DVB Logo
Home
မြန်မာသတင်း
တရုတ်ဒုဝန်ကြီး မြဝတီ ကျားဖြန့်စခန်းများကို စစ်ဆေး၊ နိုင်ငံသား ကျားဖြန့် ၂,၀၀၀ ကျော် ပြန်ခေါ်မည်
DVB
·
December 16, 2025
တရုတ်ဒုဝန်ကြီး မြဝတီ ကျားဖြန့်စခန်းများကို စစ်ဆေး၊ နိုင်ငံသား ကျားဖြန့် ၂,၀၀၀ ကျော် ပြန်ခေါ်မည်
1 / 7
Donate to DVB

တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဒုဝန်ကြီး လျိုကျုံးရိဟာ ဒီဇင်ဘာ ၁၅ ရက်က ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ KK Park နဲ့ ရွှေကုက္ကို ကျားဖြန့်အွန်လိုင်းလိမ်လည်မှုဂိုဏ်းတွေ နေခဲ့တဲ့နေရာကို သွားရောက်စစ်ဆေးခဲ့ပြီး  ကျားဖြန့်နှိမ်နင်းမှုကြောင့် ထိုင်းဘက်ကို ကူးသွားတဲ့ တရုတ်နိုင်ငံသား ၂၀၀၀ ခန့်ကို ပြန်လည်ခေါ်ယူရေးစီစဉ်ခဲ့တယ်လို့  ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 

ဒုဝန်ကြီး လျိုကျုံးရိ နဲ့အဖွဲ့ဟာ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့ကို အရင်ရောက်ရှိလာပြီး တာ့ခ်ခရိုင်ဝန် နိုင်းဆဝနစ် ဆူရိယကွန်း နာ့အယုဒ္ဓယ နဲ့ ထိုင်းနိုင်ငံနည်းပညာ ဆိုင်ဘာရာဇဝတ်မှု နှိမ်နင်းရေး ရဲတပ်ဖွဲ့ ဒုရဲချုပ် ကျီလဖုပ် ဖူရိဒေချ် နဲ့ တာဝန်ရှိသူတွေက ကြိုဆိုခဲ့ကြတယ်။ 

အဲဒီနောက် သောင်ရင်းမြစ်ပေါ်ရှိ မဲဆောက်-မြဝတီ အမှတ် ၁ ချစ်ကြည်ရေးတံတားကို ဖြတ်ကျော်ကာ မြဝတီမြို့မှာ မြန်မာဘက်ခြမ်းက တာဝန်ရှိသူတွေနဲ့အတူ (ထိုင်း-တရုတ်-မြန်မာ) ၃ ပွင့်ဆိုင်ပြီး ကျားဖြန့်အွန်လိုင်းလိမ်လည်မှုဂိုဏ်းကို နယ်စည်းမခြားဘဲ အမြစ်ပြတ်အောင် ပူးပေါင်း တိုက်ဖျက်ရေး၊ ကျားဖြန့်လုပ်ငန်း မလည်ပတ်နိုင်အောင် လျှပ်စစ်မီးနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ရေး၊ ကျားဖြန့်နှိမ်နင်းမှုကြောင့် ထိုင်းဘက်ကိုကူးသွားတဲ့ တရုတ်နိုင်ငံသား ၂၀၀၀ ခန့်ကို ပြန်လည် ခေါ်ယူရေး၊ ထိုင်းဘက်ခြမ်းကို ရောက်ရှိနေတဲ့ ကျားဖြန့်ဂိုဏ်းနဲ့ ဆက်နွှယ်သူတွေကို သက်ဆိုင်ရာနိုင်ငံတွေဆီ ပြန်ပို့ရေးမှာ ကြန့်ကြာမှုမရှိအောင် ဆောင်ရွက်မှုလုပ်ငန်းစဉ်အချို့ လျှော့ချဖို့နဲ့  လုံခြုံမြန်ဆန်စွာ ပို့ဆောင်ရေးတွေ ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။ 

အဆိုပါတရုတ်နိုင်ငံသားတွေကို  လေယာဉ်နဲ့  ဒီဇင်ဘာ ၁၆ ရက် (ဒီနေ့) မှာ  ၂ ကြိမ်၊ ၁၇ ရက် မှ ၁၉ ရက်နေ့ထိ တနေ့ကို ၆ ကြိမ် စုစုပေါင်း အကြိမ် ၂၀ ခေါ်ယူမယ်၊ လေယာဉ်ဟာ တကြိမ်လျှင် အယောက် ၅၀ တင်ဆောင်နိုင်တာကြောင့် တနေ့လျှင် လူပေါင်း ၁၀၀ မှ ၃၀၀ ထိ ပြန်ခေါ် နိုင်မယ်၊   အဆိုပါလူပေါင်း ၂၀၀၀ ခန့်ဟာ ဒီလဆန်းပိုင်း ဒီဇင်ဘာ ၁ မှ ၄ ရက်နေ့အတွင်း  မြန်မာဘက်ခြမ်းမှာ ကျားဖြန်နှိမ်နင်းရေးကြောင့် ထွက်ပြေးလာသူတွေလို့   ဆိုပါတယ်။ 

အဲဒီနောက် ဒုဝန်ကြီး လျိုကျုံးရိ နဲ့အဖွဲ့ဟာ  မြန်မာ့စစ်တပ်က ဖျက်ဆီးဖြိုချခဲ့တဲ့ KK Park နဲ့ ရွှေကုက္ကိုစီးပွားရေးဇုန်မှ ကျားဖြန့်ဂိုဏ်းသားတွေရဲ့ တိုက်တာအဆောက်အအုံပျက်တွေ သွားရောက်ကြည့်ရှုခဲ့တယ်။ ရွှေကုက္ကိုမှ ၁၃ ထပ်မြင့် တိုက်ကြီးအပါအဝင် အားလုံးကို ဖြိုချဖျက်ဆီးခဲ့ကြောင်း တွေ့ရှိရတယ်လို့ ဆိုပါတယ်။ 

ဒီခရီးစဉ်မှာ ဒုဝန်ကြီး လျိုကျုံးရိ နဲ့အဖွဲ့ဟာ ပြီးခဲ့တဲ့အပတ်က မဲဆောက် လဝက ထိန်းသိမ်းရေးစခန်းမှာ ဆူပူသောင်းကျန်းလို့ အဖမ်းခံထားရတဲ့ တရုတ်နိုင်ငံသားတွေကိုလည်း သွားရောက်ကြည့်ရှုခဲ့တယ်လို့  ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 

Source - MGROnline / Amarin TV News / AEC Asian Thai News

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013