
အမေရိကန်နဲ့ ယူကရိန်း နှစ်ဖက်စလုံးက ကိုယ်စားလှယ်တွေဟာ အချက် ၂၈ ချက်ပါ ငြိမ်းချမ်းရေး အစီအစဉ် တရပ်ကို ဆွေးနွေးဖို့ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ တွေ့ဆုံခဲ့ပါတယ်။
နိုဝင်ဘာ ၂၃ ရက်က ထုတ်ပြန်တဲ့ ပူးတွဲကြေညာချက်မှာ ရပ်တည်ချက်တွေကို ညှိနှိုင်းခြင်းနဲ့ ရှင်းလင်းတဲ့ နောက်ထပ်ခြေလှမ်းတွေကို ဖော်ထုတ်ခြင်းအတွက် အဓိပ္ပာယ်ရှိတဲ့ တိုးတက်မှုကို ရခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့အပတ်က ထွက်ပေါ်လာတဲ့ အချက် ၂၈ ချက်ပါ အစီအစဉ်ဟာ ရုရှားအတွက် အလွန်အကျိုးရှိလွန်းတယ်လို့ ဥရောပခေါင်းဆောင်တွေက ပြောဆို ဝေဖန်ခဲ့ကြပါတယ်။
ဒီနေ့ တင်ပြထားတဲ့ ပြင်ဆင်ချက်တွေနဲ့ ရှင်းလင်းချက်တွေအပေါ် အခြေခံပြီး ယူကရိန်းနိုင်ငံသား တွေက လက်ရှိ မူကြမ်းဟာ အမျိုးသားအကျိုးစီးပွားတွေကို ထင်ဟပ်စေတယ်ဆိုတာ ယုံကြည်ကြတယ်လို့ ဂျီနီဗာဆွေးနွေးပွဲတွေနဲ့ ပတ်သက်ပြီး အိမ်ဖြူတော်အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။
ယူကရိန်းက အမေရိကန်ရဲ့ ထောက်ခံမှုကို ဆုံးရှုံးမခံနိုင်လို့ ဒီလုပ်ငန်းစဉ်မှာ ပါဝင်ဆောင်ရွက်နေတယ်လို့ ဂျီနီဗာမှာ ရှိတဲ့ ဘီဘီစီသတင်းထောက် ဆာရာ ရိမ်းစ်ဖို့ဒ်က ရေးပါတယ်။
တချိန်တည်းမှာ ရုရှားက ယူကရိန်းအပေါ် ဆက်လက်တိုက်ခိုက်နေပြီး တနင်္ဂနွေနေ့က ခါကိဗ်မြို့ကို ဒရုန်းတိုက်ခိုက်မှုကြောင့် လူ ၄ ယောက်ထက်မနည်း သေဆုံးခဲ့ရပါတယ်။
Source:Reuters










