
တရုတ်နိုင်ငံကလာတဲ့ ကြော်ငြာတချို့ဟာ Facebook, Instagram နဲ့ Whatsapp သုံးစွဲသူတွေကို လိမ်လည်နေမှန်း သိလျက်နဲ့ ဝင်ငွေ ဘီလီယံချီ ရနေတာမို့ Meta ကုမ္ပဏီက မသိကျိုးကျွန်ပြုထားကြောင်း ပေါက်ကြားလာတဲ့ စာရွက်စာတမ်းတွေအရ သိရပါတယ်။
တရုတ်အစိုးရက နိုင်ငံသားတွေကို Facebook အပါအဝင် Meta ရဲ့ လူမှုကွန်ရက်တွေ သုံးစွဲခွင့် ပိတ်ပင်ထားပေမဲ့ တရုတ်ကုမ္ပဏီတွေကိုတော့ ပြည်ပမှာ ကြော်ငြာထည့်ခွင့် ပြုထားပါတယ်။
ဒါကြောင့် တရုတ်နိုင်ငံဟာ Meta ရဲ့ ကြော်ငြာဝင်ငွေ အားကောင်းတဲ့ နေရာဖြစ်လာပြီး ၂၀၂၄ ခုနှစ်အတွင်း ဝင်ငွေ ဒေါ်လာ ၁၈ ဘီလီယံအထိ ရရှိခဲ့ပါတယ်။
အဲဒီထဲက ဒေါ်လာ ၃ ဘီလီယံကျော်ဟာ ကျားဖြန့်ငွေလိမ်မှုတွေ၊ တရားမဝင် လောင်းကစားတွေနဲ့ ညစ်ညမ်းရုပ်ပုံတွေအပါအဝင် တားမြစ်ထားတဲ့ ကြော်ငြာတွေကနေ ရရှိခဲ့တာဖြစ်ပါတယ်။
ဒီကြော်ငြာတွေကြောင့် ထိုင်ဝမ်၊ အမေရိကန်နဲ့ ကနေဒါ အပါအဝင် နိုင်ငံတကာက သုံးစွဲသူတွေ ငွေကြေးဆုံးရှုံးမှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။
ဝန်ထမ်းတွေက ဒီပြဿနာကို ဖြေရှင်းဖို့ ကြိုးစားခဲ့ကြပေမဲ့ အမှုဆောင်အရာရှိချုပ် မတ်ခ်ဇူကာဘတ်ဂ်ကိုယ်တိုင်က ဝင်ငွေထိခိုက်မှာစိုးရိမ်လို့ ဒီလုပ်ငန်းစဉ်တွေကို ရပ်တန့်ဖို့ ညွှန်ကြားခဲ့တယ်လို့ စာရွက်စာတမ်းတွေမှာ ဖော်ပြထားပါတယ်။
ဒါကြောင့် တရုတ်ကြော်ငြာတွေကို စိစစ်တဲ့ အထူးအဖွဲ့ကို ဖျက်သိမ်းခဲ့ပြီးနောက်ပိုင်း ၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းလောက်မှာတော့ တားမြစ်ထားတဲ့ ကြော်ငြာပမာဏဟာ ၁၆ ရာခိုင်နှုန်းလောက်အထိ ပြန်မြင့်တက်လာခဲ့ပါတယ်။
Propellerfish အတိုင်ပင်ခံအဖွဲ့ရဲ့ အစီရင်ခံစာအရလည်း Meta ရဲ့ မူဝါဒတွေကပဲ တရုတ်ကြော်ငြာလောကမှာ လာဘ်ပေးလာဘ်ယူမှုတွေကို အားပေးသလို ဖြစ်နေတယ်လို့ ထောက်ပြထားပါတယ်။
Meta ပြောခွင့်ရသူကတော့ သူတို့အနေနဲ့ နည်းပညာအသစ်တွေသုံးပြီး လိမ်လည်မှုတွေကို ဆက်လက်တိုက်ဖျက်နေဆဲဖြစ်ကြောင်း ဒီဇင်ဘာ ၁၅ ရက်နေ့က ရိုက်တာသတင်းဌာနကို တုံ့ပြန်ထားပါတယ်။
Source:Reuters










