
မန္တလေးတိုင်း၊ ညောင်ဦး-မြင်းခြံ လမ်းပိုင်းမှာ နိုဝင်ဘာ ၂၉ ရက် မနက် ၁၁ နာရီဝန်းကျင်က ပျူစောထီး ခေါင်းဆောင် သီတာယုမွန်ရဲ့ အဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ မော်တော်ယာဥ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့လို့ ပျူစောထီး ၅ ယောက် သေဆုံးကာ သေနတ် ၃ လက်နဲ့ ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပခုက္ကူမြို့နယ် ပကဖ) က နိုဝင်ဘာ ၃၀ ရက် ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
ပခုက္ကူမြို့နယ် ပကဖ ရဲဘော်တယောက်က “မြင်းခြံ သီတာယုမွန်ရဲ့ အဖွဲ့ဝင်တွေ ကားနဲ့ လာကြတယ် ဆိုတာကို ကြိုတင်သတင်းရခဲ့တာကြောင့် ညောင်ဦး-မြင်းခြံ လမ်းပိုင်းပေါ်က နေရာတနေရာမှာ စောင့်ပြီး ကြားဖြတ်တိုက်ခိုက်ခဲ့တာပါဗျ” လို့ ပြောပါတယ်။
အဆိုပါတိုက်ခိုက်မှုအတွင်း ပျူစောထီးအဖွဲ့ဝင် ၅ ယောက် သေဆုံးသလို G4 သေနတ်တလက်၊ ကာဘိုင်သေနတ် ၂ လက်နဲ့ ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။
ပခုက္ကူမြို့နယ် ပကဖ ပြန်ကြားရေးတာဝန်ခံ ရဲဘော်မှိုင်းက “မြင်းခြံ-ညောင်ဦးလမ်းပိုင်းပေါ်က တမိုက်သာရွာနားမှာ စခတွေနဲ့ သူတို့ပျူတွေ ပေါင်းထိုင်တဲ့ဂိတ်ကနေ ကင်းပတ်လာတာကို စောင့်တိုက်ခဲ့တာပေါ့ဗျာ။ အခုအချိန်မှာတော့ အဲဒီ ညောင်ဦး-မြင်းခြံလမ်းက သူတို့ဘက်က အားကောင်းနေတယ် ပြောရမယ်။ အဲဒီကားပေါ်မှာ သီတာယုမွန်တော့ မပါဘူး။ ကားပေါ်မှာ ပါလာတာ သူ့တပည့် ပျူတွေ ၅ ယောက်ပါ။ အမျိုးသားတယောက်နဲ့ အမျိုးသမီး ၄ ယောက်ပေါ့။ သူတို့ ၅ ယောက်လုံး နေရာမှာတင် သေတယ်။ အဲဒီကားကတော့ သုံးမရတော့တာကြောင့် ထားခဲ့ရတယ်။ ကားပေါ်ကနေ လက်နက်တွေသိမ်းပြီး ပြန်ဆုတ်လာကြတာပါ” လို့ ပြောပါတယ်။
အဆိုပါတိုက်ခိုက်မှုကို Pakokku Special Task Force ပခုက္ကူမြို့နယ် ပကဖ တပ်ရင်း ၁ က ရဲဘော်ဒီးနဲ့အတူ ရဲဘော်ဓာတ်ဗူးတို့ ဦးဆောင်တဲ့ တပ်ဖွဲ့ဝင် ၁၀ ယောက်တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြတာလို့ ဆိုပါတယ်။
ပြည်သူတွေဘက်ကလည်း စစ်ကောင်စီလက်အောက်ခံတွေနဲ့ အနီးကပ် နေထိုင်တာတွေအပြင် စစ်ကောင်စီ လက်အောက်ခံတွေရဲ့ မော်တော်ယာဥ်တွေနဲ့ အနီးကပ် လိုက်ပါမောင်းနှင်တာတွေ မပြုလုပ်ကြဘဲ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို အကူအညီပေးကြဖို့ မေတ္တာရပ်ခံထားတယ်လို့လည်း တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။










