို ၁၄ သန်းကိုတော့ ဘင်္ဂလားဒေ့ရှ်နဲ့ အိမ်နီးချင်းနိုင်ငံတွေမှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ သူတို့ကို လက်ခံထားတဲ့ အိမ်ရှင်တွေအတွက် ဖွံ့ဖြိုးရေး အထောက်အပံ့အဖြစ် ခွဲဝေပေးသွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် အဆိုပါရန်ပုံငွေဟာ ဒီနှစ်အတွင်း မြန်မာနိုင်ငံနဲ့ ဒေသတွင်း အကျပ်အတည်းအတွက် EU က ပေးအပ်ထားပြီးသား ယူရို သန်း ၅၀ နီးပါးအပြင် ထပ်ဆောင်း ထောက်ပံ့မှုလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲက ကော့ဇ်ဘဇား ဒုက္ခသည်စခန်းမှာတော့ လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်က တည်းက မြန်မာစစ်တပ်ရဲ့ လူမျိုးတုံး သုတ်သင်ရှင်းလင်းမှုတွေကြောင့် ထွက်ပြေးခိုလှုံလာတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၁ ဒသမ ၂ သန်းကျော်ကို လက်ခံထားတာပါ။

ဘင်္ဂလားဒေ့ရှ်အတွက် ကြီးမားတဲ့ ကိစ္စတခုလို ဖြစ်နေတဲ့ ရိုဟင်ဂျာတွေအတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းနဲ့ ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရ ခေါင်းဆောင် မိုဟာမက်ဒ် ယူနွတ်စ်က ဒီအရေးအပေါ်  နိုင်ငံတကာက အာရုံစိုက်ဖို့ တိုက်တွန်းထားပါတယ်။

ဒါ့အပြင် လူမျိုးတုံးသတ်ဖြတ်မှုတွေနဲ့ ဖိနှိပ်မှုတွေကြားက ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး ဆွေးနွေးဖို့အတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အခုနှစ် မတ်လတုန်းက သွားရောက်ခဲ့ပါသေးတယ်။

မြန်မာနိုင်ငံတဝန်းမှာတော့ အခုနှစ် နိုဝင်ဘာလအထိ ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးရသူ ဦးရေ ၃ ဒသမ ၆ သန်း ရှိလာပြီလို့ ကုလသမဂ္ဂက ခန့်မှန်းထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013