DVB Logo
Home
မြန်မာသတင်း
ထိုင်းတွင် ကလေးများအပါအဝင် တရားမဝင် မြန်မာ ၈၀ နီးပါး ဖမ်းဆီးခံရ 
DVB
·
December 18, 2025
ထိုင်းတွင် ကလေးများအပါအဝင် တရားမဝင် မြန်မာ ၈၀ နီးပါး ဖမ်းဆီးခံရ 
Donate to DVB

ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်လုပ်ကိုင်ဖို့ ကြိုးစားတဲ့ မြန်မာလုပ်သားတွေ နေ့စဉ်လို ဖမ်းဆီးခံ‌နေရတာမှာ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း အယောက် ၈၀ နီးပါး ဖမ်းဆီးခံရပြီး မှီခိုသူ ကလေးငယ်တွေပါ ပါဝင်တယ်လို့ ထိုင်းသတင်းတွေအရ သိရပါတယ်။ 

အဆိုပါ မြန်မာ ၈၀ နီးပါးဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၆ ရက်က ထိုင်းအလယ်ပိုင်း ဆုဖန်းပူးရီးခရိုင်နဲ့ ကန်ကျနပူရီခရိုင်ထဲမှာ ဖမ်းဆီးခံခဲ့ရတာပါ။

ဒီဇင်ဘာ ၁၆ ရက်က ဆုဖန်းပူးရီးခရိုင် ဒွန်းကျေဒီမြို့နယ် ဒန်ချန့်နဲ့ အူထောင်းသွား လမ်းမကြီးအနီး တောစပ်ထဲမှာ စားသောက်ပြီးသား ထမင်းဘူးခွံ၊ ရေဘူးအလွတ်နဲ့ မုန့်ထုတ်ခွံတွေ ပြန့်ကျဲနေတာတွေ့လို့ ရွာသားတွေက တာဝန်ရှိသူတွေကို သွားရောက် တိုင်ကြားခဲ့ပါတယ်။ 

အမှတ် ၇ တိုင်းဒေသရဲတပ်ဖွဲ့ နဲ့ အဝေးပြေးလမ်းတာဝန်ကျရဲတွေဟာ အဆိုပါနေရာကို သွားရောက် စစ်ဆေးခဲ့တယ်၊ တရားမဝင် ဝင်ရောက်လာသူတွေ လာရောက်နားခိုရာနေရာဖြစ်မယ်လို့ ယူဆပြီး အဲဒီအနီးနားတဝိုက်ကို ကိုယ်ရောင်ဖျောက်စောင့်ကြည့်နေခဲ့ပါတယ်။ 

ညပိုင်းရောက်တော့  အနောက်ဘက်မှာ အခန်းဖွဲ့ထားတဲ့ ဟိုင်းလပ်စ်ကား ၂ စီးနဲ့ တံခါးလေးဘက်ပါ ဟိုင်းလပ် တစီး စုစုပေါင်း ကား ၃ စီး ရှေ့ဆင့်နောက်ဆင့် ဝင်ရောက်လာတယ်။ ကား ၃ စီးလုံး အရှေ့မှာ ယာဉ်နံပါတ်ပြားတပ်ဆင်ထားခြင်းမရှိပါဘူး။

တာဝန်ရှိသူတွေက လူယောင်ပြပြီး စစ်ဆေးရာမှာ အဆိုပါကား ၃ စီးပေါ်မှ တရားမဝင် ဝင်ရောက် လာတဲ့ မြန်မာ အမျိုးသား ၂၇ ယောက်၊ အမျိုးသမီး ၂၂ ယောက်နဲ့ ကလေးငယ် ၃ ‌ယောက် စုစုပေါင်း ၅၂ ယောက်တို့ကို ဖမ်းဆီးရမိတယ်လို့ ဆိုပါတယ်။ 

စစ်ဆေးချက်အရ သူတို့တွေဟာ တာချီလိတ်-မယ်ဆိုင် ချစ်ကြည်ရေးတံတားဂိတ်ကနေ ယာယီနယ် စပ်ဖြတ်ကျော်လက်မှတ်တွေနဲ့ ဝင်ရောက်လာတယ်။ ဒါပေမဲ့ အဆိုပါလက်မှတ်ဟာ နယ်မြေ ကျော်ခွင့်မရှိတာကြောင့် ဖမ်းဆီးရတာ ဖြစ်ပါတယ်။

ယာဉ်မောင်းဖြစ်တဲ့ ထိုင်းနိုင်ငံသား ၃ ယောက်ကို မေးမြန်းရာမှာတော့ သူတို့ဟာ အဲဒီလူတွေကို တဦးလျှင် ဘတ် ၅၀၀ နှူန်းနဲ့  တာ့ခ်ခရိုင် တာ့ခ်အုပ်စုကနေ ဆုဖန်းပူးရီးခရိုင် အူထောင်းမြို့ကို ပို့ဆောင်ပေးဖို့ ပွဲစားက ဆက်သွယ်လာတာကြောင့် တင်ဆောင်ခဲ့တာဖြစ်တယ်။

အူထောင်းမြို့ တောစပ်တနေရာမှာ ချထားပေးပြီးတာနဲ့ ပွဲစားရဲ့လူက အခကြေးငွေ လာပေးဖို့ သဘောတူခဲ့တယ်လို့  ဆိုပါတယ်။ သူတို့ဟာ လူသယ်တဲ့အလုပ်ကို လုပ်လာတာ ၂ ကြိမ်ရှိပြီဖြစ်ပြီး ဒီတကြိမ်မှ အဖမ်းခံရတာလို့ ထွက်ဆိုသွားပါတယ်။ 

ကန်ကျနပူရီဖြစ်စဉ်မှာတော့ ဒီဇင်ဘာ ၁၆ ရက် မနက် မိုးမလင်းခင်က  အဝေးပြေးလမ်းလုံခြုံရေး တပ်ဖွဲ့ဝင်တွေဟာ ကန်ကျနပူရီမြို့နယ် အမှတ် ၃၂၃ လမ်းမကြီး တိုင်အမှတ် ၁၀၀ အနီးမှာ တာဝန်ထမ်းဆောင်စဉ်  အလေးချိန်တန်ပို တင်ဆောင်လာဟန်ရှိတဲ့ ကားတစီးကို စစ်ဆေးဖို့ အချက်မီးပြပြီး တားဆီးခဲ့တယ်လို့ ဆိုပါတယ်။ 

ဒါပေမဲ့ အဆိုပါကားက ရပ်မပေးဘဲ အရှိန်မြှင့်မောင်းနှင်ထွက်ပြေးသွားခဲ့တယ်၊ တာဝန်ရှိသူတွေက ကားနဲ့အနောက်ကလိုက်ဖမ်းတာမှာ ကီလိုမီတာ ၄၀ ကျော် ဝမ်းယင်ကျေးရွာ နားရောက်တော့ အဆိုပါကားက ကြံခင်းထဲမောင်းဝင်သွားခဲ့တယ်။

တနေရာမှာ ကားပျက်ပြီး  မြေကန်သင်းကို ဝင်တိုက်မိတယ်၊  ရှေ့ဆက်သွားလို့မရတောကြောင့် ကားပေါ်ကလူတွေ အကုန်ဆင်းပြီး ကြံပင်တွေထဲ ဝင်ရောက်ပုန်းအောင်းနေကြတယ်လို့ ဆိုပါတယ်။ 

တာဝန်ရှိသူတွေက တချို့ကိုလိုက်ဖမ်းသလို အားလုံးပြန်ထွက်လာပြီး အဖမ်းခံဖို့ အော်ပြောခဲ့တယ်။ အဲဒီနောက် အထောက်အထားမရှိတဲ့ မြန်မာနိုင်ငံသား ၁၉ ‌ ယောက် (လူကြီး ၁၀ ယောက် ကလေး ၉ ယောက်) ဖမ်းဆီးရမိတယ်။ ယာဉ်မောင်းကတော့ မှောင်ရိပ်ခိုပြီး ထွက်ပြေး လွတ်မြောက်သွားပါတယ်။ 

စစ်ဆေးချက်အရ သူတို့တွေဟာ ရန်ကုန်၊ ရခိုင်ပြည်နယ်နဲ့ ဘုရားသုံးဆူ စတဲ့ဒေသကဖြစ်ပြီး  တချို့က ရာ့ချ်ပူရီ၊ တချို့က မဟာချိုင်၊ တချို့က မလေးရှားနိုင်ငံ ဆက်သွားဖို့ ပွဲစားကို တဦးလျှင် ဘတ် ၁၀,၀၀၀ မှ ၂၀၀,၀၀၀ စီ ပေးခဲ့ရတယ်လို့ ပြောပါတယ်။

ဒီဇင်ဘာ ၁၆ ရက် တနေ့တည်းမှာပဲ ကန်ကျနပူရီခရိုင် ဆန်ခလပူရီမြို့နယ်ထဲမှာ အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၇ ယောက်နဲ့ ၁၀ နှစ်ခံကပ်ပြားကိုင်ဆောင်သူ ယာဉ်မောင်းတယောက်တို့ ဖမ်းဆီးခံခဲ့ရပါတယ်။ 

တာဝန်ရှိသူတွေဟာ ဆန်ခလပူရီ-ထောင်းဖာဖူးသွားလမ်း လမ်းအမှတ် ၃၂၃ ပေါ်ရှိ စစ်ဆေး ရေးဂိတ်တခုမှာ တာဝန်ထမ်းဆောင်စဉ် နယ်မြေထဲဝင်လာတဲ့ အိမ်စီးကားတစီးပါ စစ်ဆေးခဲ့တယ်။

ယာဉ်မောင်းမှာ နိုင်ငံမဲ့မှတ်ပုံတင် (၁၀ နှစ်ခံကပ်ပြား) ကိုင်ဆောင်သူ နိုင်လိတ်ဆိုသူဖြစ်ပြီး တရားမဝင်မြန်မာ ၇ ယောက်ကို ကားထဲမှာ ကြပ်ညှပ်ထိုးသိပ်သယ်ဆောင်လာတာကို တွေ့ရတာပါ။ 

တာဝန်ရှိသူမှာ ယဉ်မောင်း (လမ်းပြ) အပါအဝင် ၈ ယောက်လုံးကို ဆန်ခလပူရီရဲစခန်းသို့ ခေါ် ဆောင်သွားပြီး လဝကဥပဒေနဲ့ အရေးယူသွားမယ်လို့ ကန်ကျနပူရီဒေသတွင်းသတင်းမှ ဖော်ပြပါတယ်။ 

Source: CH7 TV News / Highway Police / Kanchanaburi News 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013