DVB Logo
Home
မြန်မာသတင်း
သတင်းစာဆရာ ဦးစည်သူအောင်မြင့်၊ မထက်ထက်ခိုင်နှင့် အဆိုတော်သံသာဝင်းတို့ ပြန်လွတ်မြောက်
DVB
·
December 2, 2025
သတင်းစာဆရာ ဦးစည်သူအောင်မြင့်၊ မထက်ထက်ခိုင်နှင့် အဆိုတော်သံသာဝင်းတို့ ပြန်လွတ်မြောက်
Donate to DVB

အာဏာသိမ်းစစ်တပ်က ဖမ်းဆီးထားတဲ့ သတင်းစာဆရာ ဦးစည်သူအောင်မြင့်၊ ဘီဘီစီ မီဒီယာအက်ရှင် (BBC- Media Action) ရဲ့ “ခံစားကြည့်” အစီအစဉ်က မထက်ထက်ခိုင်နဲ့ အဆိုတော် သံသာဝင်းတို့ လွတ်ငြိမ်းချမ်းသာခွင့်တွေနဲ့ ပြန်လည်လွတ်မြောက်လာကြောင်း သိရပါတယ်။

ဝါရင့်သတင်းစာဆရာ ဦးစည်သူအောင်မြင့်ကိုတော့ စစ်ကောင်စီက ပုဒ်မ ၅၀၅-က နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄-က တို့နဲ့ တရားစွဲဆို ထောင်ချထားတာဖြစ်ပြီး ပြန်လည်လွတ်မြောက်လာကြောင်းကို မိသားစုဝင်တယောက်က လူမှုကွန်ရက်မှာ အတည်ပြု ရေးသားထားပါတယ်။

BBC - Media Action ရဲ့ ခံစားကြည့်အစီအစဉ်ရဲ့ အစီအစဉ်တင်ဆက်သူ၊ အလွတ်တန်းသတင်းထောက် တယောက်လည်းဖြစ်တဲ့ မထက်ထက်ခိုင် ကိုတော့ ပုဒ်မ ၅၀၅-က၊ ပုဒ်မ ၁၇/၁ နဲ့ စုစုပေါင်း ထောင် ၆ နှစ် ချမှတ်ထားတာဖြစ်ပြီး သာယာဝတီအကျဉ်းထောင်ကနေ လွတ်မြောက်လာကြောင်း သိရပါတယ်။

ဒါ့အပြင် ၂၀၂၃ နှစ်ကုန်ပိုင်းက အစ်ကိုဖြစ်သူနဲ့အတူ ဖမ်းဆီးခံခဲ့ရပြီး ပုဒ်မ ၅၀၅-က၊ ပုဒ်မ ၅၀-ည တို့နဲ့ တရားစွဲဆို ထောင်ချခံထားရတဲ့ အဆိုတော် သံသာဝင်းလည်း နိုဝင်ဘာ ၃၀ ရက်မှာ ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း သံသာဝင်းရဲ့ မိတ်ဆွေတွေက သူတို့ရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

နိုဝင်ဘာ ၂၆ ရက်နဲ့ ၂၇ ရက်တွေမှာ နိုင်ငံရေးအကျဉ်းသား ၃၅၀ လွတ်မြောက်ခဲ့ပြီး ဒီဇင်ဘာ ၁ ရက်နေ့မှာတော့ နိုင်ငံရေးအကျဥ်းသား ၂၆၈ ယောက် လွတ်မြောက်လာကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် (PPNM) ရဲ့ ကနဦး ထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။

PPNM ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက “ဟုတ်တယ်၊ မန္တလေး အိုးဘို သရက် မကွေး စတဲ့ထောင်တွေနဲ့ တခြားထောင်တွေကလည်း လွှတ်နေတာ ရှိပါတယ်။ ကျနော်တို့ထင်တာကတော့ အထူးသဖြင့် ၅၀၅-က ဖြုတ်ပေးတဲ့အခါ သူတို့ မူလအကျဉ်းထောင်မှာ နေခဲ့တာကို နေ့စားအားဖြင့် ကာလတခု ပြည့်မီတဲ့သူတွေကို လွှတ်ပေးနေတာကို ကျနော် တွေ့မြင်ရပါတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီရဲ့ ကြေညာထားချက်အရ တရားစွဲခံထားရဆဲဖြစ်သူ ၅,၅၈၀ ယောက်ကို အမှုပိတ်သိမ်းပေးလိုက်ပြီး ထောင်ဒဏ်ကျခံနေရသူ ၂,၃၆၁ ယောက်ကို ၅၀၅-က အတွက် ချမှတ်ထားတဲ့ ပြစ်ဒဏ်တွေကို ခံဝန်နဲ့ လျှော့ပေါ့ပေးလိုက်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ၅၀၅-က အမှုတခုတည်းနဲ့ ထောင်ဒဏ်ကျခံနေရသူ ၇၂၄ ယောက်ကိုတော့ ခံဝန်နဲ့ လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်တာလို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013