
ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်း အမှတ် ၁၄ က တပ်စုမှူး ခူးလောရယ် ကရင်နီရှေ့တန်းစစ်မြေပြင် တနေရာမှာ ကျဆုံးခဲ့ရတယ်လို့ ဒီဇင်ဘာ ၄ ရက်မှာ ထုတ်ပြန်ပါတယ်။
တပ်စုမှူး ခူးလောရယ် (ကိုယ်ပိုင်အမှတ် KNDF/B-14/ 06456) ဟာ နိုဝင်ဘာ ၃၀ ရက်က ရှေ့တန်းတနေရာမှာ စစ်ကောင်စီတပ်ကို တော်လှန်ရင်း ကျဆုံးခဲ့ရတာလို့ ဆိုပါတယ်။
တပ်ရင်းပြန်ကြားရေးတာဝန်ရှိသူက “လွိုင်ကော်မြို့တနေရာမှာပါ။ ရှေ့တန်း တိုက်ခိုက်ချေမှုန်းရေးမှာ စိတ်အားထက်သန်ခဲ့သူတဦးပေါ့နော်။ ၂၀၂၁ ခုနှစ် ၁၂ လပိုင်းကစပြီးတော့ KNDF တပ်ဖွဲ့ထဲကို ဝင်ရောက်လာခဲ့တာပါ” လို့ ပြောပါတယ်။
တပ်စုမှူး ခူးလောရယ်ဟာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်ကစပြီး KNDF တပ်ရင်းအမှတ် ၁၄ ကို ဝင်ရောက်လာကာ ပေးအပ်တဲ့တာဝန်တွေကို ကျေပွန်အောင် ထမ်းဆောင်သူဖြစ်တဲ့အပြင် တပ်စုမှူးပီပီ ရဲဘော်တွေနဲ့ အတူ စစ်ကောင်စီတပ်ကို ရွပ်ရွပ်ချွန်ချွန် တိုက်ခိုက်တွန်းလှန်သူ ဖြစ်တယ်လို့ သိရပါတယ်။
တိုင်းပြည်နဲ့ ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေးအတွက် အသက်ကိုပေးအပ်သွားတဲ့အပေါ် ကျန်ရစ်သူ မိသားစုနဲ့အတူ ထပ်တူ ဝမ်းနည်းကြေကွဲရပြီး အာဇာနည်သူရဲကောင်းအဖြစ် အသိအမှတ်ပြု မှတ်တမ်းတင်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်က ကရင်နီပြည်နယ်ထဲကို ၂၀၂၅ ခုနှစ် နှစ်ဝက်လောက်ကစပြီး စစ်ကြောင်း ၅ ခုထက်မနည်း ထိုးစစ်ဆင်နေတာကြောင့် တော်လှန်ရေးအင်အားစုတွေနဲ့ တိုက်ပွဲတွေ ခုလက်ရှိအချိန်အထိ ဖြစ်ပွားနေပါတယ်။










