DVB Logo
Home
မြန်မာသတင်း
ရာ့ချ်ပူရီတွင် တရားမဝင်မြန်မာများတင်လာသည့်ကား ဘီးပေါက်ပြီး ရေထဲထိုးကျ၊ ၉ ဦးသေဆုံး
DVB
·
December 3, 2025
ရာ့ချ်ပူရီတွင် တရားမဝင်မြန်မာများတင်လာသည့်ကား ဘီးပေါက်ပြီး ရေထဲထိုးကျ၊ ၉ ဦးသေဆုံး
Donate to DVB

ထိုင်းနိုင်ငံအနောက်ပိုင်း ရာ့ချ်ပူရီခရိုင် ပါက်ထော့မြို့နယ်ထဲမှာ ဒီဇင်ဘာ ၃ ရက် ဒီမနက်က တရားမဝင်မြန်မာတွေ တင်လာတဲ့ကားတစီး နောက်ဘီးပေါက်ကာ ရေကန်ထဲထိုးကျသွားပြီး ၉ ယောက်သေဆုံး၊ ၆ ယောက် ထွက်ပြေးသွားတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 

ဒီနေ့မနက် ၇ နာရီခွဲလောက်က ပါက်ထော့မြို့နယ် နောင်ကရထုမ့်ရွာ ရပ်ကွက် ၄ ရှိ  တူးမြောင်းပတ်လမ်းမှာ ကားတစီး‌ရေထဲထိုးကျသွားကြောင်း သတင်းပေးချက်ရတာကြောင့် ကားဆွဲကရိန်းကား၊ အရေးပေါ်လူနာတင်ယာဉ်တွေနဲ့အတူ သွား‌ရောက်စစ်ဆေးခဲ့တယ်လို့  ပါက်ထော့နယ်မြေရဲစခန်း တာဝန်ကျစခန်းမှူးက သတင်းထောက်တွေကို ပြောပါတယ်။ 

အခင်းဖြစ်တဲ့နေရာမှာ မီးခိုးရောင်တိုယိုတာကားတစီး ရေထဲမှာတိမ်းမှောက်အနေအထားနဲ့ နစ်မြုပ်နေတယ်၊ ကားရှေ့မှန်တွေကွဲပြီး ဘယ်ဘက်က နောက်ဘီးပေါ်က်နေတယ်၊ ကယ်ဆယ်ရေးအဖွဲ့တွေက ကား နဲ့ လူပါဆွဲထုတ်ရာမှာ ကားထဲမှာ သေဆုံးနေသူ ၉ ဦး အမျိုးသား ၈ ဦး နဲ့ မိန်းကလေးငယ် ၁ ဦး တွေ့ရှိတယ်၊ သူတို့ရဲ့ လက်ကောက်ဝတ်မှာ အပြာ‌ရောင်ကြိုးချည်ပြီး သင်္ကေတအမှတ်အသားလုပ်ထားတယ်လို့ ဆိုပါတယ်။ 

အနီးနားရှိ မျက်မြင်သက်သေတွေ ပြောပြချက်အရ အဆိုပါကားဟာ ပါက်ထော့မြို့ဘက် ဦးတည်သွားနေစဉ် ကုန်းအတက်မှာ နောက်ဘီးပေါက်ပြီး ရေထဲကျသွားတယ်။ ကားက အလေးချိန်စီးလို့ ကုန်းမတက်နိုင်ဘဲ ဘီးပေါက်သွားတာလို့ ယူဆရတယ်။ ကားရေထဲကျသွားတော့ အမျိုးသား ၆ ယောက် ရေကူးပြီး ကုန်းပေါ်တက်သွားတယ်၊ လိုအပ်သလိုကူညီဖို့ ဖြစ်စဉ်ကို လှမ်းမေးရာမှာ ထိုင်းလိုနားမလည်ဘူး၊ အမျိုးသားတယောက်ကတော့ ကားထဲမှာလူတွေ အများကြီး ပိတ်မိနေတယ်လို့ပြောပြီး သူတို့ကိုလာကြိုတဲ့ အနက်ရောင်ကားတစီးပေါ် တက်သွားတယ်လို့ ပြောပါတယ်။ 

တာဝန်ရှိသူတွေက ကားထဲကို စစ်ဆေးရာမှာ ကားပိုင်ရှင်မှာ နိုင်းဆုထိပ် မိုင်ခုံးဆိုသူဖြစ်ပြီး ထွက်ပြေးသွားတဲ့ ယာဉ်မောင်းဟုတ်မဟုတ်တော့ မသိရကြောင်း၊ ကျန်တဲ့သူတွေ မှတ်ပုံတင်အထောက်အထားမရှိဘူး၊ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာတွေ ဖြစ်နိုင်တယ်၊  လိုအပ်သလို အရေးယူဖို့  ထွက်ပြေးသွားသူတွေနောက် လိုက်လံစုံစမ်းဖမ်းဆီးနေတယ်လို့  တာဝန်ရှိသူက ပြောကြောင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

Source:  CH7 Thai TV News / Matichon News / BMC TV 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013