DVB Logo
Home
မြန်မာသတင်း
ဘယ်လာရုစ်သမ္မတ ခရီးစဉ်က စစ်ဘက်စီးပွားရေးနှင့် နိုင်ငံရေးတရားဝင်မှုကို ရှာဖွေခြင်းဖြစ်
DVB
·
December 3, 2025
ဘယ်လာရုစ်သမ္မတ ခရီးစဉ်က စစ်ဘက်စီးပွားရေးနှင့် နိုင်ငံရေးတရားဝင်မှုကို ရှာဖွေခြင်းဖြစ်
Donate to DVB

“ဥရောပရဲ့ နောက်ဆုံးအာဏာရှင်” လို့ နာမည်ကြီးတဲ့ ဘယ်လာရုစ်နိုင်ငံသမ္မတ လူကာရှန်ကိုရဲ့ မြန်မာပြည်ခရီးစဉ်ဟာ စစ်ဘက်စီးပွားရေးနဲ့ နိုင်ငံရေးတရားဝင်မှုကို ရှာဖွေတာဖြစ်တဲ့အကြောင်း လေ့လာသူတွေက သုံးသပ်ကြပါတယ်။

ဘယ်လာရုစ်နိုင်ငံသမ္မတ အလက်ဇန္ဒား လူကာရှန်ကိုဟာ နိုဝင်ဘာ နောက်ဆုံးအပတ်မှာ မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီး ဒါဟာ အာဏာသိမ်းပြီးနောက်ပိုင်း နေပြည်တော်ကို လာရောက်တဲ့ ဒုတိယမြောက် နိုင်ငံတော်အဆင့်ခရီးစဉ် ဖြစ်ခဲ့ပါတယ်။

လူကာရှန်ကိုရဲ့ ခရီးစဉ်မှာတော့ ၂၀၂၂ ခုနှစ်တုန်းက ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟွန်ဆန် လာရောက်ခဲ့တုန်းကထက် ပိုပြီးခမ်းခမ်းနားနား ကြိုဆိုခဲ့တာ တွေ့ရပြီး သမ္မတအိမ်တော်မှာ လက်ခံ တွေ့ဆုံခဲ့တာပါ။

ဒီခရီးစဉ်အတွင်း ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ် အပါအဝင် တက္ကသိုလ်တချို့နဲ့ ပူးပေါင်းဆောင်ရွက်ရေး MOU စာချုပ် လက်မှတ်ထိုးခဲ့ကြသလို ဆေးဝါး၊ စိုက်ပျိုးရေး၊ စက်မှုနည်းပညာရပ်တွေနဲ့ ပတ်သက်လို့လည်း သဘောတူစာချုပ်တွေ ချုပ်ဆိုခဲ့ကြပါတယ်။

ဒါ့အတူ ကမ္ဘာ့နိုင်ငံကြီးတွေက ကန့်ကွက်ထားတဲ့ မြန်မာစစ်တပ် ရွေးကောက်ပွဲကို စောင့်ကြည့် လေ့လာရေး ကိုယ်စားလှယ် စေလွှတ်မယ်လို့လည်း ခရီးစဉ်အပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ကြပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးအောင်သူငြိမ်းက “နိုင်ငံရေးအရတော့ဗျာ၊ ဒီဘက်ကလည်း ဘာတောင်းထားလဲ ဆိုတော့ သူ့ရွေးကောက်ပွဲကို ထောက်ခံဖို့ ဘာညာ စသဖြင့်ပေါ့ဗျာ။ တဖက်ကလည်း ဒါကို ထောက်ခံမယ်လို့ ပြောတာပေါ့၊ ဆို‌တော့ ဒီအပိုင်းတော့ ရှိပါတယ်။ ဘယ်လာရုစ်က ပြောမယ်ဆိုရင် နိုင်ငံ သေးပါတယ်။ နောက်တခါတော့ ဒီ ရုရှားရဲ့ ဘာခေါ်မလဲ လွှမ်းမိုးမှုအောက်မှာရှိနေတဲ့ နိုင်ငံတခုလို့ ပြောလို့ရတာပေါ့။ ဒါပေမဲ့ တခုရှိတာက သူက တချို့သော နိုင်ငံတကာ အဖွဲ့အစည်းတွေမှာ ခေါင်းဆောင် ဖြစ်နေတယ်၊ အဖွဲ့ဝင်ဖြစ်ပြီးသားပေါ့ဗျာ။ ဒါကတော့ မြန်မာဘက်ကကျတော့ ဒီအဖွဲ့အစည်းတွေမှာ ပါချင်တယ်။ အထူးသဖြင့်  ရှန်ဟိုင်းကိုအော်ပရေးရှင်းတို့ နောက်တခုက ယူအေးရှား လို့ခေါ်တဲ့ ဥရောပ-အာရှပေါ့နော်၊ ဒီလို နိုင်ငံအဖွဲ့အစည်းတွေ ရှိပါတယ်။ ဒါကတော့ ပြောမယ်ဆိုရင် နိုင်ငံရေးအရတော့ အကျိုးရှိမယ်လို့ ယူဆရတာပေါ့” လို့ ပြောပါတယ်။

ဒီလိုမျိုး နိုင်ငံရေးအရ အကျိုးအမြတ်တွေအပြင် စိုက်ပျိုးရေး၊ ဆေးဝါး၊ ကုန်သွယ်ရေးနဲ့ တက္ကသိုလ်ချင်း ပူးပေါင်းဆောင်ရွက်မှုတွေ MOU တွေကြောင့် မြန်မာပြည်သူတွေအတွက် အကျိုးရှိမယ်လို့ မျှော်လင့်ရကြောင်း သူကပြောပါတယ်။

ဒါပေမဲ့ တဖက်မှာတော့ နယ်မြေအရ ကွာဝေးတာကြောင့် ဘယ်လာရုစ်နဲ့ မြန်မာစစ်တပ်အကြား ပူးပေါင်းစရာတွေ သိပ်မရှိဘဲ စစ်ဘက်ပူးပေါင်းမှုကို ဖုံးကွယ်တဲ့ အရပ်ဘက်သဘောတူညီချက်တွေ ဖြစ်တဲ့အကြောင်း ဝေဖန်သူတွေလည်း ရှိနေပါတယ်။

အထူးသဖြင့် လက်နက်တွေကို အဆင့်မြှင့်ဖို့၊ တိုက်လေယာဉ်နဲ့ လေကြောင်းရန် ကာကွယ်ရေးစနစ်တွေလိုမျိုး တခြားလက်နက်တွေကို အဆင့်မြှင့်ဖို့အတွက် ဘယ်လာရုစ်ဘက်က အကူအညီပေးနိုင်တဲ့ အနေအထားမျိုး ရှိနေပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ အမျိုးသားတယောက်က “ဘာလို့ဆို‌တော့ ဘယ်လာရုစ်ကလည်း ရုရှားက ထုတ်တဲ့ လက်နက်တွေကိုပဲ အဓိကသုံးတယ်။ စစ်ကောင်စီကလည်း ရုရှားကထုတ်တဲ့ လက်နက်တွေကို အဓိကသုံးတယ်။ ဘယ်လာရုစ်ရဲ့ အဓိကစီးပွားရေးကလည်း ရုရှားနိုင်ငံကနေ အထောက်အပံ့ပြုထားတဲ့ အကြီးစားစက်မှုလုပ်ငန်းတွေကိုပဲ အားကိုးနေရတာဆိုတော့ ဒါဟာ စစ်ကောင်စီအတွက် ပိုပြီးတော့ ဈေးသက်သက်သာသာနဲ့ အဆင့်မြင့်တဲ့ဟာတွေကို လုပ်နိုင်မယ့် အနေအထားမှာ ရှိတယ်။ နောက်တခုကကျတော့ ဘယ်လာရုစ်ရော၊ လက်ရှိ မြန်မာစစ်ကောင်စီရောက သံသမန်ရေးအရ ချောင်ပိတ်မိနေတဲ့ နိုင်ငံတွေလို့ ပြောလို့ရတယ်ပေါ့လေ။ ဆို‌တော့ ဒီလိုမျိုး သဘောတရားချင်းတူတဲ့ နိုင်ငံတွေက တယောက်နဲ့တယောက် ပူးပေါင်းမိတာက မထူးဆန်းဘူးလို့ပဲ ယူဆရမယ်ဗျ” လို့ ပြောပါတယ်။

မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ ပြောခွင့်ရသူ CDM ဗိုလ်မှူးနောင်ရိုးကတော့ ခြေလျင်တပ်သုံး ဗျူဟာမြောက် အဆင့်မြင့် အစိတ်အပိုင်းတွေ ပူးပေါင်းဆောင်ရွက်မဲ့ အနေအထားရှိကြောင်း ပြောပါတယ်။

အထူးသဖြင့် ပကစ လို့ခေါ်တဲ့ ပြည်တွင်း ကာကွယ်ရေးပစ္စည်းစက်ရုံတွေရဲ့ စွမ်းရည်ကို မြှင့်တင်ဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။

ဗိုလ်မှူးနောင်ရိုးက “ခြေလျင်တပ်သုံး နည်းဗျူဟာမြောက် အစိတ်အပိုင်းတွေဆိုရင်တော့ ကပစ ၁၊ ၄ အဖွဲ့တွေပေါ့နော်။ စစ်လက်နက် သုတေသနအပိုင်းတွေ၊ ခြေလျင်တပ်သုံး အဆင့်မြင့် စစ်လက်နက်တွေ၊ ဥပမာဆိုရင်တော့ အဆင့်မြင့်စနိုက်ပါ ထုတ်လုပ်ရေး လုပ်ငန်းစဉ်တွေပေါ့နော်။ ဒါမျိုးကဏ္ဍတွေမှာလည်း ဘယ်လာရုစ်နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိနိုင်ပါတယ်။ နောက်တခုကတော့ စစ်ဘက်ဆက်သွယ်ရေး အဆင့်မြင့်စနစ်တွေပြီးရင် ခေတ်သစ် စစ်ဘက်နည်းပညာ အဆင့်မြင့်စနစ်တွေပေါ့နော်။  ဒီကဏ္ဍနယ်ပယ်တွေမှာလည်း စစ်ကောင်စီနဲ့ ဘယ်လာရုစ်ကြားမှာ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိလာနိုင်တယ်လို့ ကျနော်တို့ သုံးသပ်ရပါတယ်” လို့ ပြောပါတယ်။

Justice For Myanmar (JFM) ပြောခွင့်ရသူ မရတနာမောင် ကတော့ ဘယ်လာရုစ်ဟာ မြန်မာစစ်တပ်အတွက် အရေးပါတဲ့ စစ်လက်နက်ရောင်းချသူနဲ့ လေ့ကျင့်သင်ကြားသူနိုင်ငံ ဖြစ်တဲ့အပြင် ကုလသမဂ္ဂမှာလည်း နိုင်ငံရေးအရ ထောက်ခံမှုပေးနေတဲ့ နိုင်ငံဖြစ်ကြောင်း ထောက်ပြပါတယ်။

အခုခရီးစဉ်ကနေ အဆိုပါဆက်ဆံရေးတွေကို ပိုမိုခိုင်မာစေခဲ့ပြီး အခွန်နဲ့ အကောက်ခွန်ဆိုင်ရာ သဘောတူညီချက်တွေကနေ ခရိုနီတွေကို စီးပွားရေးလုပ်ငန်းတွေ ပိုမိုဆက်နွှယ် လုပ်ဆောင်လာစေဖို့ ကြိုးပမ်းမှုတွေကိုလည်း တွေ့ရကြောင်း ပြောပါတယ်။

ဒါကြောင့် ဒီခရီးစဉ်ဟာ မြန်မာစစ်အုပ်စုအတွက် “နိုင်ငံတကာအသိအမှတ်ပြုမှု” ကိုပေးတဲ့ ရှားပါးအခွင့်အရေးဖြစ်ပြီး နိုင်ငံတကာပိတ်ဆို့မှုကို ရှောင်ကွင်းဖို့နဲ့ အာဏာရှင်နိုင်ငံအချင်းချင်း မဟာမိတ်ပြုတဲ့ ပုံစံကို ဖော်ပြနေတဲ့အကြောင်း သိရပါတယ်။

စိုးသူအောင်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013