
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ဖလူးလေး-ဝေါလေ-စုကလိလမ်းပိုင်း ပိတ်ပင်တဲ့ ထုတ်ပြန်ချက်ဟာ နိုင်ငံခြားသားတွေ သယ်ဆောင်တာ စစ်ဆေးတွေ့ရှိရင် အဖွဲ့အစည်း အချင်းချင်း ပြဿနာမဖြစ်အောင် လုပ်ဆောင်တာလို့ DKBA တာဝန်ရှိသူက ပြောပါတယ်။
နိုဝင်ဘာ ၂၁ ရက်က မြဝတီမြို့တောင်ဘက် မင်းလက်ပံကျေးရွာက ကျားဖြန့်ရုံကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တွေက ဝင်ရောက်စီးနင်းပြီး DKBA တပ်ဖွဲ့ဝင် ၂၃၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ထုတ်ပြန်ခဲ့ပါတယ်။
မင်းလက်ပံကျေးရွာက ကျားဖြန့်ရုံကို KNLA ပူးပေါင်းတပ်တွေက ဝင်ရောက်စီးနင်းပြီးနောက် မြဝတီမြို့တောင်ဘက် ဖလူးလေး-ဝေါလေ-စုကလိလမ်းပိုင်းကို ဘယ်လက်နက်ကိုင် အဖွဲ့အစည်းမဆို ခွင့်ပြုချက်မရှိဘဲ မသွားလာဖို့နဲ့ အရေးပေါ်သွားလာလိုပါက ကြိုတင်သတင်းပို့ဖို့ နိုဝင်ဘာ ၂၆ ရက်မှာ DKBA က အသိပေး ထုတ်ပြန်ခဲ့ပါတယ်။
DKBA ဗိုလ်မှူးကြီး စောသရီးတူးက “လုံးဝသွားလာခွင့်မပြုတာတော့ မဟုတ်ပါဘူး။ သွားလို့ရှိရင် တယောက်နဲ့တယောက် ဘယ်လိုပြောမလဲ၊ သတင်းပို့ပြီး သွားလာလို့ရတယ်။ ဘာကြောင့်လဲဆိုတော့ အဖွဲ့အစည်းတွေကများတော့ ဒီကျားဖြန့်နဲ့ပတ်သက်လာတော့ လွန့်ခဲ့တဲ့ ၁ ရက်က ကျနော်တို့ ထုတ်ထားခဲ့တဲ့ Statement တခုရှိတယ်လေ။ နိုင်ငံခြားသား တရုတ်အဖွဲ့အစည်းသော်လည်းကောင်း၊ တဦးတယောက်သော်လည်းကောင်း ဘယ်လိုပြောမလဲ သယ်ဆောင်လာလို့ရှိရင် လမ်းမှာ ကျနော်တို့ စစ်ဆေးတွေ့ရှိလို့ရှိရင် အဖွဲ့တွေ ပြဿနာမဖြစ်အောင် လုပ်တာပဲရှိတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း KNLA ပူးပေါင်းတပ်ကို DKBA ဘက်က ပစ်ခတ်ရာမှာ တာဝန်ရှိသူ အမှတ် ၉၀၅ တပ်ရင်း၊ ဒုတပ်ရင်းမှူး ဗိုလ်မှူးသခွားသီးကို နိုဝင်ဘာ ၂၄ ရက်မှာ DKBA က ဖမ်းဝရမ်းထုတ်ခဲ့ပါတယ်။
ဖလူးလေး-ဝေါလေ-စုကလိလမ်းပိုင်း ကန့်သတ်ပိတ်ပင်တာနဲ့ပတ်သက်ပြီး ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) အနေနဲ့ အကွက်ရွှေ့မမှားဖို့ လိုတယ်လို့ ကရင်စစ်ရေးလေ့လာသူတယောက်က ပြောပါတယ်။
“တကယ်လို့ DKBA က သူရဲ့ နိုင်ငံရေးလမ်းစဉ်နဲ့ တော်လှန်ရေးလမ်းစဉ်ကို အကွက်ရွှေ့တာ မှန်ကန်ကောင်းမွန်နေဖို့ လိုတယ်။ အကွက်ရွှေ့မမှားဖို့ လိုတယ်။ အကယ်ရွေ့များ အကွက်ရွှေ့မှားရင် DKBA ထဲမှာ အဖွဲ့အစည်းဝင်အနေနဲ့ ပါဝင်နေတဲ့ လက်သုံးချောင်း တော်လှန်ရေးသမားတွေ အားလုံးက ဖောက်ထွက်ပြီးတော့မှ KNU ဘက်ကို ဘက်ပြောင်းပြီး ခိုလှုံသွားတာမျိုးတွေ ဖြစ်လာနိုင်သလို အဲဒီ DKBA နဲ့ မပူးပေါင်းဘဲ တော်လှန်ရေးအဖွဲ့ထဲမှာရှိနေတဲ့ လက်သုံးချောင်းတော်လှန်ရေးအဖွဲ့တွေက အင်အားတွေ ကောင်းလာပြီးတော့မှ သူတို့ မဖြစ်သင့်တာတွေ ဆက်ပြီးတော့မှ ဖြစ်လာနိုင်တဲ့ အနေအထားတွေတော့ ရှိတယ်။ အဲဒါတွေတော့ ကျနော်တို့ လက်ရှိ သုံးသပ်မိတယ်။”
အမေရိကန်နိုင်ငံသားတွေကို ပစ်မှတ်ထားလိမ်လည်နေတဲ့ တရုတ်ရာဇဝတ်ဂိုဏ်းတွေနဲ့ ဆက်စပ်ပြီး အွန်လိုင်းလိမ်လည်မှု ကျားဖြန့်စင်တာတွေ တည်ထောင်နိုင်ဖို့ ပူးပေါင်းဆောင်ရွက်ခဲ့တာကြောင့် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောစတီး၊ စစ်ဦးစီးအရာရှိချုပ် ဗိုလ်ချုပ် စောဆန်းအောင်၊ ဗိုလ်မှူးချုပ် စိုင်းကျော်လှနဲ့ စစ်ရေးချုပ် ဗိုလ်မှူးကြီး စောစိန်ဝင်းတို့ကို အမေရိကန်က နိုဝင်ဘာ ၁၂ ရက်မှာ ဒဏ်ခတ်အရေးယူခဲ့ပါတယ်။
အောင်ခန့်










