DVB Logo
Home
နိုင်ငံတကာ
၂၀၂၉ ခုနှစ်ကစပြီး အော်စကာဆုပေးပွဲကို YouTube မှတိုက်ရိုက်ထုတ်လွှင့်မည်
DVB
·
December 19, 2025
၂၀၂၉ ခုနှစ်ကစပြီး အော်စကာဆုပေးပွဲကို YouTube မှတိုက်ရိုက်ထုတ်လွှင့်မည်
Donate to DVB

အော်စကာဆုပေးပွဲကို ၂၀၂၉ ခုနှစ်ကစပြီး YouTube ကနေ တိုက်ရိုက်ထုတ်လွှင့်သွားမယ်လို့ ဆုပေးပွဲအဖွဲ့က ကြေညာလိုက်ပါတယ်။

အော်စကာဆုပေးပွဲဟာ ရုပ်ရှင်ထူးချွန်ဆုတွေထဲမှာ အမြင့်ဆုံးဆုအဖြစ် သတ်မှတ်ခံထားရပြီး ABC ရုပ်သံကနေ ၁၉၇၆ ခုနှစ်ကတည်းက နှစ်စဉ် ထုတ်လွှင့်လာခဲ့တာဖြစ်ပါတယ်။ 

လက်ရှိမှာတော့ ရုပ်သံကြည့်ရှုမှုထက် အွန်လိုင်းကနေ ကြည့်ရှုသူ ပိုများလာတာကြောင့် ဟောလိဝုဒ်ဆုပေးပွဲအများစုရဲ့ ကြည့်ရှုမှုဟာ အွန်လိုင်းဘက်ကို ပိုမို ရွှေ့ပြောင်းလာနေတာ ဖြစ်ပါတယ်။

၂၀၂၅ ခုနှစ် အော်စကာဆုပေးပွဲကို မတ်လအတွင်း ကျင်းပခဲ့ရာ အမေရိကန်မှာ ကြည့်ရှုသူ ၁၉ ဒသမ ၇ သန်းသာ ရှိခဲ့ပြီး ၁၉၉၈ ခုနှစ်အတွင်း ကြည့်ရှုသူ ၅၇ သန်း ရှိခဲ့တာနဲ့ နှိုင်းယှဉ်ကြည့်ရင် အရမ်းကွာခြားနေပါတယ်။ ဒီနှစ် အော်စကာဆုပေးပွဲကိုတော့ Live Stream ထုတ်လွှင့်တဲ့ Hulu ကနေပါ ပြသခဲ့တာ ဖြစ်ပါတယ်။

YouTube က အော်စကာဆုပေးပွဲ ထုတ်လွှင့်မှုနဲ့ ပတ်သက်တဲ့ သဘောတူညီချက်စာချုပ် အသေးစိတ်ကိုတော့ ထုတ်ပြန်ကြေညာထားခြင်း မရှိသေးပါဘူး။ တခြားဘက်မှာတော့ ABC အနေနဲ့ အော်စကာဆုပေးပွဲအတွက် အရင်ကထက် ငွေပိုပေးဖို့ ဆန္ဒမရှိဘူးလို့ အတွင်းသတင်းတွေက ဖော်ပြထားပါတယ်။

YouTube ကနေ အော်စကာဆုပေးပွဲကို ထုတ်လွှင့်တဲ့အခါ စာတမ်းထိုး (subtitles) ကို ပိတ်ထားပြီး ကမ္ဘာတဝန်းက ပရိသတ်တွေ ကြည့်ရှုနိုင်အောင် ဘာသာစကားအမျိုးမျိုးနဲ့ တိုက်ရိုက်ထုတ်လွှင့်သွားမယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အော်စကာဆုပေးပွဲအဖွဲ့နဲ့ YouTube တို့ဟာ တိုက်ရိုက်ထုတ်လွှင့်မှုကို ၂၀၂၉ ခုနှစ်က စတင်ပြီး ၂၀၃၃ ခုနှစ်အထိ လုပ်ဆောင်သွားဖို့ သဘောတူထားကာ YouTube ရဲ့ ကမ္ဘာလုံးဆိုင်ရာ ရောက်ရှိနိုင်မှုကြောင့် အကျိုးအမြတ် ပိုများနိုင်တယ်လို့ ဆုပေးပွဲအဖွဲ့က ပြောထားပါတယ်။

ဒါ့အပြင် YouTube က အကယ်ဒမီရဲ့ Governor ဆုနဲ့ အော်စကာ ဆန်ခါတင်စာရင်းတွေကိုပါ ပြသသွားမှာ ဖြစ်ပါတယ်။

တခြားဘက်မှာတော့ ABC ရုပ်သံက ၂၀၂၆၊ ၂၀၂၇ နဲ့ ၂၀၂၈ ခုနှစ်အတွက် အော်စကာဆုပေးပွဲတွေကို ဆက်လက် ထုတ်လွှင့်သွားမှာဖြစ်ပြီး အော်စကာဆုပေးပွဲ နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်ပွဲကိုပါ ထုတ်လွှင့်ခွင့် ရရှိထားပါတယ်။

Source:Reuters

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013