DVB Logo
Home
နိုင်ငံတကာ
ဗင်နီဇွဲလားကို ဝင်ထွက်နေသည့် ရေနံတင်သင်္ဘောများကို ပိတ်ဆို့ရန် ထရမ့်ပ် အမိန့်ထုတ်
DVB
·
December 17, 2025
ဗင်နီဇွဲလားကို ဝင်ထွက်နေသည့် ရေနံတင်သင်္ဘောများကို ပိတ်ဆို့ရန် ထရမ့်ပ် အမိန့်ထုတ်
Donate to DVB

ဗင်နီဇွဲလားနိုင်ငံကို ဝင်ထွက်သွားနေတဲ့ ဒဏ်ခတ် အရေးယူခံရတဲ့ ရေနံတင်သင်္ဘောအားလုံးကို ပိတ်ဆို့လိုက်ဖို့ အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ပ်က ဒီဇင်ဘာ ၁၆ ရက်မှာ အမိန့်ပေးခဲ့ပြီး ဗင်နီဇွဲလား အုပ်ချုပ်သူတွေကို နိုင်ငံခြားအကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်လိုက်ကြောင်း ထပ်လောင်းပြောလိုက်ပါတယ်။ 

ထရမ့်ပ်က “ကျနော်တို့ရဲ့ ပိုင်ဆိုင်မှုတွေကို ခိုးယူမှုနဲ့ အကြမ်းဖက်မှု၊ မူးယစ်ဆေးဝါး မှောင်ခိုရောင်းဝယ်မှုနဲ့ လူကုန်ကူးမှု အပါအဝင် တခြားအကြောင်းပြချက် များစွာအတွက် ဗင်နီဇွဲလားအစိုးရကို နိုင်ငံခြားအကြမ်းဖက်အဖွဲ့အစည်းတခုအဖြစ် သတ်မှတ်လိုက်ပါပြီ” လို့ သူ့ရဲ့ Truth လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။

ဒီကနေ့မှာ ဗင်နီဇွဲလားနိုင်ငံအတွင်း ဝင်ရောက်တာနဲ့ ထွက်ခွာတာအတွက် အရေးယူခံထားရတဲ့ ရေနံတင်သင်္ဘောအားလုံးကို လုံးဝပိတ်ဆို့ထားဖို့ ကျွန်ုပ် အမိန့်ပေးလိုက်ပြီလို့လည်း ဖော်ပြထားပါတယ်။

ဗင်နီဇွဲလားကမ်းရိုးတန်းမှာ အမေရိကန်က ပိတ်ဆို့အရေးယူထားတဲ့ ရေနံတင်သင်္ဘောတစင်းကို ဖမ်းဆီးပြီး တပတ်အကြာမှာပဲ ထရမ့်ပ်ရဲ့ မှတ်ချက်တွေ ထွက်ပေါ်လာတာပါ။

ဒါဟာ အမေရိကန်ကို မူးယစ်ဆေးဝါးတွေ ဝင်ရောက်လာမှုအတွက် ထရမ့်ပ်က အပြစ်တင်နေတဲ့ ဗင်နီဇွဲလားခေါင်းဆောင် နီကိုလပ်စ်မာဒူရိုရဲ့ အစိုးရအပေါ် ဖိအားပေးတဲ့ လှုပ်ရှားမှုရဲ့ နောက်ဆုံးခြေလှမ်းလည်း ဖြစ်ပါတယ်။ 

ဗင်နီဇွဲလားအစိုးရအတွက် သတင်းစာရှင်းလင်းပွဲအားလုံးကို ကိုင်တွယ်ဆောင်ရွက်ပေးတဲ့ ဗင်နီဇွဲလား ဆက်သွယ်ရေးဝန်ကြီးဌာနဟာ မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို ချက်ချင်းပြန်လည် ဖြေကြားခြင်း မရှိပါဘူး။ 

ထရမ့်ပ်က ပို့စ် မတင်ခင် အင်္ဂါနေ့ညနေခင်းမှာ ကျင်းပတဲ့ပွဲတခုမှာ မာဒူရိုက မိန့်ခွန်းပြောကြားရာမှာ “နယ်ချဲ့ဝါဒနဲ့ ဖက်ဆစ်ဝါဒီ လက်ယာယိမ်းသမားတွေဟာ ဗင်နီဇွဲလားရဲ့ ရေနံ၊ သဘာဝဓာတ်ငွေ့၊ ရွှေနဲ့ တခြား သတ္တုတွေ အပါအဝင် ကြွယ်ဝချမ်းသာမှုကို သိမ်းပိုက်ဖို့ ကိုလိုနီပြုချင်နေကြတာ။ ကျွန်ုပ်တို့ရဲ့ဇာတိမြေကို ကာကွယ်ဖို့ ကျွန်ုပ်တို့ ကတိပြုထားပြီး ဗင်နီဇွဲလားမှာ ငြိမ်းချမ်းရေးက အောင်ပွဲခံပါလိမ့်မယ်” လို့ ပြောပါတယ်။ 

ထရမ့်ပ်ရဲ့ နိုင်ငံရေးလှုပ်ရှားမှုကာလအတွင်း ဒေသတွင်း စစ်ရေးအင်အား တိုးမြှင့်ချထားတာနဲ့ ဗင်နီဇွဲလားအနီးရှိ ပစိဖိတ်သမုဒ္ဒရာနဲ့ ကရစ်ဘီယန်ပင်လယ်ဒေသတို့မှာ အနည်းဆုံး လူအယောက်  ၉၀ သေဆုံးခဲ့တဲ့ မူးယစ်ဆေးဝါး သယ်ဆောင်တယ်လို့ သံသယရှိတဲ့သင်္ဘောတွေကို ပစ်မှတ်ထားတဲ့ စစ်ရေးတိုက်ခိုက်မှုပေါင်း ၂ ဒါဇင်ကျော်ကို လုပ်ဆောင်ခဲ့ပါတယ်။ 

ထရမ့်ပ် ဟာ တောင်အမေရိကနိုင်ငံအပေါ် အမေရိကန်ရဲ့ မြေပြင်တိုက်ခိုက်မှုတွေလည်း မကြာခင်မှာ စတင်တော့မယ်လို့လည်း ပြောပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013