DVB Logo
Home
မြန်မာသတင်း
ဟတ်ယိုင် ရေဘေးတွင် မြန်မာလုပ်သား ၂၀ ကျော် သေဆုံး၊ နစ်နာကြေးရရန် အခက်အခဲရှိ 
DVB
·
December 2, 2025
ဟတ်ယိုင် ရေဘေးတွင် မြန်မာလုပ်သား ၂၀ ကျော် သေဆုံး၊ နစ်နာကြေးရရန် အခက်အခဲရှိ 
Donate to DVB

ထိုင်းတောင်ပိုင်း ဆုန်ခလာခရိုင်မှာ ပြီးခဲ့တဲ့အပတ်က ရေဘေးဒဏ်သင့်လို့ သေဆုံးသွားရသူတွေထဲ မြန်မာရွှေ့ပြောင်းလုပ်သား ၂၀ ကျော် ပါဝင်ပြီး အစိုးရက ထုတ်ပေးမယ့် နစ်နာကြေးတွေရရှိဖို့လည်း  အခက်အခဲရှိနေတယ်လို့ ရွှေ့ပြောင်းလုပ်သားအရေး ကူညီဆောင်ရွက်ပေးနေတဲ့အဖွဲ့က ပြောပါ တယ်။ 

နိုဝင်ဘာ ၁၉ မှ ၂၇ ရက်ထိ ရေကြီးနေတဲ့ကာလအတွင်း  ဆုန်ခလာခရိုင် ဟတ်ယိုင်၊ ဆဒေါဝ်း နဲ့ ခလောင်းနွဲ့မြို့နယ်ထဲမှာ   မြန်မာရွှေ့ပြောင်းလုပ်သားအလောင်း စုစု‌ပေါင်း  ၂၀ ကျော်တွေ့ရှိတယ်၊ အဲဒီထဲမှာ ပွဲစားက လာထားလို့ တအိမ်တည်းစုပြုံနေတဲ့ အထောက်အထားမဲ့မြန်မာ ၁၂ ယောက်လည်း ပါတယ်လို့  ထိုင်းတောင်ပိုင်း ဟတ်ယိုင်အခြေစိုက် Labour Protect Network အဖွဲ့မှ  နယ်မြေစည်းရုံးရေးတာဝန်ခံ ကိုဘရီက DVB ကို ပြောပါတယ်။ 

“မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၀ ကျော် အလောင်းတွေ တွေ့တယ်လို့  ထိုင်းကယ်ဆယ်‌ရေး အဖွဲ့တွေက ပြောတယ်ခင်ဗျ။ အဲဒီထဲမှာ ထိုင်းကို တရားမဝင်လမ်းကနေ ရောက်လာကာစ ပွဲစားက အိမ်တလုံးမှာ စုထားတဲ့ မြန်မာ ၁၂ ယောက်လည်း ပါသွားတယ်။ ပွဲစားက အပြင်ကနေ သော့ခတ်သွားလို့ ထွက်မရဘဲ အိမ်ထဲနေတဲ့သူတွေ အကုန်သေတယ်။ ဒါတွေက အလောင်းတွေ့တာ၊ ရေထဲမျောပါသွားပြီး ဘယ်နားရောက်မှန်းမသိတဲ့ သူတွေလည်း ရှိသေးတယ်။ ကျနော်တို့ လက်လှမ်းမမီတဲ့ ဒေသမှာလည်း မြန်မာတွေ အသေအပျောက် ရှိဦးမယ်လို့ ထင်ပါတယ်။”

ထိုင်းအစိုးရက ရေဘေးကြောင့် သေဆုံးရသူတွေကို တဦးလျှင် ဘတ် ၂ သန်း၊ ရေဘေးသင့် တအိမ်ထောင်လျှင် ဘတ် ၉၀၀၀ ထောက်ပံ့မယ်လို့ ပြောဆိုထားပေမဲ့ ထိုင်းလူမျိုးတွေတောင်ရဖို့ ခက်ခဲနေပြီး  ရွှေ့ပြောင်းလုပ်သားတွေဆိုရင် ပိုပြီးခဲယဉ်းတယ်လို့  သူက ဆက်ပြောပါတယ်။ 

“အစိုးရက ရေဘေးကြောင့် သေဆုံးကြောင်း အထောက်အထားရှိမှ၊ ဆေးရုံက အလောင်းကို စစ်ဆေးပြီး ကျန်ရစ်သူမိသားစုနဲ့ ဒီအန်အေ (မျိုးဗီဇ) လည်းတူမှ ထုတ်နိုင်တာကြောင့် ထိုင်းလူမျိုးတွေတောင် မလွယ်လှပါဘူး၊ အိမ်ထောင်စုစာရင်း အထောက်အထားတွေလည်း ရေထဲမျောပါကုန်ပြီ၊ တချို့အလောင်းတွေက ပုပ်ပွပြီး စစ်ဆေးလို့တောင်မရဘူး၊ အဲဒီအတွက် ထိုင်းလူမျိုးတွေတောင် အစိုးရကို မကျေနပ်ဘူး၊ ကျနော်တို့ ရွှေ့ပြောင်းအလုပ်သမားတွေက ပိုခက်ပါတယ်၊ တချို့က အထောက်အထားကို မရှိတာ” လို့ ပြောပါတယ်။ 

ဆုန်ခလာခရိုင် ဟတ်ယိုင်ရေကြီးမှုမှာ  သေဆုံးသူပေါင်း ထောင်နဲ့ချီရှိတယ်လို့ ထိုင်းတောင်ပိုင်းဒေသ ဖွံ့ဖြိုး‌ရေး ဥက္ကဋ္ဌ (ထိုင်းလဝကရဲ ချူပ်ဟောင်း) ဆူရချေ့ ဟတ်ဖန်းက ပြောဆိုပေမဲ့ ကျန်းမာရေး ဝန်ကြီးဌာနကတော့ ၁၄၀ ဦးသာရှိတယ်လို့ ဒီဇင်ဘာ ၁ ရက် သတင်းစာရှင်းပွဲမှာ ပြောပါတယ်။ 

ဟတ်ယိုင်ဆေးရုံကြီးမှာ ရေဘေးကြောင့် သေဆုံးသူအလောင်း ၁၄၀ ရှိတယ်။ ၂၃ လောင်းကို ကျန်ရစ်သူဆွေမျိုးတွေထံ အပ်နှံခဲ့ပြီး လက်ရှိ ၁၁၇ လောင်း ကျန်ရှိတယ်၊ ၆၅ ဦးမှာ ဆေးရုံမှာ သေဆုံးပြီး ၇၅ ဦးမှာ မြေပြင်မှာဆုံးတယ်။ ၁၀၄ လောင်းကို မည်သူမည်ဝါဆိုတာ စစ်ဆေးပြီးဖြစ်တယ်။ ကျန်းမာရေးဌာနအနေနဲ့ ဒီအရေအတွက်ကို သက်သေနဲ့ တင်ပြတာဖြစ်ပါတယ်။ အပြင်ကနေ  မိမိယုံကြည်မှု၊ ခံစားမှုတွေနဲ့ သေဆုံးသူ အရေအတွက်ကို မှန်းဆပြောဆိုခြင်းမပြုဖို့ မေတ္တာရပ်ခံလိုပါတယ်။ ပြည်သူတွေကြား ထင်ယောင်ထင်မှားရှိစေတယ်။ ဌာနဆိုင်ရာရဲ့ ထုတ်ပြန်ချက်ကို မယုံကြည်က ဆေးရုံမှာ လာကြည့်နိုင်ပါတယ်။ ဟတ်ယိုင် ကယ်ဆယ်ရေးစခန်းမှာလည်း အလောင်းထည့်တဲ့ ကွန်တိန်နာကား ၇ စီး ထားရှိပါတယ်၊ အဲဒီနေရာကတော့ သက်ဆိုင်ရာအဖွဲ့အစည်းက ကန့်သတ်မှုရှိတယ်လို့  ထိုင်းကျန်းမာရေးဝန်ကြီးဌာန အတွင်းဝန် ဒေါက်တာ ဆဒ်ဒါး အာလ်ဖတ်က နိုဝင်ဘာ ၁ ရက် သတင်းစာရှင်းပွဲမှာ ပြောသွားပါတယ်။ 

ရွှေ့ပြောင်းအလုပ်သမားကူညီရေးအဖွဲ့တွေရဲ့ မြေပြင်မှာ တတ်နိုင်သလောက် ကူညီနေတာတော့ ရေဘေးကာလ ၈ ရက်အတွင်း မြန်မာရွှေ့ပြောင်းလုပ်သား ၂၀၀၀ ကျော်ကို  စားနပ်ရိက္ခာနဲ့ အခြေခံလူသုံးကုန်ပစ္စည်းတွေ ဝေငှပေးခဲ့တယ်၊  အထူးသဖြင့် ထိုင်းကယ်ဆယ်ရေးအဖွဲ့တွေ မရောက်ရှိနိုင်တဲ့ မြို့ပြင်က ရာဘာခြံ၊  စိုက်ပျိူးရေးခြံ၊ စက်ရုံအလုပ်ရုံတွေမှာ သွားရောက်ကူညီခဲ့တယ်၊ အကူအညီမရသေးတဲ့ ချောင်ကြိုချောင်ကြားနဲ့ မြို့ပြင်ရပ်ကွက်က အလုပ်သမားတွေလည်း ရှိသေးတယ်။

အဝေးကနေ လာကူမယ့်သူတွေအနေနဲ့ အဲဒီနေရာတွေ သွားရောက်လှူဒါန်းလိုပါက သူတို့အလုပ်သမားကူညီရေးအဖွဲ့ကို ဆက်သွယ်နိုင်တယ်လို့  Labour Protect Network ဖောင်ဒေးရှင်းမှ ကိုဘရီက ပြောသွားပါတယ်။ 

Source - Hfocus.org

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013