
ဆမ်ဆောင်း အီလက်ထရောနစ်ကုမ္ပဏီရဲ့ ပထမဆုံး သုံးခေါက်ချိုးဖုန်း Galaxy Z TriFold ကို ဒီဇင်ဘာ ၂ ရက်မှာ စတင်မိတ်ဆက်လိုက်ပါတယ်။
တရုတ်ပြိုင်ဘက်တွေက အသာစီးရလာတဲ့ ခေါက်ဖုန်းဈေးကွက်မှာ နေရာပြန်ယူနိုင်အောင် ရည်ရွယ်ထုတ်လုပ်တာလို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။
ဒါပေမဲ့ ဈေးနှုန်းကြီးမြင့်မှုနဲ့ ထုတ်လုပ်ရေး အခက်အခဲတွေကြောင့် စမတ်ခေါက်ဖုန်းဈေးကွက်ဟာ လက်ရှိအချိန်အထိ သေးငယ်နေဆဲဖြစ်ပါတယ်။
ကိုရီးယားဝမ် ၃ ဒသမ ၅၉ သန်း (အမေရိကန်ဒေါ်လာ ၂,၄၄၀) ဝန်းကျင် ကျသင့်မဲ့ ဒီဖုန်းဟာ ဖြန့်လိုက်ရင် မျက်နှာပြင် ၁၀ လက်မအထိ ရှိမှာဖြစ်ပါတယ်။
မျက်နှာပြင် သုံးခု ပါဝင်ပြီး ဆမ်ဆောင်းရဲ့ လက်ရှိ ခေါက်ဖုန်း Galaxy Z Fold 7 ထက် မျက်နှာပြင်ဧရိယာ ၂၅ ရာခိုင်နှုန်း ပိုကျယ်ပြန့်ပါတယ်။
တောင်ကိုရီးယားမှာ ထုတ်လုပ်ထားတဲ့ TriFold ဖုန်းကို ပြည်တွင်းမှာ ဒီဇင်ဘာ ၁၂ ရက်နေ့ စတင်ရောင်းချသွားမှာ ဖြစ်ပါတယ်။
တရုတ်၊ စင်ကာပူ၊ ထိုင်ဝမ်နဲ့ ယူအေအီး နိုင်ငံတွေမှာတော့ ဒီနှစ်မကုန်ခင်ပဲ ဖြန့်ဖြူးရောင်းချဖို့ စီစဉ်ထားပါတယ်။
အမေရိကန်ဈေးကွက် အတွက်တော့ နောင်နှစ် ပထမသုံးလပတ်လောက်မှ ဖြန့်ချိနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။
ဒီဖုန်းမှာ ဆမ်ဆောင်းရဲ့ အကြီးဆုံးဘက်ထရီ ပါဝင်ပြီး မိနစ် ၃၀ အတွင်း ၅၀ ရာခိုင်နှုန်းအထိ အားသွင်းနိုင်တဲ့ စနစ်လည်း ပါဝင်တယ်လို့ သိရပါတယ်။
Source: Reuters










