DVB Logo
Home
မြန်မာသတင်း
မြန်မာ့လူဦးရေ ၁၂ သန်းကျော် စားနပ်ရိက္ခာပြတ်လပ်မှုဖြင့် ရင်ဆိုင်ရနိုင်ဟု WFP သတိပေး
DVB
·
December 12, 2025
မြန်မာ့လူဦးရေ ၁၂ သန်းကျော် စားနပ်ရိက္ခာပြတ်လပ်မှုဖြင့် ရင်ဆိုင်ရနိုင်ဟု WFP သတိပေး
Donate to DVB

လာမယ့် ၂၀၂၆ ခုနှစ်ထဲ မြန်မာနိုင်ငံမှာ နေရပ်စွန့်ခွာထွက်ပြေးရသူ အရေအတွက် မြင့်တက်လာနိုင်ပြီး လူဦးရေ ၁၂ သန်းကျော်ဟာ စားနပ်ရိက္ခာ ပြတ်လပ်မှုနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ဒီဇင်ဘာ ၁၁ ရက်မှာ သတိပေး ထုတ်ပြန်လိုက်ပါတယ်။

အဆိုပါ လူဦးရေထဲက ၁ သန်းနီးပါးကတော့ အသက်ကယ်ထောက်ပံ့မှု အရေးပေါ်အကူအညီ လိုအပ်နိုင်တဲ့ အဆင့်ထိ ရောက်ရှိသွားနိုင်တယ်လို့ ဆိုပါတယ်။

WFP အဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဒါရိုက်တာ မိုက်ကယ် ဒန်ဖို့ဒ်ကတော့ “ပဋိပက္ခနဲ့ ဆင်းရဲချို့တဲ့မှုတွေက မြန်မာပြည်သူတွေရဲ့ အခြေခံ ရှင်သန်ရပ်တည်ရေး နည်းလမ်းတွေကို ဖျက်ဆီးပစ်နေပေမဲ့ နိုင်ငံတကာက ဒါကို အာရုံစိုက်မနေခဲ့ပါဘူး။ ဒါဟာ ကမ္ဘာပေါ်က အဆိုးရွားဆုံး ငတ်မွတ်ခေါင်းပါးမှု အကျပ်အတည်းတွေထဲက တခုဖြစ်သလို ရန်ပုံငွေရရှိမှု အနည်းပါးဆုံးဖြစ်တဲ့ အကျပ်အတည်းတခုလည်း ဖြစ်ပါတယ်” လို့ ပြောပါတယ်။

ကုလသမဂ္ဂရဲ့ အချက်အလက်တွေအရ မြန်မာနိုင်ငံမှာ တိုက်ပွဲနဲ့ ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ ပြည်တွင်းနေရပ်စွန့်ခွာရသူ (IDPs) အရေအတွက်ဟာ ၃  ဒသမ ၆ သန်းအထိ ရှိလာပြီဖြစ်သလို အကြိမ်ကြိမ် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ အများအပြားဟာ ယာယီခိုလှုံရာ စခန်းတွေမှာ နေထိုင်နေရပြီး အစားအစာ၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ သန့်ရှင်းတဲ့ သောက်သုံးရေ ရရှိဖို့ အကန့်အသတ်နဲ့သာ ရှိနေတယ်လို့ ဆိုပါတယ်။

WFP ရဲ့ အဆိုအရ လက်ရှိအချိန်မှာ အာဟာရချို့တဲ့နေတဲ့ ကလေးငယ်တွေနဲ့ မိခင်ပေါင်း ၄ သိန်းကျော်ဟာ ထမင်းဖြူ ဒါမှမဟုတ် ဆန်ပြုတ်ကျဲကိုပဲ အဓိကစားသုံးပြီး ရှင်သန်နေရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မစ္စတာ ဒန်ဖို့ဒ်က “ကျနော်တို့ မြေပြင်မှာ ရှိနေပါတယ်။ တကယ်ကို ခက်ခဲတဲ့ အခြေအနေတွေ အောက်မှာပဲ နေ့စဉ် စားနပ်ရိက္ခာနဲ့ အာဟာရတွေကို ပို့ဆောင်ပေးနေပါတယ်။ ဒါပေမဲ့ ရန်ပုံငွေက အလွန်နည်းပါးနေပါတယ်။ ဒါတွေကို နိုင်ငံတကာ အသိုက်အဝန်းက လုပ်ဆောင်ရပါမယ်။ ဒီအကျပ်အတည်းကို နောက်နှစ်မှာ ပိုဆိုးမလာစေဖို့ ရေရှည်ရန်ပုံငွေနဲ့ သံတမန်ရေးဆိုင်ရာ အထောက်အပံ့တွေ လိုအပ်ပါတယ်” လို့ ပြောပါတယ်။

လာမဲ့ ၂၀၂၆ ခုနှစ်ထဲမှာတော့ WFP အဖွဲ့က အကူအညီလိုအပ်နေသူ ၁၂ သန်းကျော်ထဲက လူ ၁ ဒသမ ၃ သန်းကို ကူညီမှုတွေ ပေးအပ်နိုင်ဖို့ ရည်ရွယ်ထားပြီး လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့တွေအတွက် ဘတ်ဂျက် အမေရိကန်ဒေါ်လာ ၁၂၅ သန်း လိုအပ်မယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013