
ရှမ်းပြည်နယ်တောင်ပိုင်း ခရိုင် ၇ ခုနဲ့ ကိုယ်ပိုင်အုပ်ချုပ်ဒေသ ၂ ခုက မြို့နယ်ပေါင်း ၂၁ မြို့နယ်မှာ မဲစာရင်းတွေ စစ်ဆေးဖို့ ဗိုလ်မှူးချုပ်အဆင့်ရှိတဲ့ တပ်နယ်မှူးတွေကို တာဝန်ပေးထားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
နမ့်စန်၊ ကွန်ဟိန်းနဲ့ မိုးနဲမြို့နယ်မှာ ဒီဇင်ဘာ ၆ ရက်က တပ်နယ်မှူး ဗိုလ်မှူးချုပ် စွမ်းလှိုင်မင်း ဦးဆောင်ပြီး တအိမ်တက်ဆင်း မဲစာရင်းတွေ ပြန်ကောက်ခဲ့တယ်လို့ မြိုခံတယောက်က DVB ကို ပြောပါတယ်။
“မနေ့က နမ့်စန် အမှတ် ၁ ကျေးရွာနဲ့ ထင်းရှူးမြိုင်ကျေးရွာမှာ မဲစာရင်းကောက်တာ။ နမ့်စန်လေတပ်က တပ်နယ်မှူးကိုယ်တိုင် လိုက်လာတာ၊ ကျန်တဲ့စစ်တပ်နဲ့ ဝန်ထမ်းတွေက အမှတ် ၅ ရွာက ဓမ္မာရုံမှာ ရွာသားတွေကို စမ်းသပ်မဲပေးတာ သရုပ်ပြတယ်။”
မနေ့က ကွန်ဟိန်းမြို့နယ်မှာလည်း ဗိုလ်မှူးချုပ် အောင်ကိုဝင်းက မဲစာရင်းလာမကြည့်သူတွေကို အိမ်တိုင်ရာရောက် စာရင်းတိုက်ဆိုင်စစ်ဆေးတာတွေပြုလုပ်ပြီး မှားယွင်းနေတဲ့ မဲစာရင်းတွေကို ပြန်လည်ပြင်ဆင်ပေးနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
အလားတူ ဒီဇင်ဘာ ၃ ရက်ကလည်း ပအိုဝ်းနဲ့ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၂ ခုက ဟိုပုံး၊ ပင်လောင်း၊ ဆီဆိုင်၊ ပင်းတယနဲ့ ရွာငံမြို့နယ်တို့မှာ ဗိုလ်မှူးချုပ် သန့်ထင်စိုး ဦးဆောင်တဲ့အဖွဲ့က မဲစာရင်းစစ်ဆေးပြီး အသစ်ပြန်ကောက်တာတွေလုပ်နေတယ်လို့ ဒေသခံတယောက်က DVB ကို ပြောပါတယ်။
“ဟိုပုံးတပ်နယ်မှူးကိုယ်တိုင် ဦးဆောင်ပြီး စာရင်းပြန်ကောက်နေတာ အဖွဲ့အစည်းအကုန်ပါတယ်။ ပေါင်းလင်း၊ လွယ်တန်းနဲ့ နမ့်ခုတ်ကျေးရွာတွေမှာ စာရင်းကောက်တဲ့နေ့ကဆို ဗိုလ်မှူးချုပ် သန့်ထင်စိုးက ဘေးစကားတွေ နားမယောင်ဘဲ လူတိုင်းမဖြစ်မနေ မဲပေးဖို့ပြောတယ်။”
ရှမ်းပြည်နယ်တောင်ပိုင်းမှာရှိတဲ့ မြိုနယ် ၂၁ မြိုနယ်က မှားယွင်းနေတဲ့ မဲစာရင်းတွေ ပြန်လည်စစ်ဆေးဖို့ နိုဝင်ဘာ ၂၉ ရက်က တပ်နယ်မှူး ၅ ယောက်ကို စစ်ခေါင်းဆောင်က တာဝန်ပေးခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
လက်ရှိမှာ မဲစာရင်းကို ၂ ကြိမ်ထုတ်ပြန်ပေးထားပြီး နောက်တကြိမ်ထပ်ထုတ်ပြန်ဦးမယ် စစ်ခေါင်းဆောင်က ဒီဇင်ဘာ ၆ ရက်မှာ ပြောပါတယ်။
စစ်အုပ်စုက အာဏာတည်မြဲရေးအတွက် ရွေးကောက်ပွဲပြုလုပ်ဖို့ ကြိုးစားနေပေမယ့် နိုင်ငံတကာ၊ အာဆီယံ အပါအဝင် အရပ်ဘက်အဖွဲ့အစည်းတွေ ကန့်ကွက်နေဆဲ ဖြစ်ပါတယ်။
ရွေးကောက်ပွဲ အပိုင်း ၁ နဲ့ အပိုင်း ၂ မှာ ပြည်နယ်နဲ့ တိုင်း ၁၃ ခုက ရပ်ကွက် ၁၆၁ ရပ်ကွက်နဲ့ ကျေးရွာပေါင်း ၂,၇၇၀ မှာ မလုပ်နိုင်ဘူးလို့ စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က ဒီဇင်ဘာ ၅ ရက်မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်က လုပ်မဲ့ ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင်ရွေးကောက်ပွဲ ဖြစ်လို့ ပြည်သူတွေ ဝိုင်းဝန်းကန့်ကွက်ရှုတ်ချကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားပါတယ်။










