
ထိုင်းအရှေ့ပိုင်း၊ ချာချိန်းဆောင်းခရိုင်၊ ဘန့်ဖိုးထိမြို့မှာ လွန်ခဲ့တဲ့အပတ်က ငါးလုပ်ငန်းစက်ရုံ မြန်မာအလုပ်သမ မတင်စန္ဒာလင်း (၂၆ နှစ်) အသတ်ခံရပြီး မြက်တောထဲ စွန့်ပစ်ခံရတာနဲ့ ပတ်သက်လို့ လူသတ်တရားခံကို ဖမ်းဆီးရမိပြီဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ပြောဆိုပါတယ်။
အဆိုပါလူသတ်တရားခံမှာ တခြားသူမဟုတ်ဘဲ သူ့ရဲ့ အလုပ်သမားခေါင်းဆောင် မြန်မာလုပ်သား အသက် ၃၇ နှစ်ရှိ သန်းဇော်ဝင်း ဆိုသူ ဖြစ်တယ်လို့ ချချိန်းဆောင်းခရိုင် ရဲတပ်ဖွဲ့ ဒုရဲမှူးကြီး ကစ်သီ ဆန် ချနက သတင်းထောက်တွေကို ပြောပါတယ်။
ဇူလိုင် ၂၇ ရက်က မတင်စန္ဒာလင်းရဲ့ အလောင်းကို စက်ရုံနဲ့ မနီးမဝေး မြက်တောထဲမှာ တွေ့ရှိပြီးနောက် စက်ရုံအလုပ်သမားတန်းလျားက လူ ၃၆ ယောက်ရဲ့ ဒီအန်အေတွေ စစ်ဆေးခဲ့တယ်။ နောက်ဆက်တွဲ စစ်ဆေးမေးမြန်းဖို့ တယောက်ချင်း ခေါ်ယူတာမှာ သန်းဇော်ဝင်း တယောက်တည်း အကြောင်းပြပြီး ရှောင်ဖယ်နေတာကြောင့် သူ့ကို သံသယရှိသူအဖြစ် သတ်မှတ်လိုက်တယ်။
စက်ရုံရှိ စီစီတီဗီကင်မရာတွေ ပြန်စစ်ဆေးတာမှာ သန်းဇော်လင်းဟာ ပစ္စည်းသိမ်းတဲ့အခန်းထဲ သော့ဖွင့်ဝင်ပြီး ဓားကိုင်ပြီး ပြန်ထွက်လာတာ တွေ့တယ်၊ သူ့ရဲ့ တယ်လီဖုန်းထဲမှာလည်း မတင်စန္ဒာလင်းကို အလုပ်ကိစ္စ ပြောစရာရှိတယ်ဆိုပြီး အပြင်ခေါ်ထုတ်တဲ့ အသံဖိုင်ရှိကြောင်း ဘာသာပြန်ကနေတဆင့် သိရတယ်လို့ ဆိုပါတယ်။
ဇူလိုင် ၃၁ ရက်မှာ ရဲတပ်ဖွဲ့ဝင်တွေက သူ့ကို ဖမ်းပြီး စစ်ကြောရေးလုပ်တာမှာ နောက်ဆုံးတော့ လူသတ်ကြောင်း ဝန်ခံတယ်၊ မတင်စန္ဒာလင်းဟာ အလုပ်သမားခေါင်းဆောင်ဖြစ်တဲ့ သူ့စကားကို နားမထောင်တဲ့အပြင် မချေမငံ ပြန်ဆက်ဆံတဲ့ အကျင့်ရှိတယ်၊ အဲဒီနေ့ကလည်း အလုပ်ကိစ္စ စကားများပြီး သူ့ရဲ့ မိဘတွေကိုပါ ကျိန်ဆဲတာကြောင့် သတ်လိုက်တာလို့ ဆိုပါတယ်။
ဒါပေမဲ့ သေဆုံးသူမှာ ဘောင်းဘီခွ ဆုတ်ဖြဲခံထားရတာကြောင့် ရဲတပ်ဖွဲ့က လိင်ပိုင်းဆိုင်ရာ စော်ကားမှုပါ သံသယရှိတယ်၊ တရားခံပြောသမျှ အကုန်မယုံကြည်ဘဲ အမှုမှန်ပေါ်အောင် ဆက်လက် စစ်ဆေးနေတယ်လို့ ဆိုပါတယ်။
သူ့လုပ်ရပ်တွေက ပြန်သရုပ်ပြစေခဲ့တာမှာ တင်စန္ဒာလင်းကို စက်ရုံအလုပ်သမားတန်းလျားနဲ့ မီတာ ၅၀ လောက်အကွာမှာသာ လုပ်ကြံခဲ့တာဖြစ်ပြီး ကျူးလွန်ခဲ့တဲ့ ဓားနဲ့ သေဆုံးသူရဲ့ဖုန်းကို အဲဒီနားက ငါးမွေးမြူရေးကန်ထဲမှာပဲ ပစ်ချခဲ့တယ်လို့ ဆိုတယ်၊ တာဝန်ရှိသူတွေက ရေငုပ်ရှာတာမှာ တကယ်ပဲ ဖုန်းနဲ့ ဓားကို ပြန်တွေ့ပါတယ်။
တင်စန္ဒာလင်း ပျောက်ဆုံးစဉ် အလုပ်သမားတွေ ဝိုင်းဝန်းရှာဖွေတာ သန့်ဇော်လင်းလည်း ပါတယ်၊ အလောင်းစတွေ့တဲ့ထဲမှာ သူလည်းပါတယ်၊ သူ့ရဲ့ဇနီးနဲ့ ဆွေမျိုးတွေကတော့ လူသတ်သမားဟာ မမျှော်လင့်ဘဲ သန်းဇော်လင်း ဖြစ်နေတာကြောင့် အံ့ဩဝမ်းနည်းစွာနဲ့ ငိုကြွေးနေကြတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။
Source: Top News / Amarin TV News










