DVB Logo
Home
နိုင်ငံတကာ
အော်စကာဆုပေးပွဲတွင် “Anora” ရုပ်ရှင်က ဆုအများဆုံးဖြင့် အောင်ပွဲခံ
DVB
·
March 3, 2025
အော်စကာဆုပေးပွဲတွင် “Anora” ရုပ်ရှင်က ဆုအများဆုံးဖြင့် အောင်ပွဲခံ
Donate to DVB

၉၇ ကြိမ်မြောက် အော်စကာ အကယ်ဒမီဆုပေးပွဲမှာ အင်ဒီးရုပ်ရှင်တခုဖြစ်တဲ့ “Anora” ဟာ အကောင်းဆုံးရုပ်ရှင်ဆု အပါအဝင် အော်စကာဆု ၅ ဆုအထိ အများဆုံးပိုင်ဆိုင်နိုင်ခဲ့တယ်လို့ သိရပါတယ်။

မတ် ၃ ရက်က ဟောလိဝုဒ်ရဲ့ Dolby Theater မှာ ရုပ်ရှင်လောကရဲ့ အမြင့်ဆုံးဆုပေးပွဲကို ကျင်းပခဲ့တာဖြစ်ပြီး ABC ရုပ်သံကနေ တိုက်ရိုက်ထုတ်လွှင့်ခဲ့ပါတယ်။

တနှစ်တာအကောင်းဆုံးဇာတ်ကားဖြစ်လာတဲ့ “Anora” က အမျိုးသမီးဇာတ်ဆောင်ဆု၊ ရုပ်ရှင်တည်းဖြတ်ဆု၊ မူရင်းဇာတ်ညွှန်းဆုနဲ့ ဒါရိုက်တာဆု စတဲ့ အော်စကာဆု ၅ ဆုအထိ သိမ်းပိုက်နိုင်ခဲ့တာပါ။

“Anora” ရုပ်ရှင်ဟာ အသက်ငယ်ရွယ်သူ ပြည့်တန်ဆာတယောက်နဲ့ ရုရှားခရိုနီတယောက်ရဲ့ သားဖြစ်သူကြားက အချစ်ဇာတ်လမ်းကို စိတ်ဝင်စားဖွယ် ပုံဖော်ထားတဲ့ ဟာသ-ဒရမ်မာ အမျိုးအစားလည်း ဖြစ်ပါတယ်။

“Anora” ရဲ့ ပဲ့ကိုင်ရှင်ဖြစ်သူ ဒါရိုက်တာ ရှောင်ဘိတ်ခ်ကာ (Sean Baker) ဟာ ရုပ်ရှင်တကားတည်းမှာ အော်စကာဆု ၄ ဆု အရယူခဲ့တဲ့ ပထမဆုံးပုဂ္ဂိုလ် ဖြစ်လာခဲ့ပါတယ်။

အသက် ၂၅ နှစ်သာ ရှိသေးတဲ့ မိုက်ကီ မတ်ဒီဆင် (Mikey Madison) ကတော့ “Anora” ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးသရုပ်ဆောင်ဆုကို ရရှိခဲ့တာကြောင့် “ဒါဟာ တကယ်မယုံနိုင်စရာပါပဲ” လို့ မှတ်ချက်ပြုပါတယ်။

အခုနှစ် ဆုပေးပွဲမှာ ပထမဆုံးအကြိမ် အော်စကာရရှိသူတွေ များပြားခဲ့တဲ့အလျောက် မမေ့နိုင်စရာညတည ဖြစ်တယ်ဆိုပြီး ဖော်ပြထားပါတယ်။

“The Brutalist” ရုပ်ရှင်ရဲ့ အဓိကဇာတ်ဆောင် အေဒရီယန် ဘရိုဒီက (Adrien Brody) အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို အရယူနိုင်ခဲ့သလို ဆန်ခါတင်စာရင်းဝင်တဲ့ ၂ ကြိမ်စလုံးမှာ အော်စကာ ၂ ဆုရရှိတဲ့ ပထမဆုံးသရုပ်ဆောင် ဖြစ်လာခဲ့ပါတယ်။

ဒါ့အပြင် အမေရိကန်ဒီဇိုင်နာ ပေါလ် တေ့ဇ်ဝဲလ် (Paul Tazewell) ကလည်း “Wicked” ရုပ်ရှင်နဲ့အတူ အကောင်းဆုံးဝတ်စုံဒီဇိုင်းဆုကို ရရှိခဲ့တဲ့ ပထမဆုံး လူမည်းအမျိုးသားအဖြစ် မှတ်တမ်းစိုက်ထူနိုင်ခဲ့ပါတယ်။

အဲဒီနောက် ကြောင်လေးတကောင်ရဲ့ စွန့်စားခန်းအကြောင်းကို ဒိုင်ယာလော့ဂ်မပါဘဲ တင်ဆက်ထားတဲ့ လတ်ဗီးယားရုပ်ရှင် “Flow” က အကောင်းဆုံး အန်နီမေးရှင်းဆု ရရှိသွားပါတယ်။

အခြားဆုပေးပွဲကြီးတွေမှာပါ ဆက်တိုက်အောင်ပွဲခံနိုင်ခဲ့တဲ့ “A Real Pain” ရုပ်ရှင်ထဲက ကီရန်-ကော်လ်ကင် (Kieran Culkin) နဲ့ “Emilia Perez” ဇာတ်ကားထဲက ဇိုဝီ-ဆယ်လ်ဒါးနား (Zoe Saldana) တို့ဟာ အမျိုးသားနဲ့ အမျိုးသမီး ဇာတ်ပို့ဆုတွေကို အသီးသီး သိမ်းပိုက်နိုင်ခဲ့ပါတယ်။

အော်စကာ ဆန်ခါတင်စာရင်းမှာ ၁၃ နေရာအထိ အများဆုံးပါဝင်လာတဲ့ “Emilia Perez” ဇာတ်ကားဟာ ဆု ၂ ဆုနဲ့သာ ကျေနပ်ခဲ့ရပါတယ်။

“Dune : Part Two” ရုပ်ရှင်ကတော့ အကောင်းဆုံးနောက်ခံအသံ (Best sound) နဲ့ အထူးပြုလုပ်ချက်ဆု (Visual Effects) တွေကို ရယူနိုင်ခဲ့ကြောင်း သိရပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013