DVB Logo
Home
မြန်မာသတင်း
မင်းလက်ပံ ကျားဖြန့်ရုံ ပြန်ရရန် စစ်တပ်က ထိုးစစ်ဆင်ပြီး တိုက်ပွဲပြင်းထန်နေ
DVB
·
December 2, 2025
မင်းလက်ပံ ကျားဖြန့်ရုံ ပြန်ရရန် စစ်တပ်က ထိုးစစ်ဆင်ပြီး တိုက်ပွဲပြင်းထန်နေ
Donate to DVB

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ဝေါလေလမ်းပေါ်က ဖလူးကျေးရွာနဲ့ မင်းလက်ပံကျေးရွာ အနီးမှာ စစ်ကောင်စီက စစ်ကြောင်း ၂ ကြောင်းနဲ့ မြေပြင်နဲ့ ဝေဟင်ပစ်ကူ ရယူပြီး စစ်ကြောင်းထိုးနေတာကြောင့် တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

လက်ရှိမှာလည်း ကရင်အမျိုးသားအစည်းအရုံး (KNU) က ထိန်းသိမ်းထားတဲ့ မင်းလက်ပံ ကျားဖြန့် အွန်လိုင်းငွေလိမ်လုပ်ငန်းကို ထိရောက်စွာနှိမ်နင်းနိုင်ဖို့ နိုင်ငံတကာရဲ့ အရေးပေါ် ပူးပေါင်းဆောင်ရွက်မှုတွေ လိုအပ်နေတယ်လို့ နိုဝင်ဘာ ၂၅ ရက်မှာ KNU က ထုတ်ပြန်ခဲ့ပြီးနောက် စစ်ကောင်စီက လူ၊ လက်နက်အင်အား ဖြည့်တင်းပြီး ထိုးစစ်ဆင်ခဲ့တာပါ။

စစ်ရေးသတင်းရင်းမြစ်က “အဓိကတော့ ဒီကောင်(စစ်တပ်)တွေ ဖိနေတယ်လေ မင်းလက်ပံကို။ ဟိုတလောက KNU က ဝင်စီးထားတဲ့ မင်းလက်ပံဘေးက ကျားဖြန့်ရုံကို ဦးတည်လာပြီးတော့ တိုက်နေတာ။ ထုတ်ပြန်ချက်ကိုပဲကြည့် KNU ကို ပစ်မှတ်ထားပြီးတော့ ကျားဖြန့်မှာပါတဲ့ စွပ်စွဲချက်တွေကို စစ်ကောင်စီရဲ့ သတင်းမီဒီယာတွေက စွပ်စွဲပြောဆိုနေတာတွေ ရှိတယ်။ အဲဒီတော့ အဲဒီအပိုင်းကို KNU က မဟုတ်ကြောင်း သက်သေပြဖို့ လက်ရှိ သိမ်းဆည်းရမိထားတဲ့  အခြေခံအချက်အလက်တွေ ရှာနေတယ်လို့ ဘေးကနေ သိထားတယ်။ အဲဒီတော့ KNU လက်ထဲမှာ ရောက်နေတဲ့ ကျားဖြန့်တွေကို KNU ပြန်လက်လွှတ်ရေး၊ လိုချင်တဲ့ အချက်အလက်တွေ မရရေး ဦးတည်ပြီး လုပ်နေတယ်လို့ ကျနော်တို့က သုံးသပ်ရမယ်” လို့ ပြောပါတယ်။

စစ်ကောင်စီက အွန်လိုင်းလိမ်လည်မှု၊ လောင်းကစားမှုတွေကို မြန်မာ့မြေပေါ်ကနေ အပြီးတိုင် ချုပ်ငြိမ်းသွားအောင် အမြစ်ပြတ် ချေမှုန်းသုတ်သင်သွားမယ်လို့ ပြောဆိုခဲ့ပါတယ်။

မင်းလက်ပံ ကျားဖြန့်ရုံကနေ အီသီယိုးပီးယား၊ ရဝမ်ဒါ၊ အီဂျစ်၊ ဖိလစ်ပိုင်၊ တရုတ်၊ မလေးရှား၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်ဝမ်၊ ဟောင်ကောင် စတဲ့နိုင်ငံက အလုပ်သမား ၇၀၀ ကျော်နဲ့ အလုပ်သမားပေါင်း ၂,၀၀၀ ကျော်ကို KNU က တွေ့ရှိခဲ့တာကြောင့် ထိန်းသိမ်းခဲ့ပါတယ်။

KNU ဆီက မင်းလက်ပံကျားဖြန့်ရုံက သက်သေတွေ ပြန်ရရှိရေးက စစ်တပ်အတွက် အသက်တမျှ အရေးကြီးတယ်လို့ ကရင်စစ်ရေးလေ့လာသူတွေက ပြောပါတယ်။

ကရင်စစ်ရေးလေ့လာသူတယောက်က “ပွင့်ပွင့်လင်းလင်းပြောရရင် မင်းလက်ပံကို KNU ယူလိုက်တာက ပျားအုံကို တုတ်နဲ့ သွားထိုးလိုက်တာပဲ။ နောက် မင်းလက်ပံက သက်သေ အထောက်အထားအားလုံးကို KNU က အကုန်ရသွားပြီ။ KNU ဆီက ဒါတွေပြန်ရရှိရေးက တပ်မတော်အတွက် အသက်တမျှ အရေးကြီးပါတယ်။ တကယ်လို့ အဲကိစ္စတွေ အချက်အလက်တွေက ကွန်ပျူတာနဲ့ အားလုံးဟာ သက်ဆိုင်ရာ ကျားဖြန့်တိုက်ဖျက်ရေး လက်ထဲကိုသာ ရောက်သွားခဲ့မယ်ဆိုရင် လက်ရှိ ပါဝင်ပတ်သက်သူတွေ အကုန်လုံး  သက်သေအထောက်အထားတွေ ဖြစ်ကုန်မှာ။ KK Park ကိုတော့ သူတို့ မိုင်းခွဲဖျက်ဆီးပြီး လက်စဖျောက်နိုင်ပြီးတော့ ဒီ မင်းလက်ပံကျတော့ မဖျောက်လိုက်နိုင်ဘူး။ အဲဒီသက်သေတွေက KNU လက်ထဲကို ရောက်သွားတယ်။ အဲဒီဟာတွေ ပြန်ရဖို့အတွက်ကတော့ သူတို့က ကြိုးစားလိမ့်မယ်” လို့ ပြောပါတယ်။

လက်ရှိမှာလည်း ရသေ့ဂူဘက်ကနေ ဖလူးကျေးရွာနဲ့ မယ်ထော်သလေးဘက်ကနေ မင်းလက်ပံကို စစ်ကြောင်းထိုးနေတာကြောင့် တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။

ဒါကြောင့် နိုင်ငံတကာက သက်သေအထောက်အထားတွေ အမြန်ဆုံးရယူဖို့နဲ့ ရက်ကြာရင် KNU အနေနဲ့ ထိန်းသိမ်းရ ခက်လာနိုင်တယ်လို့ ကရင်စစ်ရေးလေ့လာသူက ပြောပါတယ်။

“KNU အနေနဲ့ အချိန်က သိပ်မရှိဘူး။ နိုင်ငံတကာအနေနဲ့ ဘာဖြစ်လဲဆိုတော့ KNU နဲ့ သက်သေအထောက်အထား ယူချင်တယ်ဆိုရင် ဘာမှမဖြစ်ခင်မှာ လွှဲပြောင်းရယူဖို့  လိုအပ်လိမ့်မယ်လို့။ နောက် ရက်ကြာသွားရင် ဒါတွေက KNU ထိန်းသိမ်းနိုင်မှာ မဟုတ်ဘူး။ အဲကိစ္စ သူတို့ကိုယ်တိုင်တောင် ဘယ်လိုလုပ်မလဲ။ အကုန်လုံး လက်စတွေ ပြန်ပျောက်သွားနိုင်တယ်။”

စစ်ကောင်စီက မြေပြင်နဲ့ ဝေဟင် ပစ်ကူရယူကာ ထိုးစစ်ဆင်လာတာနဲ့ပတ်သက်ပြီး KNU  တာဝန်ရှိသူတွေကို DVB က ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ သတင်းထုတ်လွှင့်ချိန်ထိ ပြန်လည်ဖြေဆိုတာ မရှိပါဘူး။

ဒီဇင်ဘာ ၁ ရက် ည ၉ နာရီခွဲလောက်က စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ဘက်အခြမ်းက ကျေးရွာအတွင်း ကျရောက်ပြီး အသက် ၆၇ နှစ်အရွယ် ထိုင်းနိုင်ငံသူ အမျိုးသမီးကြီး ဘယ်ဘက်ခြေထောက် ထိမှန်ဒဏ်ရာ ရရှိခဲ့ပါတယ်။

အောင်ခန့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013