DVB Logo
Home
မြန်မာသတင်း
မင်းလက်ပံရွာရှိ ကျားဖြန့်ရုံကို KNLA ဝင်စီးနင်းပြီး DKBA တပ်ဖွဲ့ဝင် ၂၀ ကျော်ကို ထိန်းသိမ်း
DVB
·
November 24, 2025
မင်းလက်ပံရွာရှိ ကျားဖြန့်ရုံကို KNLA ဝင်စီးနင်းပြီး DKBA တပ်ဖွဲ့ဝင် ၂၀ ကျော်ကို ထိန်းသိမ်း
Donate to DVB

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် မင်းလက်ပံရွာရှိ DKBA ထိန်းချုပ်ထားတဲ့ ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းရုံတခုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ PDF ပူးပေါင်းတပ်ဖွဲ့ဝင်တွေက နိုဝင်ဘာ ၂၁ ရက်မှာ ဝင်ရောင်စီးနင်းပြီး DKBA တပ်ဖွဲ့ဝင် ၂၀ ကျော်ကို လက်နက်တွေနဲ့အတူ ထိန်းသိမ်းခဲ့ပါတယ်။

နိုဝင်ဘာ ၂၁ ရက် မနက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက KNLA တပ်တွေ ရှိရာဘက်ကို ထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး KNLA ပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းနဲ့ ပစ်ခတ်စဉ် DKBA ထိန်းချုပ်မြေ မင်းလက်ပံရွာရှိ ကျားဖြန့်ရုံကို ထိမှန်ခဲ့ပါတယ်။

DKBA ဘက်ကလည်း ကျားဖြန့်ရုံကနေ ပြန်ပစ်ခတ်ခဲ့တာကြောင့် KNLA  ပူးပေါင်းတပ်တွေက ကျားဖြန့်ရုံကို ဝင်စီးနင်းပြီး DKBA တပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးခဲ့တာလို့ နယ်စပ် ကရင် သတင်းရင်းမြစ်က DVB ကို ပြောပါတယ်။

“လက်နက်က ကျားဖြန့်ရုံကို ထိမှန်တာကြောင့် DKBA အမှတ် ၉၀၅ ဒုတပ်ရင်းမှူး ဗိုလ်မှူး သခွါးသီးက ပစ်မိန့်ပေးလိုက်တယ်။ KNLA ဘက်ကလည်း သူတို့ကို DKBA က ပစ်တယ်ဆိုပြီးတော့ မင်းလက်ပံရွာကို ရောက်လာတယ်။ ပြီးတော့ DKBA ကို လက်နက်ချခိုင်းတယ်။ DKBA အဖွဲ့ဝင် ၂၅ ယောက် အပါအဝင် သူတို့မိသားစုဝင်တွေ၊ ကျားဖြန့်ရုံကလူတွေ စုစုပေါင်း ၃၀၀ ကျော်ကို ဖလူးရွာဘက်ကို ပို့ထားတယ်၊ လက်နက် ၂၀၃ လက်ပါ ထိန်းသိမ်းထားတယ်၊ ပြီးရင် ဆုံစည်းမြိုင်ကို ပို့မယ်လို့ သိရတယ်။”

ပစ်မိန့်ပေးတဲ့ အမှတ် ၉၀၅ က ဒုတပ်ရင်းမှူး ဗိုလ်မှူး သခွားသီးကို DKBA ဘက်က အရေးယူမယ်လို့  ပြောထားပေမဲ့  လက်ရှိမှာ ဗိုလ်မှူးသခွားသီးကတော့ မင်းလက်ပံရွာကနေ ထိုင်းနိုင်ငံ မဲ့ကို့ကင်းရွာဘက်ကို ထွက်ပြေးပြီးနောက် မြဝတီမြို့ အမှတ် ၃ ရပ်ကွက်မှာ ပြန်ခိုလှုံနေပါတယ်။ 

ထိန်းသိမ်းခံထားရတဲ့  ဗိုလ်မှူးသခွားသီးရဲ့ တပ်ဖွဲ့ဝင်တွေကတော့ ဖလူးကြီးကျေရွာက နေအိမ်တအိမ်မှာ ထားရှိပါတယ်။

မင်းလက်ပံရွာက ကျားဖြန့်လုပ်ငန်းမှာ တရုတ်နဲ့ ထိုင်းနိုင်ငံသားတွေ ရှိနေပြီး KNLA ပူးပေါင်းတပ်ဘက်က ထိန်းချုပ်လိုက်တဲ့နောက်ပိုင်း ကျားဖြန့်ဂိုဏ်းဝင်တွေဟာ အလုပ် ဆက်မလုပ်တော့ဘဲ ထိုင်းနိုင်ငံဘက်ကို ညတွင်းချင်း ထွက်ပြေးတိမ်းရှောင်နေတယ်လို့ ဆိုပါတယ်။

ကျားဖြန့်ဂိုဏ်းသား ၂၉ ယောက်ဟာ နိုဝင်ဘာ ၂၃ ရက် ညမှာ ထိုင်းဘက်ကို ထွက်ပြေးသွားတယ်လို့ နယ်စပ် သတင်းရင်းမြစ်က ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တွေ ပစ်ခတ်မှုဖြစ်စဉ်မှာ ၁၂၀-မမ လက်နက်ကျည်တချို့  ထိုင်းဘက်ခြမ်း တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ် မဟာဝမ်းအုပ်စု မဲ့ကို့ကင်းရွာထဲကို ကျရောက် ပေါက်ကွဲခဲ့ပါတယ်။

မြန်မာဘက်ခြမ်းက လက်နက်ကြီး ကျရောက်မှုကြောင့် မဲ့ကို့ကင်းရွာ ရပ်ကွက် ၄ ရှိ လူနေအိမ် ၆  လုံးမှာ မျက်နှာကြက်၊ အိမ်နံရံ၊ ပြတင်းပေါက်၊ ခြံစည်းရိုးအုတ်တံတိုင်း၊ ကေဘယ်လ်ကြိုး၊ မီးကြိုးတွေ၊ အဖြူရောင် မော်တော်ကားတစီးနဲ့ ကားရုံတရုံပါ ထိခိုက်ပျက်စီးသွားတယ်လို့ AEC ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ထိုင်းအမှတ် ၃ စစ်တိုင်းမှူး ဗိုလ်ချုပ် ဝေါလ်ထိပ် ဘွန်းယနဲ့ တာ့ခ်ခရိုင်ဝန် နိုင်းချူးဆဒ် လုယင့်တို့ဟာ နေအိမ် ပျက်စီးဆုံးရှုံးခဲ့ရတဲ့ ထိုင်းရွာသားတွေကို သွားရောက်အားပေးကူညီခဲ့တယ်၊ တဘက်နိုင်ငံက တိုက်ပွဲတွေကို သတိပေးသောအားဖြင့် ၁၂၀ မမ မီးခိုးကျည်နဲ့ ပြန်လည်ပစ်ခတ်ခဲ့တယ်၊ TBC နယ်ခြားကော်မတီဘက်ကိုလည်း စာပို့ထားတယ်၊ ထိုင်းမြေဘက်ကို ဆက်လက် ထိပါးလာဦးမယ် ဆိုရင် သတိပေးမှု အဆင့်မြှင့်သွားရမှာဖြစ်တယ်၊ တုံ့ပြန်ဖို့ အဆင်သင့်ရှိတယ်လို့ အမှတ် ၃ စစ်တိုင်းမှူးက ပြောပါတယ်။

လတ်တလော နယ်စပ်တလျှောက်မှာလည်း လုံခြုံရေးတွေ တိုးမြှင့်ချထားတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

မြန်မာ-ထိုင်း နယ်စပ် ၅ မြို့နယ်မှာ ​မောင်းသူမဲ့ ဒရုန်းတွေနဲ့ စောင့်ကြပ်စစ်ဆေးဖို့ အပါအဝင် ဒေသ အုပ်ချုပ်​ရေးမှူးတွေ၊ ကျေးရွာလုံခြုံ​ရေးအဖွဲ့တွေ၊ ​ တာဝန်ကျကင်းသမားတွေနဲ့ ရှေ့တန်းတပ်​တွေကို ​နေ့​ရောညပါ အထူးစစ်​ရေးသတိထားဖို့နဲ့ ​ဒေသကွပ်ကဲ​ရေး ထိုင်းစစ်တပ်က ​သတိ​ပေးညွှန်ကြားထားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013