DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းငလျင်ကြောင့် ပြိုကျပျက်စီးခဲ့သည့် ဗလီများ ပြန်ဆောက်လုပ်ခွင့်မရ
DVB
·
November 29, 2025
စစ်ကိုင်းငလျင်ကြောင့် ပြိုကျပျက်စီးခဲ့သည့် ဗလီများ ပြန်ဆောက်လုပ်ခွင့်မရ
1 / 2
Donate to DVB

မြန်မာနိုင်ငံမှာ အင်အားပြင်း ငလျင်ကြီးလှုပ်ခတ်ခဲ့တာ ၈ လကြာရှိနေပြီ ဖြစ်ပေမဲ့ ပြိုကျပျက်စီးခဲ့တဲ့ အစ္စလာမ်ဘာသာဝင်တွေရဲ့ ဗလီတွေ ပြန်လည်ဆောက်လုပ်ခွင့်မရသေးဘူးလို့ မွတ်စလင်အသိုက်အဝန်းက  ပြောပါတယ်။

ဆောက်လုပ်ခွင့်တွေကြန့်ကြာနေတာကြောင့် ဖြိုဖျက်ရမယ့်ဗလီတွေကိုလည်း ဖြိုခွင့်ရထားပေမဲ့ မဖြိုကြသေးဘဲ စောင့်ကြည့်နေရတယ်လို့ ဆိုပါတယ်။

မန္တလေးဒေသခံတယောက်က “ပြန်ဆောက်ခွင့်တင်ထားတာ တလုံးမှ ဆောက်ခွင့် ကျမလာသေးဘူး။ ငလျင်ကြောင့် မဖြစ်မနေဖြိုရမယ့်ဗလီတွေတောင် ဖြိုခွင့်ရဖို့ စာအဆင့်ဆင့်တင်ပြီးမှ ခွင့်ပြုချက်ရတယ်။ ဒါတောင် တချို့ဗလီတွေပဲ မြန်မြန်ခွင့်ပြုချက်ရပြီး တချို့ဗလီတွေက တော်တော်ကြာတယ်။ အခုတော့ ဗလီတချို့ပဲ ဖြိုချသေးတယ်။ တော်တော်များများက မဖြိုသေးဘူး။ တကယ်လို့ ဖြိုခဲ့ပြီးမှ ပြန်ဆောက်ခွင့်မရရင် ဆိုတဲ့စိုးရိမ်စိတ်နဲ့ စောင့်ကြည့်နေကြတာ” လို့ ပြောပါတယ်။

ဗလီတွေပြန်ဆောက်ခွင့်ရဖို့အတွက် သာသနာရေးဦးစီးဌာနနဲ့ စည်ပင်အဖွဲ့ဆီကို လျှောက်ထားရတာဖြစ်ပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဆုံးဖြတ်ချက်နဲ့ ဆောက်ခွင့်ပေးတာ လို့လည်း သူက ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်က စစ်ကိုင်းကို ဗဟိုပြုပြီးလှုပ်ခတ်ခဲ့တဲ့ ရစ်ချ်တာစကေး ၇ ဒသမ ၇ ရှိ အင်းအားပြင်းငလျင်ကြီးနဲ့ နောက်ဆက်တွဲငလျင်တွေကြောင့် ပြည်နယ်နဲ့ တိုင်း ၆ ခုမှာ အဆောက်အအုံတွေ ထိခိုက်ပျက်စီးခဲ့ပြီး ရှေးဟောင်းအဆောက်အအုံ ၁,၇၈၁ လုံး၊ သာသနိကအဆောက်အအုံ ၄,၉၉၈ လုံး ပျက်စီးတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပြီး ဒီထဲမှာ ဗလီ ၁၃၆ လုံးပါတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ထိခိုက်ပျက်စီးတဲ့ ဗလီတွေနဲ့ပတ်သက်ပြီး လိုက်လံစာရင်းပြုစုခဲ့သူတယောက်ကတော့ ဗလီ ၁၈၁ လုံး ထိခိုက်ပျက်စီးတာကိုတွေ့ရပြီး စစ်ကောင်စီရဲ့ စာရင်းနဲ့ ကွာဟနေတာက စိုးရိမ်စရာ ဖြစ်တယ်လို့ ပြောပါတယ်။

မန္တလေးတိုင်းက ၁၇ မြို့နယ်မှာ ဗလီပေါင်း  ၁၅၂ လုံး ထိခိုက်ပျက်စီးခဲ့ပြီး စစ်ကိုင်းတိုင်းမှာ ၆ လုံး၊ ပဲခူးတိုင်းမှာ ၈ လုံး၊ ရှမ်းပြည်နယ်တောင်ပိုင်းမှာ ၂ လုံး၊ နေပြည်တော်မှာ ၁၅ လုံး ထိခိုက်ပျက်စီးခဲ့တယ် လို့ ဆိုပါတယ်။

ငလျင်ဘေးသင့်ပြိုကျခဲ့တဲ့ဗလီအများစုဟာ ၁၈ ရာစုနှောင်းပိုင်းနဲ့ ၁၉ ရာစုဦးပိုင်းမှာ အုတ်နဲ့ ဆောက်ခဲ့တဲ့ဗလီတွေဖြစ်ပြီး ၁၉၅၈ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပြင်ဆင်ခွင့်မပေးခဲ့လို့ ကြံ့ခိုင်မှုမရှိတော့ဘဲ ပြိုကျပျက်စီး လူအသေအပျောက်များခဲ့တာလို့ သူက ဆိုပါတယ်။

“ပြိုကျတဲ့ဗလီတွေပြန်ဆောက်ဖို့ခွင့်ပြုမိန့်ကို ဥပဒေအတိုင်းစီမံဆောင်ရွက်ရမယ်လို့ သာသနာရေးက ညွှန်ကြားထားတယ်။ အဲဒီမှာ ဘာအခက်အခဲရှိလဲဆိုတော့ ဘုရင်တွေလှူထားခဲ့တဲ့၊ ဘုရင်လက်ထက်မှာဆောက်ခဲ့တဲ့ ဗလီနေရာ တော်တော်များများက သာသနာ့မြေအဖြစ် မြေစာရင်းမှာ မပေါ်ဘူး။ ပြန်ဆောက်ခွင့်အတွက် စာရွက်စာတမ်းတွေ အစုံလိုတော့ ဒါက အကြီးဆုံးအခက်အခဲပဲ။ စည်ပင်မြေပုံမှာ ဗလီစာရင်းပေါက်တယ်။ ဒီတော့ လုပ်ပေးချင်ရင် မြေပုံအရ လုပ်ပေးပြီး လုပ်မပေးချင်ရင် ဝတ္တကမြေပုံစံတောင်းတယ်။ နောက်တခုက ပြိုကျခဲ့တဲ့ဗလီတွေမှာ ကုန်းဘောင်ခေတ်က ကျွန်းတိုင်လုံးကြီးတွေ၊ ဘုရင့်အုတ်တိုက်ထုတ်တဲ့ ဂဏန်း ၇ ပါတဲ့ အမရပူရ မြို့မ ကုလားပျို ဗလီပြိုကျတာမှာတွေ့ရတယ်။ နောက်တော်ပါရွာဗလီနဲ့ ရွှေဘုန်းရှိန်ဗလီမှာတော့ ကုန်းဘောင်ခေတ် အုတ်ချပ်ကြီးတွေနဲ့ ကုန်းဘောင်လက်ရာ စဉ့်အိုးတွေ တွေ့ရတယ်။ ဒီဗလီတွေဟာ ဘုရင်တွေလက်ထက်ဆောက်ခဲ့တဲ့ နှစ် ၂၀၀ ကျော် သက်တမ်းရှိနေပေမဲ့ ရှေးဟောင်း အဆောက်အအုံစာရင်းမှာ ပါမနေဘူး”

ငလျင်ကြောင့် ထိခိုက်ပြိုကျခဲ့တဲ့ ဗလီ ၈၀ ရာခိုင်နှုန်းကျော်ဟာ သာသနာ့မြေအဖြစ် သတ်မှတ်ထားတာမရှိဘဲ ရှေးမြန်မာဘုရင်တွေလက်ထက်က ဘုရင်တွေကိုယ်တိုင်လှူထားခဲ့တဲ့ ဗလီမြေနေရာတောင် သာသနာ့မြေအဖြစ် စာရင်းမပေါက်တာကြောင့် အခုပြန်ဆောက်ခွင့်ရဖို့ သာသနာ့မြေဖြစ်ရမယ်ဆိုတဲ့ ကန့်သတ်ချက်က လုံးဝ အဆင်မပြေဘူးလို့လည်း သူက ဆက်ပြောပါတယ်။

လက်ရှိမှာ ပြိုကျပျက်စီးသွားတဲ့ ဗလီတွေနေရာမှာ အစ္စလာမ်ဘာသာဝင်တွေဟာ ယာယီအမိုးမိုး ဝတ်ပြုနေကြပြီး အဲဒီယာယီအဆောင်ကိုလည်း သံနဲ့ဆောက်လုပ်ခွင့်မပေးဘူးလို့ သိရပါတယ်။

မန္တလေး ဒေသခံ မွတ်စလင်တယောက်က “ကျနော်တို့က တနေ့မှာ ၅ ကြိမ် ဗလီမှာစုပြီး ဝတ်ပြုရတယ်။ ဝိုဇူလုပ်(ရေသန့်စင်)ရတယ်။ အခုလို ယာယီအဆောင်နဲ့က ရက်ပိုင်းလောက်ပဲ အဆင်ပြေမှာလေ။ ဒါတောင် ယာယီအဆောင်ကို ကောင်းကောင်းဆောက်ခွင့်မပေးဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီဟာ ငလျင်ကြောင့်ထိခိုက်ပျက်စီးခဲ့တာကို ပြင်ဆင်ဆောက်လုပ်ခွင့် မပေးသေးတဲ့အပြင် ငလျင်ကြောင့် နည်းနည်းပဲပျက်စီးခဲ့တဲ့ စစ်ကိုင်းမြို့ပေါ်က ဂါတ်တန်းဗလီကို ၂၀၂၅ ခုနှစ်၊ မေလကုန်ပိုင်းမှာ ချိပ်ပိတ်ခဲ့ပါတယ်။

အဲဒီဗလီဟာ မြို့မရဲစခန်းနဲ့ကပ်လျက်မှာရှိပြီး ရဲစခန်းဝင်းကိုရော ဗလီမြေနေရာကိုပါ မွတ်စလင်အလှူရှင်က လှူဒါန်းထားခဲ့တာဖြစ်ပါတယ်။

ငလျင်ကြောင့် ပြိုကျပျက်စီးခဲ့တဲ့ ဗလီနဲ့ ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွေကို မူလအတိုင်းပဲ ဆောက်လုပ်ခွင့်ပြုဖို့ စစ်ကောင်စီက စာနဲ့ထုတ်ပြန်ညွှန်ကြားခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013