DVB Logo
Home
မြန်မာသတင်း
အိမ်အရောက်ပို့စနစ်ဖြင့် ဆန်ရောင်းချပေးမည်ဟု ဆန်စပါးအသင်းချုပ် ပြော 
DVB
·
November 26, 2025
အိမ်အရောက်ပို့စနစ်ဖြင့် ဆန်ရောင်းချပေးမည်ဟု ဆန်စပါးအသင်းချုပ် ပြော 
Donate to DVB

ရန်ကုန်မှာ အိမ်အရောက်ပို့စနစ်နဲ့ ဆန်ရောင်းချပေးမယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က နိုဝင်ဘာ ၂၆ ရက်မှာ ထုတ်ပြန်ပါတယ်။

ဆန်ဈေးနှုန်းတည်ငြိမ်မှန်ကန်စေရေးအတွက် စားသုံးသူတွေဆီ အိမ်အရောက်ပို့စနစ် ဆိုတဲ့ ခေါင်းစဉ်နဲ့ ရောင်းချတာဖြစ်ပြီး မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နဲ့ မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်းတို့ ပူးပေါင်းရောင်းချပေးတာလို့ ဆိုပါတယ်။

ရွှေဘိုပေါ်ဆန်း အဟောင်းတအိတ်ကို ၁၈၀,၀၀ဝ ကျပ်၊ ဧရာဝတီပေါ်ဆန်း (ကြားပျံ) အဟောင်းတအိတ်ကို  ၁၅၀,၀၀ဝ ကျပ်၊ ဧရာဝတီပေါ်ဆန်း (ကြားပျံ) အသစ် တအိတ်ကို  ၁၃၀,၀၀ဝ ကျပ်၊ ဧရာဝတီပေါ်ဆန်း (နယ်စုံ) အဟောင်းတအိတ်ကို ၁၂၅,၀၀ဝ ကျပ်၊ ဧရာဝတီပေါ်ဆန်း (နယ်စုံ) အသစ်တအိတ်ကို ၁၁၅,၀၀ဝ ကျပ်၊ ရက် (၉၀) ဆန် တအိတ်ကို ၇၅,ဝဝဝ ကျပ်၊ ဧည့်မထ (၁၅ မှတ်) တအိတ်ကို ၅၀,၀၀ဝ ကျပ် ဈေးနှုန်းနဲ့ ပို့ဆောင်ခ အခမဲ့ဖြစ်တယ်လို့ ကြေညာထားပါတယ်။

ဆန်တွေဟာ ၁၀၈ ပေါင်၊ ၂၄ ပြည်အိတ်ဖြစ်ပြီး ပို့ဆောင်ခ အခမဲ့ဖြစ်ပေမဲ့ အထပ်မြင့်ကို ပို့ရရင်တော့ ဝန်ဆောင်ခ ထပ်ပေးရမယ်လို့ ဆိုပါတယ်။

အခုရောင်းချတဲ့ ဈေးတွေက ရပ်ကွက်ဆိုင်တွေနဲ့ယှဉ်ရင် သက်သာပေမဲ့ ပိုးပါလာနိုင်တာကို စိုးရိမ်တယ်လို့ ရန်ကုန်မြို့နေ အိမ်ရှင်မတယောက်က ပြောပါတယ်။

“မှာနေကျဆိုင်ကလည်း တအိတ်ဆိုရင် အိမ်အရောက် အခမဲ့ပို့ပေးတယ်။ ရွှေဘိုပေါ်ဆန်း ထိပ်စ(အကောင်းဆုံး)တအိတ်ကို ၂ သိန်းကျော်၊ သူ့ထက်တဆင့်နိမ့်တဲ့ ထူးထူးရှယ် အဟောင်း တအိတ်ကို ၂ သိန်းဝန်းကျင်ရှိတယ်။ အခု အသင်းကရောင်းတာကတော့ ဈေးသက်သာတယ်။ ဒါမေပဲ့ ပိုးပါလားဆိုတာတော့ မသိရဘူး။ ဆိုင်ကပေးတာကို ယူရတာကိုး” လို့ ပြောပါတယ်။

အသင်းနဲ့ချိတ်ဆက်ထားတဲ့ ရပ်ကွက်ဆိုင်တွေတဆင့်ပို့ပေးတာဖြစ်ပြီး အဲဒီဆိုင်တွေကလည်း အသင်းကလာပို့ထားတဲ့ ဆန်အိတ်တွေကို ပို့ပေးရတာဖြစ်လို့ ပိုးပါ၊ မပါကို အာမ မခံကြဘူးလို့ ဆိုပါတယ်။

ဆန်မှာယူမယ်ဆိုရင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ရဲ့ ဖုန်းနံပါတ်တွေဖြစ်တဲ့ ဝ၉-၄၀၀၀၆၇၂၄၀၊ ၀၉-၄၀၀၀၆၇၂၅၀၊ ၀၉-၄၀၀၀၆၇၂၆ဝ ကို ဆက်သွယ်ပြီး မှာယူလိုတဲ့ ဆန်အမျိုးအစား၊ နေရပ်လိပ်စာ၊ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်တို့ကို SMS ဒါမှမဟုတ် Viber ကနေ စာပို့မှာယူရမှာဖြစ်ပါတယ်။

အဲဒီဖုန်းနံပါတ်တွေက အသင်းချုပ်ကိုငွေကြိုတင်ပေးသွင်းရမယ့် KBZ pay နံပါတ်ကို ချက်ချင်း ပြန်ကြားပေးမှာဖြစ်ပြီး အဲဒီ KBZ pay Account နံပါတ်တွေဆီငွေပေးသွင်းပြီး Viber နဲ့ အတည်ပြု ပေးပို့ရမယ်လို့ ဆိုပါတယ်။

ငွေပေးသွင်းတဲ့နေ့ကစလို့ ရုံးဖွင့်ရက် ၃ ရက်အတွင်း လိပ်စာဖော်ပြပါအတိုင်း ဆန်တွေကို ပို့ဆောင်မှာဖြစ်ပြီး ပို့မယ့် ရက်နဲ့ အချိန်ကိုတော့ ကြိုတင်ဆက်သွယ်မယ်လို့ ဆိုပါတယ်။

၂၄ ပြည်အိတ်တွေကို ကြိုတင်မှာတဲ့စနစ်နဲ့ရောင်းမှာဖြစ်ပြီး အိတ်သေး ၁၀ ကီလို၊ ၅ ကီလို အိတ်တွေကိုတော့ ရပ်ကွက်တွေ၊ ဈေးတွေမှာ လှည့်လည်ရောင်းချမယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်းထဲမှာ ပေါ်ဆန်းဆန် သိုလှောင်ဖြန့်ဖြူး ရောင်းချနေသူတွေ၊ လက်လီဆိုင်တွေအနေနဲ့ ဈေးကွက်ထဲကို စဉ်ဆက်မပြတ် ထုတ်ရောင်းပေးဖို့၊ သိုလှောင်ဈေးနှုန်းမြှင့်တင်ရောင်းချတာတွေ လုံးဝမလုပ်ဖို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က သတိပေးထားပြီး သိုလှောင်ဖြန့်ဖြူးရောင်းချတဲ့ လုပ်ငန်းတွေအနေနဲ့ မြန်မာ ဆန်စပါးအွန်လိုင်း (MyRO) မှာ မှတ်ပုံတင်ပြီး  ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်စာရင်းတွေထည့်သွင်းဖို့လည်း တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013