DVB Logo
Home
မြန်မာသတင်း
ရွေးကောက်ပွဲဆန့်ကျင်ကန့်ကွက် ပြည်လုံးကျွတ်အသံတိတ်သပိတ် ဒီဇင်ဘာ ၁၀ ရက်နေ့ ပြုလုပ်မည်
DVB
·
December 6, 2025
ရွေးကောက်ပွဲဆန့်ကျင်ကန့်ကွက် ပြည်လုံးကျွတ်အသံတိတ်သပိတ် ဒီဇင်ဘာ ၁၀ ရက်နေ့ ပြုလုပ်မည်
Donate to DVB

အာဏာသိမ်းစစ်တပ်ရဲ့ တရားမဝင်ရွေးကောက်ပွဲကို လက်မခံ ဆန့်ကျင်ကန့်ကွက်ကြောင်း ပြသတဲ့အနေနဲ့ လာမဲ့ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ ဒီဇင်ဘာ ၁၀ ရက်နေ့မှာ  ပြည်လုံးကျွတ် “အပြင်မထွက်၊ အသံတိတ်သပိတ်” ဖော်ဆောင်မယ်လို့ အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB)က ကြေညာပါတယ်။

အတုအယောင် ရွေးကောက်ပွဲ နီးကပ်လာတာနဲ့အမျှ စစ်အုပ်စုဟာ ပြည်သူတွေရဲ့ထောက်ခံမှုကို ရရှိနေသယောင် နိုင်ငံတကာမှာ အတုအယောင် ဝါဒဖြန့်နေပြီး  တဖက်မှာလည်း ပြည်သူတွေကို ချော့တမျိုး ခြောက်တဖုံနဲ့ ရွေးကောက်ပွဲကို အထမြောက်ဖို့ ကြိုးစားနေတယ်လို့ သပိတ်အင်အားစုက ဆိုပါတယ်။

“ဓားထောက်ပြီး ဘုရင်မြှောက်ခိုင်းချိန်မှာ မတရားခံရကြောင်းကိုတော့ ကျနော်တို့ ဟစ်အော် အသိပေးကြပါမယ်။ ဒီလို အသိပေးဖို့အတွက် တိတ်ဆိတ်ခြင်းဟာ အကျယ်လောင်ဆုံး ဟစ်ကြွေးသံပါ။ အရင်လုပ်ခဲ့တဲ့နည်းတူ ဒီတခါမှာလည်း တိတ်ဆိတ်ခြင်းနဲ့ ကျနော်တို့ အသံကို ထုတ်ဖော်ပြသပါမယ်။ “Our Voice, Our Fight, Our Rights” ဆိုတဲ့ ဒီတခါ အသံတိတ် သပိတ် ဆောင်ပုဒ်အတိုင်း ကျနော်တို့ အခွင့်အရေးတွေအတွက် ကျနော်တို့ အသံတွေကိုတိတ်ကာ ဟစ်ကြွေးလို့ တိုက်ပွဲဝင်ကြမယ်”လို့ သပိတ်အင်အားစုက ထုတ်ပြန် ပြောပါတယ်။

အသံတိတ်သပိတ်ကျင်းပမဲ့နေ့ရက်ကို  ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်နေ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့မှာ သတ်မှတ်ထားပြီး သပိတ်ပြုလုပ်မဲ့အချိန်ကိုတော့ အများပြည်သူ ရုံးတက် ရုံးဆင်း၊ စျေးသွားစျေးလာ အချိန်ကာလတွေနဲ့ ဝေးကွာအောင်မနက် ၁၀ နာရီကနေ ညနေ ၃ နာရီ သတ်မှတ်ထားပါတယ်။

ဒါကြောင့် ပြည်သူလူထုအားလုံးအနေနဲ့ အသံတိတ်သပိတ်မှာ အုတ်တချပ် သဲတပွင့်အဖြစ် ပူးပေါင်း ပါဝင်ပေးကြဖို့နဲ့ ပြည်ပနိုင်ငံစုံမှာပြုလုပ်နေတဲ့ သပိတ်တွေ၊ Profile picture ပြောင်းတဲ့ လှုပ်ရှားမှုနဲ့ လူမှုမီဒီယာ လှုပ်ရှားမှုတွေမှာလည်း ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းနှိုးဆော်ထား ပါတယ်။

စစ်အုပ်စုက ပြုလုပ်မဲ့ အတုအယောင်ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ် တည်မြဲရေး၊ စစ်အာဏာရှင်တွေ ကျူးလွန်ထားတဲ့ စစ်ရာဇဝတ်မှုတွေအတွက် ပြစ်ဒဏ်ကင်းလွတ်ခွင့်ရရှိရေးတို့အတွက် ရည်ရွယ်ပြုလုပ်တဲ့ ထောင်ချောက်တခုသာ ဖြစ်လို့  မြန်မာပြည်သူလူထုအနေနဲ့ လုံးဝလက်ခံမှာမဟုတ်ဘူးလို့လည်း  သပိတ်အင်အားစုက ဆိုပါတယ်။

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဟာ အများယုံကြည်လက်ခံတဲ့ လွတ်လပ်မျှတဲ့ ရွေးကောက်ပွဲ မဟုတ်ဘူးလို့ ကုလသမဂဂ္ဂနဲ့ ဥရောပသမဂ္ဂ အပါအဝင် ကမ္ဘာ့နိုင်ငံတွေက ထုတ်ပြန် ပြောဆိုနေကြပြီး အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်ရေး လူထုလုပ်ရှားမှုတွေကိုလည်း ပြည်တွင်းနဲ့ ပြည်ပနိုင်ငံတွေရောက် မြန်မာပြည်သူတွေကလည်း ပုံစံမျိုးစုံနဲ့ အရှိန်မြှင့်လုပ် ဆောင်နေကြပါတယ်။

အာဏာသိမ်းစစ်ကောင်စီကတော့ ရွေးကောက်ပွဲကို ဒီဇင်ဘာလနဲ့  ဇန်နဝါရီလမှာ အပိုင်း ၃ ပိုင်းခွဲကာ ကျင်းပဖို့ပြင်ဆင်နေပြီး ကြိုတင်မဲတွေလည်းစုဆောင်းနေကာ နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုရရှိဖို့လည်း ကြိုးပမ်းလုပ်ဆောင်နေပါတယ်။

ရွေးကောက်ပွဲပထမပိုင်းကို  ဒီဇင်ဘာ  ၂၈  ရက်မှာ  မြို့နယ် ၁၀၂ မြို့နယ်မှာ စတင်ပြုလုပ်မှာ ဖြစ်ပြီး ပါတီပေါင်း ၅၇ ပါတီက ကိုယ်စားလှယ်ပေါင်း ၅,၀၀၀ ကျော် ဝင်ပြိုင်မှာဖြစ်ကာ စစ်တပ်ပါတီဖြစ်တဲ့ ကြံ့ခိုင်ရေးပါတီက ကိုယ်စားလှယ်အများဆုံး ဝင်ပြိုင်ကြမှာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013