
OpenAI က ဖန်တီးထားတဲ့ AI Agent တခုဟာ ဩစတြေးလျအစိုးရရဲ့ Medicare ကျန်းမာရေးစာရင်းအင်းစနစ်ကို ပြီးခဲ့တဲ့ ဇွန်လက ခွင့်ပြုချက်မရှိဘဲ ဖောက်ထွင်းဝင်ရောက်ခဲ့တယ်လို့ ဝန်ကြီးချုပ် အန်တိုနီ အယ်လ်ဘန်နီက အတည်ပြုလိုက်ပါတယ်။
လူက ဖောက်ထွင်းဖို့မခိုင်းဘဲ AI ကိုယ်တိုင် အစိုးရစနစ်ကို ဖောက်ဝင်ခဲ့တဲ့ ကမ္ဘာ့ပထမဆုံး သိရှိရတဲ့ဖြစ်ရပ် ဖြစ်နိုင်တယ်လို့ ပညာရှင်တွေက ဆိုပါတယ်။
AI Agent ဆိုတာ လူရဲ့ကြီးကြပ်မှု အနည်းငယ်နဲ့ ပေးထားတဲ့အလုပ်ကို ကိုယ်တိုင်ဆောင်ရွက်နိုင်တဲ့ ဉာဏ်ရည်တု ကွန်ပျူတာပရိုဂရမ် ဖြစ်ပါတယ်။
ကျန်းမာရေးစာရင်းအင်းတွေ ရှာဖွေရင်း အများပြည်သူကြည့်ခွင့်မရှိတဲ့ ဖိုင်တွေကိုပါ ရယူခဲ့တာလို့ OpenAI က ဆိုပါတယ်။
လူနာတယောက်ချင်းရဲ့ ကိုယ်ရေးအချက်အလက်တွေ ရယူသွားတာတော့ မရှိဘူးလို့ ဩစတြေးလျ အစိုးရက ပြောပါတယ်။
OpenAI က ဒီဖြစ်ရပ်ကို ဩဂုတ်လမှ သိရှိခဲ့ပြီး စက်တင်ဘာ ၁၀ ရက်မှ ဩစတြေးလျအစိုးရကို အကြောင်းကြားခဲ့ပါတယ်။
အကြောင်းကြားရာမှာလည်း Services Australia ဌာနရဲ့ အများသုံးအီးမေးလ်လိပ်စာကိုပဲ ပို့ခဲ့တယ်လို့ ဆိုပါတယ်။ ဩစတြေးလျဝန်ကြီးချုပ်က ဒီလိုကိုင်တွယ်ပုံဟာ “လက်ခံနိုင်စရာ မရှိဘူး” လို့ ပြောပါတယ်။
OpenAI အမှုဆောင်အရာရှိချုပ် ဆမ်အော်တ့်မန်းနဲ့လည်း ဒီကိစ္စကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့တယ်လို့ အယ်လ်ဘန်နီက ဆိုပါတယ်။
ဖောက်ထွင်းမှုနဲ့ပတ်သက်ပြီး ဩစတြေးလျ ဆိုက်ဘာလုံခြုံရေးအာဏာပိုင်တွေက စုံစမ်းစစ်ဆေးနေပါတယ်။











