DVB Logo
Home
မြန်မာသတင်း
ပခုက္ကူတွင် ကျားဖြူပါတီကိုယ်စားလှယ်လောင်း ၁ ဦး ဖမ်းဆီးခံရ
DVB
·
December 3, 2025
ပခုက္ကူတွင် ကျားဖြူပါတီကိုယ်စားလှယ်လောင်း ၁ ဦး ဖမ်းဆီးခံရ
Donate to DVB

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ ရွေးကောက်ပွဲဝင်ပြိုင်မယ့် ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) မှ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဝေလင်းထက်ကို နိုဝင်ဘာ ၂၈ ရက်မှာ လက်နက်ကိုင်အဖွဲ့တခုက ဖမ်းဆီးသွားခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ပခုက္ကူမြို့ခံတယောက်က “ပခုက္ကူမြို့ရဲ့ အရှေ့ဘက်က အေးကျွန်းရွာမှာနေတဲ့ အမတ်လောင်း ဝေလင်းထက်ကို လက်နက်ကိုင်အဖွဲ့တခုက အဲဒီနေ့မနက် ၇ နာရီလောက်မှာ အိမ်ကိုလာပြီး ဖမ်းဆီးသွားတာပါ။ ဘယ်ကိုဖမ်းသွားတယ် ဆိုတာလည်း မသိရသေးဘူး။ အဆက်အသွယ် မရသေးဘူးလို့ ကြားတယ်ဗျ” လို့ ပြောပါတယ်။

လက်နက်ကိုင်အဖွဲ့တခုက ဖမ်းဆီးသွားခဲ့တဲ့ အမတ်လောင်း ဝေလင်းထက်ဟာ ဒီဇင်ဘာ ၂ ရက် ညနေပိုင်းအထိ ပြန်လည်လွတ်မြောက်လာတာ မရှိသေးဘူးလို့လည်း ဆိုပါတယ်။

ပခုက္ကူအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က “သူ့ကို လက်နက်ကိုင်အဖွဲ့တခုက ဖမ်းသွားတယ် ဆိုတာတော့ သိရတယ်။ တော်လှန်ရေးတပ်ဖွဲ့ဘက်က ဖမ်းသွားတာလား၊ ပျူစောထီးဘက်က ပြန်ဖမ်းတာလား ဆိုတာတော့ မသိရသေးဘူးပေါ့နော်။ အဲဒီ ဝေလင်း​ထက် ဆိုတဲ့လူက အမတ်လောင်းသာ ဝင်လုပ်တာ။ သူ့ရွာက ရွာခံ ပျူစောထီး​ခေါင်းတောင် မျိုးမင်းသန့်နဲ့တောင် အဆင်ပြေတဲ့သူ မဟုတ်ဘူး။ နောက်ပြီး ဝေလင်းထွန်းမှာ တခြား လူမှုရေးကိစ္စတွေနဲ့ လောင်းကစားကိစ္စ ပြဿနာတွေလည်း ရှိသေးတယ်လို့ သိရတယ်” လို့ ကို ပြောပါတယ်။

အဆိုပါ အမတ်လောင်း ဝေလင်းထက် ဖမ်းဆီးခံရပြီးနောက် အေးကျွန်းကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရောက်လာကာ ရွာခံ ၅ ယောက်နဲ့ အေးကျွန်းကျေးရွာအနီးက ကျွဲတဲကမ်းနားရွာက ရွာခံ ၁၀ ယောက်ထက်မနည်းတို့ကို ပခုက္ကူ တပ်မ ၁၀၁ အတွင်း ဖမ်းဆီးခေါ်ဆောင်သွားကြပြီး စစ်တပ်ဘက်က ဖမ်းဆီးသွားတဲ့ ပြည်သူတချို့ကိုတော့ သက်ဆိုင်သူတွေက တပ်မ ၁၀၁ ထဲကနေ ငွေကြေးနဲ့ ပြန်လည်ရွေးယူခဲ့ရပေမဲ့ ပြည်သူတချို့ကိုတော့ ဒီဇင်ဘာ ၂ ရက် ညနေပိုင်းအထိ တပ်မ ၁၀၁ ထဲမှာ ဆက်လက်ဖမ်းဆီးထားဆဲ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီက အခု ဒီဇင်ဘာလကုန်ပိုင်းမှာ စတင်ကျင်းပမဲ့ ရွေးကောက်ပွဲဟာ အတုအယောင်ရွေးကောက်ပွဲ ဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့လည်း အဆိုပါရွေးကောက်ပွဲကို ရရာနည်းနဲ့ ဆန့်ကျင်ကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က တိုက်တွန်းထားပါတယ်။

အမှားပြင်ဆင်ချက်

(အထက်ပါသတင်း၌ ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) မှ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဝေလင်းထက်ကို ပြည်သူ့ပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းဟု မှားယွင်းဖော်ပြခဲ့မိသည့်အတွက် အနူးအညွတ်တောင်းပန်အပ်ပါသည်။)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013