
အင်ဒို-ပစိဖိတ် ဒေသတွင်း နိုင်ငံတွေဟာ အရေးပါတဲ့ သတ္တုအရင်းအမြစ် လုံခြုံရေးအတွက် ရှာဖွေနေကြပါတယ်။ ဒါပေမဲ့ အဲဒီလိုရှာဖွေရာမှာ အဆင်မပြေတဲ့ လက်တွေ့အခြေအနေတခုနဲ့ ပက်ပင်းတိုးနေပါတယ်။ အဲဒါကတော့ လေးလံမြေရှားသတ္တုဒြပ်စင်တွေ (HREEs) ထွက်ရှိတဲ့ ပထဝီဝင်အနေအထားဟာ နိုင်ငံတကာက အသိအမှတ်ပြုထားတဲ့ အချုပ်အခြာအာဏာပိုင် နယ်မြေတွေနဲ့ ကွက်တိ မကျနေတာပါပဲ။
အမေရိကန်၊ အိန္ဒိယ၊ ဂျပန်နဲ့ သြစတြေးလျ နိုင်ငံတို့ ပါဝင်တဲ့ Quad (လုံခြုံရေးဆွေးနွေးပွဲ) အဖွဲ့ဟာ တရုတ်နိုင်ငံအပေါ် ကုန်စည်ထောက်ပံ့မှု မှီခိုနေရတဲ့ အန္တရာယ်ကို လျှော့ချဖို့ မဟာဗျူဟာကို အရှိန်မြှင့် လုပ်ဆောင်လာကြပါတယ်။ ဒီအချိန်မှာ မြန်မာနိုင်ငံမြောက်ပိုင်းဟာ ဒီထောက်ပံ့ရေးကွင်းဆက်မှာ မတည်ငြိမ်ဆုံးနဲ့ အပြောင်းအလဲအမြန်ဆုံး အစိတ်အပိုင်းတခု ဖြစ်လာပါတယ်။
အပူဒဏ်ခံနိုင်တဲ့ သံလိုက်တွေ ထုတ်လုပ်ရာမှာ မရှိမဖြစ်လိုအပ်တဲ့ ဒစ်စပရိုဆီယမ် (Dysprosium) နဲ့ တာဘီယမ် (Terbium) သတ္တုတွေကို ကချင်ပြည်နယ်ကနေ တူးဖော်နေကြတာပါ။ ဒါပေမဲ့ အဲဒီနယ်မြေတွေကို စစ်အုပ်စုက အုပ်ချုပ်နေတာမဟုတ်ဘဲ၊ တော်လှန်ရေးအဖွဲ့ဖြစ်တဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) က အုပ်ချုပ်နေတာ ဖြစ်ပါတယ်။
သတ္တုထွက်ရှိတဲ့နေရာနဲ့ နိုင်ငံတော်အုပ်ချုပ်မှုကြားက ဒီလို လွဲချော်နေတဲ့အချက်ဟာ ၂၀၂၆ ခုနှစ်ရဲ့ အထင်ရှားဆုံး မူဝါဒရေးရာ အက်ကြောင်းကြီးတခု ဖြစ်လာတယ်လို့ ဆိုရမှာပါ။
ကုန်ချောထုတ်တဲ့အဆင့်မှာ ကြုံရတဲ့ အကျပ်အတည်း
လက်ရှိ သုံးသပ်ချက်အများစုက သတ္တုတူးဖော်တဲ့ ပမာဏ ဒါမှမဟုတ် တရုတ်အစိုးရက တိုင်းရင်းသား တော်လှန်ရေးအဖွဲ့ (EROs) တွေကို ဖိအားပေးဖို့ နည်းဗျူဟာအရ “နယ်စပ်ပိတ်တာ” တွေကိုပဲ အာရုံစိုက်နေကြပါတယ်။ ဒါပေမဲ့ ပိုမိုနက်နဲတဲ့ ဖွဲ့စည်းပုံဆိုင်ရာ ပြဿနာကတော့ သတ္တုသန့်စင်မှုအပိုင်းကို တရုတ်က ကြီးစိုးထားတာပါပဲ။
တရုတ်နိုင်ငံရဲ့ သြဇာလွှမ်းမိုးမှုဟာ မြန်မာနိုင်ငံက သတ္တုတွင်းတွေကို ပိုင်ဆိုင်ထားတာထက်၊ ဖြေရှင်းရခက်တဲ့ အောက်ခြေလုပ်ငန်းစဉ်တွေကို လက်ဝါးကြီးအုပ်ထားနိုင်မှုအပေါ်မှာ ပိုပြီး အခြေခံနေပါတယ်။ အဲဒီလုပ်ငန်းစဉ်တွေကတော့ ဓာတုဗေဒနည်းနဲ့ သတ္တုခွဲထုတ်တဲ့ စက်ရုံတွေ၊ သတ္တုစစ်စစ်ဖြစ်အောင် လုပ်တာနဲ့ သံလိုက်ထုတ်လုပ်တဲ့ လုပ်ငန်းတွေပဲ ဖြစ်ပါတယ်။
Quad အဖွဲ့အတွက်တော့ တခြားရွေးချယ်စရာ လမ်းကြောင်းတွေရှာမယ်လို့ ပြောဆိုနေကြပေမဲ့၊ တကယ်တမ်းမှာ ခက်ခဲတဲ့ အကန့်အသတ် သုံးခုက ရှိနေတတ်ပါတယ်။
ပထမတခုက စက်မှုလုပ်ငန်း နှောင့်နှေးမှုပါ။ လေးလံမြေရှားသတ္တု ခွဲထုတ်တဲ့ စက်ရုံတွေ တည်ဆောက်ဖို့ဆိုတာ ငွေကြေးအမြောက်အမြားနဲ့ နှစ်ပေါင်းများစွာ အချိန်ယူရပါတယ်။ ဒုတိယတခုက သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စည်းမျဉ်းတွေပါ။ ဒီမြေရှားသတ္တုတွေကို သန့်စင်တာဟာ ဓာတုဗေဒအရ အဆိပ်အတောက်ဖြစ်စေပြီး၊ ဒီမိုကရေစီနိုင်ငံတွေမှာတော့ နိုင်ငံရေးအရ အငြင်းပွားစရာ ပြဿနာ ဖြစ်တတ်ပါတယ်။
တတိယတခုကတော့ ကုန်ကြမ်း ရင်းမြစ်ကို ခြေရာခံနိုင်ဖို့ပါပဲ။ ကချင်ပြည်နယ်လို ပဋိပက္ခဒေသတွေကနေ ကုန်ကြမ်းရယူတာဟာ OECD (စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့) ရဲ့ စည်းမျဉ်းတွေအရ တရားရေးနဲ့ ဂုဏ်သိက္ခာပိုင်းဆိုင်ရာ အန္တရာယ် ကြီးကြီးမားမား ရှိနေပါတယ်။ Quad နိုင်ငံတွေဆီမှာ ကိုယ်ပိုင် သန့်စင်ထုတ်လုပ်နိုင်စွမ်းတွေ မရှိသရွေ့၊ မြန်မာနိုင်ငံက သတ္တုကုန်ကြမ်းတွေကို ဝယ်ယူဖို့ဆိုတာ မဟာဗျူဟာအရ အပေါ်ယံမျှသာ ဖြစ်နေဦးမှာပါ။
တကွဲတပြားစီဖြစ်နေသော နိုင်ငံတခုမှ သယံဇာတ စီမံခန့်ခွဲမှု
ချီဖွေ-ပန်ဝါ သတ္တုကြောရဲ့ တချို့နေရာတွေကို ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) က ထိန်းချုပ်ထားတာဟာ နယ်မြေစိုးမိုးရုံသက်သက် မဟုတ်ပါဘူး။ ခေတ်မီတဲ့ အခွန်ကောက်ခံမှုစနစ်တွေ၊ လိုင်စင်ချထားပေးမှုတွေနဲ့ နယ်စပ်ဖြတ်ကျော် ကုန်သွယ်ရေး စီမံခန့်ခွဲမှုတွေ ပါဝင်တဲ့ အင်စတီကျူးရှင်းတခုလို ဖြစ်နေတာပါ။ မူဝါဒ လေ့လာသုံးသပ်သူတွေအတွက် အချက်နှစ်ချက်ကို ရှင်းရှင်းလင်းလင်း သိထားဖို့ လိုအပ်ပါတယ်။
ပထမအချက်က ဝင်ငွေရှာဖွေတာဟာ ပဋိပက္ခဖြစ်စေတဲ့ အကြောင်းရင်းနဲ့ မတူပါဘူး။ မြေရှားသတ္တုကနေ ကောက်ခံရရှိတဲ့ အခွန်ငွေတွေက KIO အဖွဲ့အစည်းကို ခိုင်မာတောင့်တင်းစေတာ မှန်ပေမဲ့၊ မြန်မာနိုင်ငံက ပြည်တွင်းစစ်ဟာ အခုလို သတ္တုလုပ်ငန်းတွေ မထွန်းကားခင် ဆယ်စုနှစ်ပေါင်းများစွာ ကတည်းက ရှိနေခဲ့တာပါ။
ဒုတိယအချက်အနေနဲ့ နည်းပညာအရဖြစ်စေ၊ စီးပွားရေးအရဖြစ်စေ ပူးပေါင်းဆောင်ရွက်မှု မှန်သမျှဟာ နိုင်ငံရေးအရ အချက်ပြမှုတခု ဖြစ်စေပါတယ်။ တကယ်လို့ Quad အဖွဲ့ဝင်နိုင်ငံတခုဟာ KIO နယ်မြေကနေထွက်တဲ့ သတ္တုတွေနဲ့ ပတ်သက်ပြီး အရောင်းအဝယ် လုပ်မယ်ဆိုရင်၊ ဒါဟာ စစ်ကောင်စီ (SAC) ရဲ့ ပြင်ပမှာ အုပ်ချုပ်နေတဲ့ အာဏာပိုင်အဖွဲ့တခုကို သွယ်ဝိုက်သောအားဖြင့် အသိအမှတ်ပြုလိုက်ရာ ရောက်ပါတယ်။
ဒါဟာ ကိုယ်ကျင့်တရားအရ ဆုံးဖြတ်ချက်ချတာ မဟုတ်ပါဘူး။ ပထဝီနိုင်ငံရေးဆိုင်ရာ အမှန်တရားတခုသာ ဖြစ်ပါတယ်။
အိန္ဒိယ အရှေ့မြောက်ပိုင်း၏ အကျပ်အတည်း
Quad အဖွဲ့ထဲမှာ အိန္ဒိယက အနုနယ်ဆုံး အနေအထားမှာ ရှိနေပါတယ်။ နယူးဒေလီအစိုးရဟာ သူတို့ရဲ့ နိုင်ငံအဆင့် မဟာဗျူဟာမြောက် သတ္တုစီမံကိန်း အရ လွတ်လပ်တဲ့ ကုန်စည်ထောက်ပံ့မှု ကွင်းဆက်တခုကို တည်ဆောက်ဖို့ ရည်ရွယ်ထားပါတယ်။ တချိန်တည်းမှာပဲ ကီလိုမီတာ ၁,၆၀၀ ရှည်လျားပြီး မတည်ငြိမ်တဲ့ နယ်စပ်ဒေသကိုလည်း ထိန်းသိမ်းရသလို၊ သူတို့ရဲ့ အရှေ့မြောက်ပိုင်းက လက်နက်ကိုင်အဖွဲ့တွေကိုလည်း အားမပေးမိအောင် ရှောင်ရှားရပါမယ်။
သီအိုရီအရဆိုရင် အိန္ဒိယအနေနဲ့ အာသံပြည်နယ်မှာ သတ္တုသန့်စင်တဲ့ စက်ရုံတွေ တိုးချဲ့တည်ဆောက်ပြီး သတ္တုတူးဖော်ရေးအပေါ် မှီခိုနေရတာကို စက်မှုလုပ်ငန်း စွမ်းဆောင်ရည်ဘက်ကို ပြောင်းလဲနိုင်မဲ့လမ်းကြောင်း ရှိပါတယ်။ သတ္တုကုန်ကြမ်းတွေကို ပြည်တွင်းမှာ သန့်စင်ဖို့ တင်သွင်းခြင်းအားဖြင့် အိန္ဒိယဟာ တရုတ်ရဲ့ တဦးတည်းဝယ်ယူခွင့်ကို လျှော့ချနိုင်ပါတယ်။
ဒါပေမဲ့ ဒီလိုလုပ်ဖို့အတွက် သံတမန်ရေးရာ လမ်းကြောင်းနှစ်ခုကို သုံးရပါလိမ့်မယ်။ လီဒိုလမ်းမကြီး လို ဖြတ်သန်းသွားလာရတဲ့ လမ်းကြောင်းတွေ ရဲ့လုံခြုံရေးအတွက် KIO နဲ့ နည်းပညာအရ လျှို့ဝှက်ပူးပေါင်းဆောင်ရွက်ရင်း၊ တဖက်မှာလည်း စစ်ကောင်စီနဲ့ တရားဝင် ဆက်ဆံရေးကို မျှတအောင် ထိန်းကျောင်းရပါလိမ့်မယ်။
Quad ၏ အုပ်ချုပ်မှုဆိုင်ရာ လစ်ဟာချက်
Quad ရဲ့ အရေးပါတဲ့ သတ္တုဆိုင်ရာ အစီအစဉ်ဟာ "ယုံကြည်ရတဲ့" ကုန်စည်ထောက်ပံ့မှု ကွင်းဆက်ဖြစ်ဖို့ အလေးပေးထားပါတယ်။ ဒါပေမဲ့ "ယုံကြည်ရတဲ့" ဆိုတဲ့ အဓိပ္ပာယ်ကို အစိုးရအချင်းချင်း ဆက်ဆံရေးအနေနဲ့ သီးသန့်နီးပါး အဓိပ္ပာယ် ဖွင့်ဆိုထားတာပါ။
မြန်မာနိုင်ငံရဲ့ လက်တွေ့အခြေအနေကတော့ တခြားမေးခွန်းတခုကို မေးလာစေပါတယ်။ Quad အဖွဲ့အနေနဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးတာတွေ၊ နိုင်ငံပိုပြီး ပြိုကွဲတာတွေ မဖြစ်စေဘဲ စစ်ကောင်စီမအုပ်ချုပ်နိုင်တဲ့ နယ်မြေတွေကနေ ကုန်ကြမ်းတွေ ဝယ်ယူနိုင်မယ့် မူဘောင်တခုကို ဖန်တီးနိုင်မလား ဆိုတာပါပဲ။
တကယ်လို့ အဖြေက မဖန်တီးနိုင်ဘူးဆိုရင်တော့ Quad ရဲ့ မဟာဗျူဟာ ဟာ သူတို့ရဲ့ အစိုးရအချင်းချင်းကိုသာ ဗဟိုပြုတဲ့ ဖွဲ့စည်းပုံကြောင့် အဟန့်အတား ဖြစ်နေပါလိမ့်မယ်။ ရှေ့ဆက်သွားဖို့အတွက် မဟာမိတ်အဖွဲ့အနေနဲ့ အောက်ပါ ကဏ္ဍသုံးခုမှာ တီထွင်ဆန်းသစ်မှုတွေ လုပ်ရပါမယ်။
၁။ ပဋိပက္ခကို ထည့်သွင်းစဉ်းစားသော ဝယ်ယူမှု လုပ်ထုံးလုပ်နည်းများ
မြေရှားသတ္တုကုန်ကြမ်းတွေနဲ့ ကိုက်ညီမဲ့ ခြေရာခံနိုင်တဲ့ စနစ်တစ်ခုကို ဖော်ဆောင်ရပါမယ်။ ဒုတိယအဆင့် ပိတ်ဆို့အရေးယူမှုတွေကို ရှောင်ရှားနိုင်ဖို့ ပစ္စည်းလွှဲပြောင်းမှု မှတ်တမ်းတွေနဲ့ ဝင်ငွေပွင့်လင်းမြင်သာမှုတွေ ပါဝင်ရပါမယ်။
၂။ သန့်စင်ထုတ်လုပ်မှုကို ဦးစားပေးသော မဟာဗျူဟာ
Quad နိုင်ငံတွေမှာ သတ္တုခွဲထုတ်ခြင်းနဲ့ သတ္တုစစ်စစ်ဖြစ်အောင် လုပ်တဲ့ အခြေခံအဆောက်အအုံတွေကို ဦးစွာ တည်ဆောက်ဖို့ အလေးပေးရပါမယ်။ စက်မှုလုပ်ငန်းဆိုင်ရာ အချုပ်အခြာအာဏာ ရှိခြင်းကသာ အကျပ်ကိုင် ကုန်သွယ်မှုတွေကို အမှန်တကယ် ကာကွယ်နိုင်မယ့် မဟာဗျူဟာ ဖြစ်ပါတယ်။
၃။ သဘာဝပတ်ဝန်းကျင် ပြန်လည်ကုစားရေး ရန်ပုံငွေ
ကချင်ပြည်နယ်မှာ သတ္တုတူးဖော်ရာမှာ သုံးတဲ့ ဓာတုအရည်တွေကြောင့် ဆိုးရွားစွာ ပျက်စီးသွားတဲ့ ဂေဟစနစ်ကို ကုစားဖို့ Quad က ကျောထောက်နောက်ခံပြုထားတဲ့ ဘုံရန်ပုံငွေတခုကို တည်ထောင်ရပါမယ်။ ဒါဟာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသွင်ကူးပြောင်းမှုကို လူ့အခွင့်အရေးနဲ့ ဂေဟစနစ်ဆိုင်ရာ တာဝန်ခံမှုတွေနဲ့ ကိုက်ညီစေပါတယ်။
ရှေ့လာမည့် မဟာဗျူဟာမြောက် စမ်းသပ်မှု
ကမ္ဘာလုံးဆိုင်ရာ အစိမ်းရောင်စွမ်းအင် အသွင်ကူးပြောင်းမှုကြီးဟာ လက်ရှိမှာ သဘာဝပတ်ဝန်းကျင်နဲ့ လူမှုရေးဆိုင်ရာ ကုန်ကျစရိတ်တွေကို စည်းမျဉ်းအကာအကွယ် အနည်းဆုံးရှိတဲ့ ဒေသခံပြည်သူတွေအပေါ်ကို လွှဲချနေပါတယ်။
ကချင်ပြည်နယ်မှာဆိုရင် သတ္တုတွင်း စခန်းတွေဟာ ပြည်သူ့ကျန်းမာရေး အကျပ်အတည်းတွေနဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုတွေကို ဆွဲဆောင်ရာ နေရာတွေ ဖြစ်လာပါတယ်။ Quad အဖွဲ့အနေနဲ့ သတ္တုကုန်ကြမ်း ဝယ်ယူရေးကွင်းဆက်မှာ ပါဝင်နေတဲ့ အုပ်ချုပ်ရေး လေဟာနယ်ကို မျက်ကွယ်ပြုထားပြီးတော့ “စည်းမျဉ်းအခြေခံ အစီအစဉ်” လို့ ယုံကြည်လောက်အောင် အော်ဟစ်နေလို့ မရပါဘူး။
အခုအခါမှာ ဒေသတွင်းအတွက် ဖြစ်နိုင်ခြေ သုံးခုရှိနေပါတယ်။
ပထမတခုက တရုတ်ဟာ သတ္တုသန့်စင်မှုမှာ သူတို့ရဲ့ လက်ဝါးကြီးအုပ်ထားမှုကို အသုံးချပြီး လုံးဝထိန်းချုပ်မှုကို ပြန်လည်ရယူတာပါ။
ဒုတိယတခုက Quad အဖွဲ့အနေနဲ့ အဲဒီလွှမ်းမိုးမှုကို လျှော့ချဖို့ အောက်ခြေ သန့်စင်တဲ့လုပ်ငန်းတွေကို အောင်မြင်စွာ တည်ဆောက်နိုင်တာပါ။
တတိယတခုကတော့ အနောက်နိုင်ငံတွေရဲ့ စည်းမျဉ်းစည်းကမ်းတွေကြောင့် ကုန်သွယ်မှုတွေဟာ ပိုပြီး ပွင့်လင်းမြင်သာမှုမရှိတဲ့၊ စည်းမျဉ်းမရှိတဲ့ လမ်းကြောင်းတွေဆီ ရောက်သွားတာပဲ ဖြစ်ပါတယ်။
ရလဒ်ကတော့ ကချင်တောင်တန်းတွေကို ဘယ်သူက ထိန်းချုပ်ထားသလဲ ဆိုတာထက်၊ အင်ဒို-ပစိဖိတ် ဒေသတွင်းက သတ္တုခွဲထုတ်တဲ့ စက်ရုံတွေကို ဘယ်သူက ထိန်းချုပ်ထားသလဲ ဆိုတာပေါ်မှာ ပိုပြီး မူတည်နေပါတယ်။ သတ္တုအရင်းအမြစ် လုံခြုံရေးဆိုတာ ထောက်ပံ့မှုလမ်းကြောင်းတွေကို မျိုးစုံရှာဖွေတာသက်သက် မဟုတ်တော့ပါဘူး။ ကမ္ဘာ့ထိပ်တန်း ဒီမိုကရေစီနိုင်ငံတွေအနေနဲ့ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ရည်မှန်းချက်တွေကို ပဋိပက္ခဒေသတွေက အရင်းအမြစ် စီမံခန့်ခွဲမှုရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ လက်တွေ့အခြေအနေတွေနဲ့ ဘယ်လို သဟဇာတဖြစ်အောင် ညှိနှိုင်းမလဲ ဆိုတာပါပဲ။
ဂင်ရှောက်တီ
Ref: Asia Times










