DVB Logo
Home
ကျန်းမာရေး
နွေဦးပြည်သူတို့အတွက် ကရဝေးပင် ဆေးဖက်ဝင်
DVB
·
December 3, 2025
နွေဦးပြည်သူတို့အတွက် ကရဝေးပင် ဆေးဖက်ဝင်
Donate to DVB

ဒီတပတ်မှာ နွေဦးပြည်သူတို့အတွက် ကရဝေးပင် ဆေးဖက်ဝင် အကြောင်းကို လက်လှမ်းမီ ဆေးပညာကနေ ရေးသားဖော်ပြသွားမှာ ဖြစ်ပါတယ်။ ကရဝေးပင်ကို သိပ္ပံလို Laurus nobilis လို့ခေါ်ပြီး အင်္ဂလိပ်လို Bay leaf, Lignea, India Cassia လို့ ခေါ်ကြပါတယ်။

ကရဝေးပင်မှာ ဗီတာမင် A၊ ဗီတာမင် C၊ ဗီတာမင် B6၊ ကယ်လ်စီယမ်၊ သံဓာတ်၊ မန်းဂနိစ် စတဲ့သတ္တုဓာတ်များနဲ့ Laurusnobilis essential oil, eucalyptol, terpinyl acetate, terpenes, sesquiterpenes, sesquiterpenes, methyl eugenol, Linalool, phellandrene, Geraniol, terpineol, lauric acid စတဲ့ ကျန်းမာရေးအကျိုးပြု ဓာတုဓာတ်ပေါင်းတွေ ပါဝင်ပြီး အစာချေဖျက်ပေးခြင်း၊ ဓာတ်တိုးဆန့်ကျင်ခြင်း၊ အကိုက်အခဲပျောက်ဆေး အာနိသင်ရှိခြင်း၊ ရောင်ရမ်းမှုကို ဆန့်ကျင်ခြင်း၊ ဘက်တီးရီးယားပိုးသတ်ဆေး/မှိုသတ်ဆေး အာနိသင်ရှိခြင်း၊ သကြားဓာတ် ထိန်းညှိပေးခြင်း၊ သွေးတွင်းအဆီကို လျှော့ချပေးခြင်း၊ နှလုံးကျန်းမာရေး စောင့်ရှောက်ပေးခြင်း၊ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးခြင်း၊ ကြွက်သားကို ပြေလျော့စေခြင်း၊ အရေပြားကျန်းမာရေးကို ထိန်းသိမ်းပေးခြင်း စတဲ့ အစွမ်းအာနိသင် ရှိပါတယ်။

ဆေးဖက်ဆိုင်ရာမှာ ကရဝေးပင်ရဲ့ အရွက်၊ အခေါက် တို့ကို သုံးစွဲကြပါတယ်။

ကရဝေးရွက်မှာ ဘက်တီးရီးယားဆန့်ကျင်ဂုဏ်သတ္တိများ ပါဝင်တာကြောင့် ကရဝေးရွက်ကို ထုထောင်းကာ ရင်ဘတ်ပေါ်လိမ်းပြီး အခိုးအငွေ့ကို ရှူရှိုက်ကာ ညအိပ်ခြင်းဖြင့် အသက်ရှူလမ်းကြောင်းကို ပြဿနာဖြစ်စေတဲ့ ဘက်တီးရီးယားများကို ဖယ်ရှားပေးပါတယ်။

ခေါင်းလျှော်ပြီးနောက် ကရဝေးရွက်နုကို ရေမှာစိမ်ပြီး ဦးရေပြားပေါ် ပွတ်လိမ်းပေးခြင်းက ဗောက်များကို ပျောက်ကင်းစေပြီး ဆံကေသာကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

ခေါင်းကိုက်ခြင်း၊ ခေါင်းတခြမ်းကိုက်ခြင်းတို့မှာ ကရဝေးရွက်ကို ကြိတ်ချေပြီး နားထင်မှာ လိမ်းပေးနိုင်ပါတယ်။

ကရဝေးရွက်မှာ phytonutrients၊ catechins၊ Linalool နဲ့ parthenolide ဓာတ်တိုးဆန့်ကျင်ပစ္စည်းများက ဓာတ်ကြွင်းပစ္စည်းတိုက်ခိုက်ခြင်းကနေ ကာကွယ်ပေးပြီး ကင်ဆာဖြစ်နိုင်‌ခြေကို ဟန့်တားပေးပါတယ်။

ကရဝေးရွက်မှာ စိတ်ဖိစီးမှု ဟော်မုန်းအဆင့်ကို လျှော့ချပေးနိုင်တဲ့ Linalool ပါဝင်တာကြောင့် စိတ်ပူပန်မှု လွန်ကဲနေချိန်မှာ ကရဝေးရနံ့ကို နမ်းရှူပေးခြင်းဖြင့် စိတ်ငြိမ်စေပြီး စိတ်တင်းကျပ်မှုများကို ပြေလျော့စေပါတယ်။

ချောင်းဆိုးခြင်းနဲ့ အအေးမိခြင်းအတွက် ကရဝေးရွက် အမှုန့် ကော်ဖီတဇွန်းကို ရေနွေးဆူဆူမှာ စိမ်ပြီး တနေ့ ၂ ကြိမ် နွေးနွေးသောက်ပေးခြင်းဖြင့် နှာချေခြင်း၊ နှာစေးခြင်း၊ ရင်ပူခြင်း၊ ခေါင်းကိုက်ခြင်း တို့ကို သက်သာရာရစေပါတယ်။

ကရဝေးရွက်မှုန့်နဲ့ တနေ့ ၂ ကြိမ် သွားတိုက်ပေးခြင်းဖြင့် သွားများကို တောက်ပြောင်စေပြီး သွားရောဂါများကို ကာကွယ်ပေးပါတယ်။

အော့အန်ခြင်းအတွက်  ကရဝေးရွက်မှုန့် ကော်ဖီတဇွန်းကို ရေနွေးနဲ့ သောက်ပေးခြင်းဖြင့် သက်သာမှု ရစေပါတယ်။

အသားဝါရောဂါမှာ  ကရဝေးရွက် ၅-၆ ရွက်ကို တနေ့ ၂-၃ ကြိမ် ဝါးပြီး ရေသောက်ပေးခြင်းဖြင့်  ရောဂါပြင်းထန်မှုကို လျှော့ချပေးနိုင်ပါတယ်။

ကလေးမွေးဖွားခြင်းဖြစ်စဉ်အတွင်း ကရဝေးရွက် အငွေ့ကို အနံ့ခံပေးခြင်းဖြင့် ကလေးမွေးဖွားရ လွယ်ကူစေပါတယ်။

ကရဝေးရွက်ပြုတ်ရည် ရေနွေးကြမ်းတခွက်ကို တနေ့ ၁-၂ ကြိမ် သောက်ပေးခြင်းဖြင့်  သားအိမ်သန့်ရှင်းစေပြီး သားအိမ်နာခြင်းကို သက်သာစေပါတယ်။

ခန္ဓာကိုယ်အစိတ်အပိုင်းတခုခုမှ သွေးထွက်ပါက ကရဝေးရွက်မှုန့် ကော်ဖီဇွန်းတဇွန်းကို ရေတခွက်နဲ့ တနေ့ ၂-၃ ကြိမ် သောက်ပေးခြင်းဖြင့် သွေးထွက်ခြင်းကို သက်သာစေပါတယ်။

ကရဝေးရွက်ဟာ အင်ဆူလင် လုပ်ဆောင်ချက်ကို မြှင့်တင်ပေးပြီး သွေးတွင်း သကြားဓာတ်ပမာဏကို ထိန်းညှိနိုင်တာကြောင့် အမျိုးအစား-၂ ဆီးချိုရောဂါဝေဒနာရှင်များ ကရဝေးရွက်မှုန့် တခါသောက် ကော်ဖီ ၂ ဇွန်းကို တနေ့ ၂ ကြိမ် သောက်သုံးပေးခြင်းဖြင့် ကောင်းမွန်တဲ့အကျိုးကို ရရှိစေပါတယ်။

ကရဝေးရွက်ခြောက်ကနေ ထုတ်ယူထားတဲ့ အဆီများမှာ Cineole နဲ့ Polyphenols ဓာတ်တိုးဆန့်ကျင်ပစ္စည်းများက သွေးတွင်း ကောင်းတဲ့အဆီကို တိုးစေပြီး LDL သွေးတွင်းမကောင်းတဲ့အဆီနဲ့ Triglycerides များကို လျှော့ချပေးတာကြောင့် ကရဝေးရွက် အသင့်အတင့်ကို ပုံမှန်စားသုံးပေးခြင်း/ရေနွေးကြမ်းသောက်သုံးပေးခြင်းဖြင့် သွေးတိုးရောဂါ၊ သွေးကြောမာခြင်း၊ နှလုံးဖောက်ခြင်းနဲ့ လေဖြတ်ခြင်း စတဲ့ နှလုံးသွေးကြောဆိုင်ရာ ရောဂါများ ဖြစ်နိုင်ခြေကို လျော့ပါးစေပါတယ်။

ကရဝေးရွက်ရဲ့ တက်ကြွဓာတ်ပေါင်းများက အစာအိမ်အချွဲများနဲ့ အစာခြေအင်ဇိုင်းများ ထုတ်လုပ်မှုကို လှုံ့ဆော်ပေးကာ အစာခြေစနစ်ကို ကောင်းမွန်စေပြီး အစာအိမ်အတွင်းပိုင်းကို ကာကွယ်ပေးတာကြောင့် အစာအိမ်နာရောဂါမှာ အရွက်မှုန့် ကော်ဖီတဇွန်းကို တနေ့ ၂-၃ ကြိမ် သောက်သုံးပေးခြင်းဖြင့် သက်သာမှု ရစေပါတယ်။

ကရဝေးရွက်ကို ထုထောင်းကာ ရေနွေးနဲ့ဖျော်ပြီး လိမ်းနယ်ပေးခြင်းဖြင့် အဆစ်အမြစ် ရောင်ရမ်းခြင်း၊ ဒူလာရောဂါ၊ အဆစ်ရောင်ရမ်းခြင်း၊ အကြောတက်ခြင်း၊ ညောင်းညာခြင်းနဲ့ နာကျင်မှုကို သက်သာစေပါတယ်။ ကရဝေးရွက်မှာ parthenolide ဓာတ်ပေါင်း ပါဝင်လို့  ရောင်ရမ်းမှုကို လျှော့ချပေးတာကြောင့် အဆစ်တွေနဲ့ နာကျင်တဲ့ နေရာတွေမှာ လိမ်းပေးခြင်း၊ အရွက်တွေကို အစားအစာထဲ သင့်သလို ထည့်စားသုံးပေးခြင်းဖြင့် ရောင်ရမ်းမှုကို မြန်မြန် သက်သာစေပါတယ်။

ကရဝေးရွက်ဟာ ပိုးသတ်ဆေးအာနိသင်များ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများကို ဖြစ်စေတဲ့ ဘက်တီးရီးယားများနဲ့ ဗိုင်းရပ်စ်များနဲ့ ပိုလျှံနေတဲ့ ချွဲသလိပ်တွေကို ဖယ်ရှားပေးနိုင်တဲ့ အစွမ်းသတ္တိရှိတာကြောင့် ကရဝေးရွက်ပြုတ်ရည် ရေနွေးကြမ်းတခွက်ကို တနေ့ ၂ ကြိမ် သောက်သုံးပေးခြင်းဖြင့် နှာစေးခြင်း၊ အအေးမိခြင်း၊ တုပ်ကွေး၊ လည်ချောင်းနာခြင်းနဲ့ အသက်ရှူလမ်းကြောင်း ပြဿနာများကို သက်သာ ကောင်းမွန်စေပြီး ဆက်စပ်ဖျားနာမှုများကို ကာကွယ်ပေးပါတယ်။

ကရဝေးရွက်ဟာ Bifidobacteria နဲ့ Lactobacillus စတဲ့ အကျိုးပြု အူလမ်းကြောင်း ဘက်တီးရီးယားများ ကြီးထွားမှုကိုလည်း ထောက်ပံ့ပေးတာကြောင့် အစာလမ်းကြောင်း ကျန်းမာရေးကို စောင့်ရှောက်ပေးပြီး ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပါတယ်။

ကရဝေးရွက်ရဲ့ ဓာတ်တိုးဆန့်ကျင်အာနိသင်ကြောင့် မှတ်ဉာဏ်ကို အားကောင်းစေပြီး အသက်အရွယ်နဲ့ဆိုင်တဲ့ မှတ်ဉာဏ်ဆိုင်ရာ ကျဆင်းမှုကို လျှော့ချပေးကာ ပါကင်ဆန်ရောဂါ ကဲ့သို့သော အာရုံကြောဆိုင်ရာ ရောဂါများ ဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။

ကရဝေးပင်ကို အသင့်အတင့် သုံးစွဲခြင်းက ထူးခြားတဲ့ ဘေးထွက်ဆိုးကျိုးမရှိပေမဲ့ အလွန်အကျွံ သုံးစွဲခြင်းကြောင့် လည်ချောင်းယားယံခြင်း၊ လည်ချောင်းနာခြင်း၊ အူလမ်းကြောင်း ပိတ်ဆို့ခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။ ကရဝေးရွက် အမြောက်အမြားကို အထူးသဖြင့် စိတ်ငြိမ်ဆေးများနဲ့ ရောနှောသုံးစွဲခြင်းကြောင့် ငိုက်မျဉ်းခြင်းနဲ့ အသက်ရှူ နှေးကွေးစေကာ ဝမ်းလျှောခြင်း၊ ကြွက်တက်ခြင်း၊ ခေါင်းကိုက်ခြင်း စတဲ့ပြဿနာများကို ဖြစ်စေနိုင်ပါတယ်။ ကရဝေးရွက်နဲ့ ဓာတ်မတည့်သူများမှာ ယားယံခြင်း၊ ရောင်ရမ်းခြင်း၊ အသက်ရှူရခက်ခဲခြင်းတို့ ဖြစ်စေနိုင်တာကြောင့် ဓာတ်မတည့်သူများ ကရဝေးပင်ထွက်ပစ္စည်းများကို ရှောင်ကြဉ်သင့်ပါတယ်။ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်များ အလွန်အကျွံ သုံးစွဲခြင်းကို ရှောင်ကြဉ်ပါ။

နွေဦးပြည်သူများ ကရဝေးပင်ရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများကို သိရှိပြီး လိုအပ်သလို ရယူသုံးစွဲနိုင်ဖို့ ရေးသားဖော်ပြလိုက်ပါတယ်။

သာဇဏ် (CDM ကျန်းမာရေးဝန်ထမ်း၊ တိုင်းရင်းဆေးပညာရှင်)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013