DVB Logo
Home
နိုင်ငံတကာ
အမေရိကန်ရောက်နိုင်ငံခြားသားများ၏ အလုပ်လုပ်ခွင့်သက်တမ်း လျှော့ချသတ်မှတ်
DVB
·
December 5, 2025
အမေရိကန်ရောက်နိုင်ငံခြားသားများ၏ အလုပ်လုပ်ခွင့်သက်တမ်း လျှော့ချသတ်မှတ်
Donate to DVB

အမေရိကန်ရောက် နိုင်ငံခြားသားတွေအတွက် အလုပ်လုပ်ကိုင်ခွင့်ကတ်ပြား (EAD - Employment Authorization Document) သက်တမ်းတွေကို အရင်က ၅ နှစ်ပေးထားရာကနေ  ၁၈ လအထိ လျှော့ချသတ်မှတ်လိုက်ကြောင်း အမေရိကန်နိုင်ငံသားနှင့် လူဝင်မှုကြီးကြပ်ရေးဌာန (USCIS)က ဒီဇင်ဘာ ၄ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာပါတယ်။

နိုင်ငံခြားသားတွေကို စနစ်တကျ စစ်ဆေးစုံစမ်းနိုင်ဖို့နဲ့ လိမ်လည်မှုတွေကို တားဆီးနိုင်ဖို့ အခုလို ပြင်ဆင်လိုက်တာလို့ ဆိုပါတယ်။

အရင်က ပေးနေကျ ၅ နှစ်သက်တမ်းကနေ ၁၈ လအထိ လျှော့ချလိုက်တာကြောင့် အမေရိကန်မှာ အလုပ်လုပ်ခွင့် လျှောက်ထားသူတွေကို အကြိမ်ရေ ပိုစိပ်ပြီး စစ်ဆေးသွားနိုင်မယ့်အပြင် အန္တရာယ်ပြုမဲ့ အလားအလာနဲ့ ရည်ရွယ်ချက်ရှိသူတွေကို ဖော်ထုတ်ပြီး အမေရိကန်ကနေ နှင်ထုတ်နိုင်မယ်လို့လည်း ဆိုပါတယ်။

အခုလို သက်တမ်းလျှော့ချလိုက်တာကြောင့် အမေရိကန်မှာ အလုပ်လုပ်ချင်သူတွေအနေနဲ့ လူထုလုံခြုံရေးကို ခြိမ်းခြောက်တာမျိုး၊ အမေရိကန်ဆန့်ကျင်ရေး ဝါဒဖြန့်တာမျိုး မလုပ်နိုင်အောင် တားဆီးရာရောက်မယ်လို့ USCIS ညွှန်ကြားရေးမှူး ဂျိုးဇက် အက်ဒလိုးက ပြောပါတယ်။

"အရင်အစိုးရလက်ထက်က ဝင်ခွင့်ရခဲ့တဲ့ နိုင်ငံခြားသားတဦးက မြို့တော်ဝါရှင်တန်မှာ အမျိုးသားအစောင့်တပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း USCIS အနေနဲ့ နိုင်ငံခြားသားတွေကို မကြာခဏ စိစစ်ဖို့ လိုအပ်လာပါတယ်။”

ကနဦးနဲ့ သက်တမ်းတိုး EAD ကတ်ပြား သက်တမ်းလျှော့ချမှုနဲ့ သက်ဆိုင်မဲ့သူတွေထဲမှာ ဒုက္ခသည်အဖြစ် ဝင်ရောက်လာသူတွေ၊ နိုင်ငံရေးခိုလှုံခွင့် ရရှိထားသူတွေနဲ့ လျှောက်ထားဆဲသူတွေ၊ လူဝင်မှုအဆင့်အတန်း ပြောင်းလဲဖို့ လျှောက်ထားဆဲသူတွေ၊ ပြည်နှင်ဒဏ် ဆိုင်းငံ့သက်သာခွင့်ရဖို့ လျှောက်ထားဆဲပုဂ္ဂိုလ်တွေ ပါဝင်ပါတယ်။ 

ဒီအပြောင်းအလဲဟာ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၅ ရက်နဲ့ အဲဒီနောက်ပိုင်း လျှောက်ထားတဲ့ အမှုတွဲတွေ၊ အထက်မှာ ဖော်ပြထားတဲ့ အုပ်စုတွေထဲက ဆောင်ရွက်ဆဲ အမှုတွဲတွေနဲ့ သက်ဆိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၄ ရက်က အတည်ပြုခဲ့တဲ့ H.R. 1 (One Big Beautiful Bill Act) ဥပဒေအရ သတ်မှတ်ထားတဲ့ အုပ်စုတချို့ရဲ့ အလုပ်လုပ်ကိုင်ခွင့် ကတ်ပြားသက်တမ်းကို တနှစ် ဒါမှမဟုတ် နေထိုင်ခွင့် (Parole/TPS) သက်တမ်းကုန်ဆုံးရက်၊ ၂ ခုအနက် ပိုစောတဲ့ရက်ကို အတည်ယူ သတ်မှတ်သွားမယ်လို့ ဖော်ပြထားပါတယ်။

ဒီသတ်မှတ်ချက်အသစ်နဲ့ အကျုံးဝင်သူတွေကတော့ ဒုက္ခသည်အဖြစ် ခေတ္တနေထိုင်ခွင့် (Parole) ရထားသူတွေ၊ TPS ယာယီအကာအကွယ် ရထားသူနဲ့ လျှောက်ထားဆဲသူတွေ၊ Parole ရထားသူတွေ၊ စီးပွားရေးလုပ်ငန်းရှင် (Parole) ရထားသူတွေရဲ့ နိုင်ငံခြားသား ဇနီး/ခင်ပွန်းသည်တွေ ဖြစ်ကြပါတယ်။

ဒီဥပဒေကို စတင်အကောင်အထည်ဖော်ကြောင်း USCIS က ဇူလိုင် ၂၂ ရက်ကတည်းက ကြေညာထားတာ ဖြစ်ပါတယ်။

ဒါကြောင့် အမေရိကန်မှာ နိုင်ငံသားအဆင့်နဲ့ အမြဲတမ်းနေထိုင်ခွင့် (Green Card) မရရှိသေးသူတွေအနေနဲ့ အလုပ်လုပ်ခွင့် EAD သက်တမ်းတိုးဖို့ နောက်ကျခဲ့ရင် လက်ရှိအလုပ်မှာ ဆက်လက်လုပ်ကိုင်ခွင့် ပြတ်တောက်သွားနိုင်ပါတယ်။

အဲဒါကြောင့် သက်တမ်းမကုန်ခင် အနည်းဆုံး ၆ လလောက် ကြိုတင်ပြီး သက်တမ်းတိုး လျှောက်ထားကြဖို့ အတွေ့အကြုံရှိဖူးသူတွေက သတိပေးအကြံပြုထားကြပါတယ်။

Ref: USCIS

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013