DVB Logo
Home
မြန်မာသတင်း
KNLA ဖမ်းထားသည့် PDF များ ပြန်လွှတ်ရန် ညှိနှိုင်းမှု အဆင်ပြေ
DVB
·
December 19, 2025
KNLA ဖမ်းထားသည့် PDF များ ပြန်လွှတ်ရန် ညှိနှိုင်းမှု အဆင်ပြေ
Donate to DVB

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်မှာ ဖမ်းဆီးခံထားရတဲ့ NUG အထူးတိုင်းစစ်ဌာန ဗျူဟာမှူးနဲ့ တပ်ဖွဲ့ဝင်တွေ မိခင်တပ်ရင်းဆီ ပြန်ရောက်ဖို့ ညှိနှိုင်းမှု အဆင်ပြေတယ်လို့ ဖမ်းဆီးခံရတဲ့ထဲမှာ ပါဝင်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အထူးတိုင်းစစ်ဌာနက အမှတ် ၃၃ နည်းဗျူဟာမှူး ရဲဘော်ကိုဘိတ်က သူရဲ့လူမှုကွန်ရက်မှာ ပြောထားပါတယ်။

NUG အထူးတိုင်းစစ်ဌာနက အမှတ် ၃၃ နည်းဗျူဟာမှူး ရဲဘော်ကိုဘိတ်က “မဟာမိတ် KNLA မှ တာဝန်ရှိလူကြီးတွေနဲ့ ညှိနှိုင်းမှု အဆင်ပြေတဲ့အတွက် မကြာခင် အထိန်းသိမ်းခံထားရတဲ့ ရဲဘော်တွေအားလုံး လက်နက်နဲ့အတူ မိခင်တပ်ရင်းဆီ ပြန်ရောက်မှာပါ။ ကျနော်တို့ တော်လှန်ညီအစ်ကိုတွေ နားလည်မှုလွဲတာ အနည်းအကျဥ်းပဲ ရှိပါတယ်” လို့ ဒီဇင်ဘာ ၁၈ ရက်မှာ ပို့စ်တင်ထားတာပါ။

ဒီဖြစ်စဥ်မှာ KNLA တပ်မဟာ ၄ အောက်က တပ်ရင်း ၁၂ တပ်ခွဲ ၂ ရဲ့ ရဲဘော်တွေနဲ့ NUG တနင်္သာရီတိုင်းစစ်ဌာနရဲ့ တပ်ရင်း ၂ က ရဲဘော်တွေ အချင်းများရာကနေ အခုလို ရဲဘော်တွေ အဖမ်းခံရတာဖြစ်ပြီး တပ်ပိုင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းအတိုင်း အကြောင်းကြား မဆောင်ရွက်ဘဲ ဖမ်းဆီးလိုက်တဲ့အတွက် ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ကနက်သီရိရွာမှာ ဒီဇင်ဘာ ၁၇ ရက် မနက်ပိုင်းလောက်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၁၂ က ထားဝယ်ခရိုင် အမှတ် ၂ တပ်ရင်းမှ PDF ရဲဘော်တွေနဲ့ ထောက်ပို့တွေ အယောက် ၂၀ ကျော်ကို ဖမ်းဆီးခဲ့တာလို့  တော်လှန်ရေးတပ်ဖွဲ့နဲ့ နီးစပ်သူတွေက ပြောပါတယ်။

တော်လှန်ရေးတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က “ကျနော်တို့ ပြည်သူတွေကတော့ တော်လှန်ရေးအဖွဲ့ အားလုံးနဲ့ လက်တွဲပြီး လုပ်တာကိုပဲ လိုလားတယ်။ အခုလိုကိစ္စတွေက တော်လှန်ရေးအတွက် ဆိုးဆိုးဝါးဝါး ထိခိုက်တာပေါ့” လို့ ပြောပါတယ်။

ဖမ်းဆီးတဲ့အဖွဲ့က KNLA တပ်ရင်း ၁၂ က ဖိုးသောကြာ ဦးဆောင်တဲ့အဖွဲ့လို့ မြေပြင်အခြေအနေ သိရှိသူတယောက်က ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး လက်ရှိ ညှိနှိုင်းဆွေးနွေးနေတဲ့ အခြေအနေတွေကို NUG နဲ့ KNLA တပ်မဟာ ၄ ဘက်ကို  ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013