
ဂီနီဘစ်ဆာနိုင်ငံမှာ စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် တရက်အကြာ နိုဝင်ဘာ ၂၇ ရက်မှာ ဗိုလ်ချုပ်ကြီး ဟော်တာအင်တာအေဟာ အသွင်းကူးပြောင်းရေး သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။
အင်တာအေဟာ စစ်ဦးစီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သလို အဖြုတ်ချခံသမ္မတဟောင်း အူမာရို ဆစ်ဆိုကို အမ်ဘာလိုနဲ့လည်း ရင်းနှီးတဲ့ဆက်ဆံရေးရှိသူ ဖြစ်ပါတယ်။
ဗိုလ်ချုပ်ကြီး အင်တာအေက "အဲဒီစစ်ဆင်ရေးလုပ်ဖို့ လုံလောက်တဲ့သက်သေ အထောက်အထားတွေ ရှိပါတယ်။ အရေးယူဆောင်ရွက်မှုတွေဟာ ချက်ချင်းဆိုသလို အရေးတကြီးလိုအပ်နေပြီး လူတိုင်းပါဝင်လာဖို့ လိုအပ်တယ်"လို့ အခမ်းအနားမှာ ပြောသွားပါတယ်။
အာဖရိကသမဂ္ဂရဲ့ ကော်မရှင်ဥက္ကဋ္ဌကတော့ စစ်အာဏာသိမ်းမှုကို ရှုတ်ချခဲ့တဲ့အပြင် အဖမ်းခံထားရသူအားလုံး ပြန်လွှတ်ပေးဖို့အတွက်ပါ တောင်းဆိုထားပါတယ်။
နိုဝင်ဘာ ၂၆ ရက်တုန်းက ရွေးကောက်ပွဲရလဒ်ထွက်မလာခင် စစ်တပ်အရာရှိတွေဟာ သမ္မတကိုဖြုတ်ချပြီး အာဏာသိမ်းခဲ့တာပါ။ ဒါဟာ မကြာသေးခင်ကမှ ကျင်းပပြီးစီးထားတဲ့ ရွေးကောက်ပွဲကို အနိုင်ရရှိကြောင်း သမ္မတ အမ်ဘာလိုရော၊ အဓိကပြိုင်ဘက်ဖြစ်သူ ဖာနန်ဒို ဒီယက်စ်ကပါ အသီးသီးကြေညာရင်း အငြင်းပွားနေချိန်လည်း ဖြစ်ပါတယ်။
ဆီနီဂေါနိုင်ငံခြားရေးဝန်ကြီးဌာနကတော့ အမ်ဘာလိုဟာ ပြည်တွင်းကိုရောက်နေပြီ ဖြစ်ကြောင်း အတည်ပြုထားပါတယ်။
ဒါ့အပြင် ဘစ်ဆာမြို့တော်မှာ ထုတ်ပြန်ထားတဲ့ အပြင်မထွက်ရ-ကာဖျူးအမိန့်ကို ရုပ်သိမ်းလိုက်ပြီ ဖြစ်ပေမဲ့ အများအားဖြင့်ကတော့ တိတ်ဆိတ်ငြိမ်သက်နေဆဲ ဖြစ်ပါတယ်။
အဲဒီလမ်းတွေပေါ်မှာ စစ်သားတွေသာ ရှိတဲ့အလျောက် ဒေသခံတွေအနေနဲ့ အပြင်မထွက်ကြသလို ဘဏ်တွေ၊ စီးပွားရေးလုပ်ငန်းတွေလည်း ပိတ်ထားရပါတယ်။
၁၉၇၄ ခုနှစ်မှာ ပေါ်တူဂီလက်အောက်ကနေ လွတ်လပ်ရေးရပြီးနောက် ဂီနီ ဘစ်ဆာနိုင်ငံဟာ စစ်အာဏာသိမ်းမှုကို အကြိမ်ကြိမ် ကြုံခဲ့ရပေမဲ့ အခုတတခါက်ဟာ အနောက်အာဖရိက ဒေသအတွက် နောက်ဆုံး ဖြစ် ပါတယ်။
Source: Reuters










