
ကမ္ဘာတဝန်း ဉာဏ်ရည်တု (AI) ချစ်ပ်ပြား ဝယ်လိုအားကြောင့် တောင်ကိုရီးယား နည်းပညာကုမ္ပဏီကြီး ဆမ်ဆောင်းရဲ့ ၃ လပတ် အမြတ်ငွေဟာ ၁၉ ဆအထိ ခုန်တက်သွားနိုင်တယ်လို့ ကုမ္ပဏီက ခန့်မှန်းထားပါတယ်။
ပြီးခဲ့တဲ့ ဧပြီလကနေ ဇွန်လအထိ ကာလမှာ သူတို့ရဲ့ အမြတ်ငွေဟာ ဝမ် ၈၉ ဒသမ ၄ ထရီလီယံ (အမေရိကန်ဒေါ်လာ ၅၈ ဒသမ ၄ ဘီလီယံ) အထိ ရှိမယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒီ ၃ လတာ ကာလမှာ ရောင်းရငွေဟာ ဝမ် ၁၇၁ ထရီလီယံလောက်အထိ ရှိခဲ့ပြီး မနှစ်က ကာလတူထက် ၂ ဆကျော် တိုးလာတာပါ။ ဈေးကွက်မှာ AI ချစ်ပ်ပြား ဝယ်လိုအားက ရောင်းလိုအားထက် အလွန်များနေတဲ့အတွက် ဆမ်ဆောင်းက ချစ်ပ်ပြားဈေးနှုန်းတွေကို တိုးမြှင့်ခဲ့တာ ဖြစ်ပါတယ်။
ဆမ်ဆောင်းဟာ ကမ္ဘာ့အကြီးဆုံး ဆီမီးကွန်ဒတ်တာ ထုတ်လုပ်တဲ့ ကုမ္ပဏီကြီးတခုဖြစ်ပြီး Nvidia နဲ့ ဂူဂဲလ်တို့အတွက် ချစ်ပ်ပြားတွေ ထုတ်လုပ်ပေးနေတာပါ။
ဒီလို အမြတ်ငွေ စံချိန်တင် မြင့်တက်လာတာဟာ AI နည်းပညာ ခေတ်စားလာတာနဲ့ ချစ်ပ်ပြား အဝယ်လိုက်နေတာတွေကြောင့်လို့ လေ့လာဆန်းစစ်သူတွေက သုံးသပ်ကြပါတယ်။
ဒါပေမဲ့ ဇူလိုင် ၇ ရက် ဆိုးလ် စတော့ဈေးကွက်မှာတော့ ရင်းနှီးမြှုပ်နှံသူတွေ မျှော်မှန်းထားသလောက် အမြတ်ငွေ မများခဲ့လို့ ဆမ်ဆောင်းရဲ့ ရှယ်ယာဈေး ၇ ရာခိုင်နှုန်းလောက် ကျဆင်းသွားပါတယ်။
တောင်ကိုရီးယား အစိုးရကတော့ လာမဲ့နှစ်တွေမှာ ဆမ်ဆောင်းနဲ့ SK Hynix တို့ ဦးဆောင်မဲ့ ချစ်ပ်ပြားထုတ်လုပ်ရေး လုပ်ငန်းတွေအတွက် အမေရိကန်ဒေါ်လာ ဘီလီယံ ၈၈၀ အထိ ရင်းနှီးမြှုပ်နှံသွားဖို့ စီစဉ်ထားပါတယ်။
Source: Reuters










