DVB Logo
Home
နိုင်ငံတကာ
ဗင်နီဇွဲလား လေပိုင်နက်ပိတ်မည်ဟု ထရမ့်ပ် ပြော၊ ပွာတိုရီကို၌ အမေရိကန်ရေတပ် ကင်းလှည့်
DVB
·
November 30, 2025
ဗင်နီဇွဲလား လေပိုင်နက်ပိတ်မည်ဟု ထရမ့်ပ် ပြော၊ ပွာတိုရီကို၌ အမေရိကန်ရေတပ် ကင်းလှည့်
Donate to DVB

ဗင်နီဇွဲလားလေပိုင်နက်ကို ပိတ်ပစ်မယ်လို့ သမ္မတထရမ့်ပ်က ပြောကြားလိုက်ပြီးနောက်မှာ အမေရိကန် စစ်လေယာဉ်တွေဟာ ပွာတိုရီကိုမှာရှိတဲ့ ရုစဘဲလမ်းရေတပ်အခြေစိုက် နေရာဟောင်းမှာ နိုဝင်ဘာ ၂၉ ရက် လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့သလို  အမေရိကန်ရေတပ်ကလည်း ကင်းလှည့်နေပါတယ်။

ရိုက်တာရဲ့ ရုပ်သံ ဗွီဒီယိုမှာတော့ အမေရိကန်စစ် လေယာဉ်ပေါ်ကနေ ပစ္စည်းတွေ ချနေတာမျိုး တွေ့ရှိရတယ်လို့ ဖော်ပြပါတယ်။

အမေရိကန်ဟာ ဗင်နီဇွဲလားသမ္မတ မာဒူရိုအစိုးရကို ဖိအားပေးမှုတွေ ပိုလုပ်ဖို့ ရှိတယ်လို့လည်း ဆိုပါတယ်။ 

အဲဒီနေရာမှာ အမေရိကန် ကမ်းခြေစောင့် ရဟတ်ယာဉ်တစင်း လှည့်ပတ်ပျံသန်းနေသလို MV-22 အော့စပရေး လေယာဉ် ၃ စင်းနဲ့ CH-53E ရဟတ်ယာဉ် ၁ စင်းတို့လည်း တွေ့ကြောင်း ရိုက်တာက ဖော်ပြပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဗင်နီဇွဲလားနိုင်ငံရဲ့ လေပိုင်နက်ကို ပိတ်ပစ်မယ်လို့ နိုဝင်ဘာ ၂၉ ရက်က အွန်လိုင်းမှာ ဖော်ပြခဲ့ပေမဲ့ အသေးစိတ်ကိုတော့ ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

ဗင်နီဇွဲလားနိုင်ငံကတော့ ထရမ့်ပ်ရဲ့ ပြောဆိုချက်ဟာ နယ်ချဲ့ဝါဒီရဲ့ ခြိမ်းခြောက်မှု ဖြစ်ကြောင်း တုံ့ပြန်ထားပါတယ်။

ထရမ့်ပ်ရဲ့ ကြေညာချက်နဲ့ပတ်သက်လို့ ရိုက်တာရဲ့ မေးမြန်းမှုကို ပင်တဂွန်စစ်ဌာနချုပ်က မှတ်ချက်ပေးတာမျိုး မရှိသေးသလို အိမ်ဖြူတော်ကလည်း ရှင်းလင်းချက်တွေ ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။ 

ပွာတိုရီကိုမှာရှိတဲ့ ရေတပ်အခြေစိုက်နေရာဟာ ပိတ်ထားတာ နှစ်ပေါင်း ၂၀ ကျော်ရှိပြီဖြစ်ပြီး စက်တင်ဘာ ၁၇ ရက်က စတင်ကာ ရှင်းလင်းမှုတွေ ပြုလုပ်တာလို့ ရိုက်တာက ဖော်ပြပါတယ်။ 

အမေရိကန် စစ်တပ်ဟာ ၂၀၀၄ ခုနှစ်က အဲဒီနေရာကနေ ဆုတ်ခွာခဲ့တာ ဖြစ်ပါတယ်။ ရုစဘဲလမ်း ရေတပ်စခန်းဟာ အမေရိကန်ရေ တပ်အခြေစိုက်စခန်းတွေအနက် ကမ္ဘာ့အကြီးဆုံး စခန်းတခုပဲ ဖြစ်ပါတယ်။ ဒီစခန်းဟာ မဟာဗျူဟာမြောက်တဲ့ နေရာမှာရှိပြီး ပစ္စည်းတွေ စုစည်းဖို့ နေရာအကျယ်ကြီးရှိတယ်လို့ အမေရိကန်အရာရှိတယောက်က  ပြောဖူးပါတယ်။ 

အမေရိကန်ရေတပ်ဟာလည်း နိုဝင်ဘာ ၂၉ ရက်က ပွာတိုရီကိုနိုင်ငံတောင်ပိုင်းမှာ  ကင်းလှည့်နေကြပါတယ်။

မြို့တော်စန်ဟွမ်ရဲ့ အနောက်တောင်ဘက် ပွန်စီကမ်းရိုးတန်းမှာ ကမ်းတက်ရေယာဉ်အတွက် လေကူရှင်တခု ချထားတာကို ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

အဲဒီနေ့အစောပိုင်းမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဗင်နီဇွဲလားအထက်နဲ့ အနီးတဝိုက်က လေပိုင်နက်ကို လုံးဝပိတ်ထားတယ်လို့ ယူဆသင့်တယ်လို့ ပြောပါတယ်။ 

ထရမ့်ပ်က “လေကြောင်းလိုင်းတွေ၊ လေယာဉ်မှူးတွေ၊ မူးယစ်ဆေးဝါး ရောင်းဝယ်သူတွေနဲ့ လူကုန်ကူးသူတွေအားလုံး၊ ဗင်နီဇွဲလားနိုင်ငံအပေါ်နဲ့ အနီးတဝိုက်က လေပိုင်နက်ကို အပြည့်အဝပိတ်ထားဖို့ ကျေးဇူးပြုပြီးစဉ်းစားပေးပါ”လို့ Truth Social လူမှုကွန်ရက်ပေါ်ကနေ ပြောခဲ့ပါတယ်။

ရိုက်တာသတင်းဌာနက ဆက်သွယ်ထားတဲ့ အမေရိကန်အရာရှိတွေကတော့ ထရမ့်ပ်ရဲ့ ကြေညာချက်ကြောင့် အံ့အားသင့်ခဲ့ကြပြီး ဗင်နီဇွဲလား လေပိုင်နက်ကိုပိတ်ဖို့ အမေရိကန်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို မသိခဲ့ဘူးလို့ ပြောပါတယ်။ 

ထရမ့်ပ်အစိုးရက အမေရိကန်တွေကို သတ်နေတဲ့ တရားမဝင်မူးယစ်ဆေးဝါးတွေ ဖြန့်ဖြူးရာမှာ မာဒူရိုရဲ့ အခန်းကဏ္ဍအဖြစ် ပုံဖော်ထားတဲ့အရာကို တိုက်ဖျက်ဖို့ ဗင်နီဇွဲလားနဲ့ ဆက်စပ်တဲ့ ရွေးချယ်စရာတွေကို စဉ်းစားနေခဲ့ပါတယ်။ 

ဆိုရှယ်လစ်ဝါဒီ ဗင်နီဇွဲလားသမ္မတကတော့ တရားမဝင် မူးယစ်ဆေးဝါးကုန်သွယ်မှုနဲ့ ဆက်စပ်မှုမရှိဘူးလို့ ငြင်းဆိုခဲ့ပါတယ်။

ကာရစ်ဘီယံမှာ စစ်ရေးတည်ဆောက်နေတဲ့အပြင် ဗင်နီဇွဲလားကမ်းရိုးတန်းမှာ မူးယစ်ဆေးဝါး တင်ထားတယ်လို့ သံသယရှိတဲ့ လှေတွေကို ၃ လနီးပါး တိုက်ခိုက်ခဲ့ပြီးတဲ့နောက် အမေရိကန် စစ်တပ်ဟာ စစ်ဆင်ရေးအဆင့်သစ်တခုအတွက် အသင့်ဖြစ်နေတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြခဲ့ပါတယ်။

ဒါ့အပြင် သမ္မတထရမ့်ပ်က ဗင်နီဇွဲလားနိုင်ငံအတွင်း အမေရိကန်ထောက်လှမ်းရေး (CIA) ရဲ့ လျှို့ဝှက်စစ်ဆင်ရေးတွေကိုလည်း ခွင့်ပြုခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013