
ငြိမ်းချမ်းရေးသဘောတူညီချက်ရဖို့ ယူကရိန်းဘက်က နယ်မြေ စွန့်လွှတ်ရမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ အထူးကိုယ်စားလှယ် စတိဗ်ဝစ်ကော့ဖ်က ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့ နိုင်ငံခြားရေးမူဝါဒ အကြံပေးကို ပြောကြားခဲ့ကြောင်း ပေါက်ကြားခဲ့တဲ့ ဖုန်းမှတ်တမ်းမှာ ဖော်ပြထားပါတယ်။
ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့ နိုင်ငံခြားရေးမူဝါဒအကြံပေး ယူရီအူရှာကော့ဗ်နဲ့ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၄ ရက်က ဖုန်းပြောဆိုမှု မှတ်တမ်းကို Bloomberg သတင်းဌာနက ရရှိခဲ့တာပါ။
နယ်မြေအလျှော့ပေးမှုက လိုအပ်တဲ့ကိစ္စဖြစ်ပြီး ထရမ့်ပ်ကို ဂုဏ်ပြုဖို့၊ ဆွေးနွေးမှုတွေကို အပြုသဘောဆောင်ဆောင်နဲ့ ချဉ်းကပ်ဖို့ပါ ဝက်စ်ကော့ဖ်က တိုက်တွန်းခဲ့ပါတယ်။
"အခု၊ ပြောရမယ်ဆိုရင်၊ ငြိမ်းချမ်းရေးသဘောတူညီချက်ရဖို့ဆိုရင်၊ ဒွန်ညက်စ်နဲ့ တနေရာရာမှာ နယ်မြေလဲလှယ်တာလုပ်ရမယ်ဆိုတာ ကျနော်သိပါတယ်။ ဒါပေမဲ့ အဲဒီလိုပြောမယ့်အစား ပိုပြီးတော့ မျှော်လင့်ချက်ရှိရှိ ပြောစေချင်တယ်။ ဘာလို့လဲဆိုတော့ သဘောတူညီချက်တခု ရမယ်လို့ ကျနော်ထင်ပါတယ်" လို့ ဝစ်ဖ်ကော့က အူရှာကော့ဗ်နဲ့ ၅ မိနစ်ကြာ ဖုန်းပြောမှုအတွင်း ထည့်ပြောခဲ့ပါတယ်။
အဲဒီလိုဆွေးနွေးအပြီး နိုဝင်ဘာလမှာ ယူကရိန်းငြိမ်းချမ်းရေး ထရမ်ပ်ရဲ့ မူ ၂၈ ချက် ပေါ်ထွက် လာတာဖြစ်ပါတယ်။
ဝစ်ကော့ဖ်က အရင်တုန်းကလည်း ဂါဇာအပစ်အခတ်ရပ်စဲရေးသဘောတူညီချက် ရရှိရေးညှိနှိုင်းမှုမှာ ဦးဆောင်ခဲ့သူဖြစ်လို့ အဲဒီသဘောတူညီချက်ကို နမူနာယူပြီးတော့ မော်စကိုနဲ့ ဝါရှင်တန်တို့ ပူးတွဲငြိမ်းချမ်းရေးမူဘောင်တခု ရေးဆွဲဖို့ အဆိုပြုခဲ့တာပါ။
အဲဒီတုန်းက ထရမ့်ပ်က ဂါဇာငြိမ်းချမ်းရေး အချက်-၂၀ မူဆိုပြီးတော့ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
အဲဒီနောက် အူရှာကော့ဗ်ကလည်း ဝစ်ကော့ဖ်ပြောတဲ့ တချို့အချက်တွေကို ချက်ချင်းလက်ခံခဲ့ပြီး၊ ပူတင်က ထရမ့်ပ်ကို ဂုဏ်ပြုမှာဖြစ်ပြီး "မစ္စတာထရမ့်ဟာ တကယ့်ငြိမ်းချမ်းရေးလူသားပါ" လို့ ပြောလိမ့်မယ်လို့ တုံ့ပြန်ခဲ့ပါတယ်။
ဝစ်ကော့ဖ်ဟာ မော်စကိုကို မကြာမီထပ်သွားပြီး ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ တွေ့ဆုံမှာ ဖြစ်ကာ ဂါဇာငြိမ်းချမ်ရေးမှာ ပါဝင်ခဲ့တဲ့ ထရမ့်ပ်သမက် ဂျရက် ကုရှ်နာလည်း လိုက်ပါသွားမှာ ဖြစ်ကြောင်း သမ္မတ ထရမ့်ပ်ကိုယ်တိုင်က အတည်ပြု ပြောကြားထားပါတယ်။
Source:Reuters










