DVB Logo
Home
မြန်မာသတင်း
မိုးကုတ်မြို့အနီး ရှမ်းလမ်းဆုံ၌ စစ်ကောင်စီတပ် ရောက်ရှိ
DVB
·
November 21, 2025
မိုးကုတ်မြို့အနီး ရှမ်းလမ်းဆုံ၌ စစ်ကောင်စီတပ် ရောက်ရှိ
Donate to DVB

မန္တလေးတိုင်း၊ မိုးကုတ်မြို့နဲ့ ၁၄ မိုင်ဝန်းကျင်အကွာက ရှမ်းလမ်းဆုံမှာ စစ်ကောင်စီတပ်တွေ ရောက်ရှိနေပြီလို့ မိုးကုတ်သပိတ်ခေါင်းဆောင်က ပြောပါတယ်။

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က စစ်ကောင်စီနဲ့ အပစ်ရပ်ပြီး မိုးကုတ်နဲ့ မိုးမိတ်မြို့တွေကို လက်လွှတ်မယ့်အကြောင်း အောက်တိုဘာ ၂၉ ရက်မှာ ကြေညာထားတာပါ။

TNLA က စစ်ကောင်စီကို သူတို့ကိုယ်တိုင် မိုးကုတ်မြို့ထဲ ခေါ်သွင်းလာမယ့်အကြောင်း ဒေသတော်လှန်ရေးအင်အားစုတွေကို အတိအလင်း ပြောဆိုပြီးနောက် နိုဝင်ဘာ တတိယအပတ်မှာ စစ်ကောင်စီတပ်တွေဟာ မိုးကုတ်မြို့နဲ့ ၁၄ မိုင်ဝန်းကျင်အကွာက ရှမ်းလမ်းဆုံကို ရောက်ရှိလာတယ်လို့ မိုးကုတ်သပိတ်ခေါင်းဆောင်က ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ပြင်ဦးလွင်-နောင်ချို-ကျောက်မဲ-မိုးကုတ် လမ်းကြောတလျှောက်ကို ပြန်စိုးမိုးထားပြီး ဒီလမ်းကြောင်းအတိုင်းပဲ မိုးကုတ်မြို့ထဲကို ဝင်လာဖို့ အခြေအနေ ရှိနေတာပါ။

မိုးကုတ်သပိတ်ခေါင်းဆောင် ကိုစိုးဌေးက “၃၀ - ၃၁ ကို ကျောက်မဲဘက်ကနေ သူတို့ ဝင်လာဖို့ များတယ်ပေါ့။ ပြင်ဦးလွင်လမ်းပေါ့ဗျာ၊ အခု ရှမ်းလမ်းဆုံမှာတော့ TNLA နဲ့ စစ်တပ်ကတော့ တခြမ်းစီထိုင်ပြီးတော့ ဂိတ်ချထားပြီပြောတယ်။ အဲဒီဘက်ကနေ ခေါ်သွင်းလာဖို့ များတယ်ပေါ့နော်။ အခု ဒါ နောက်ဆုံးသိရတဲ့ သတင်းပေါ့။ TNLA နဲ့ ပတ်သက်တဲ့ ဟာကျတော့လည်း နည်းနည်း ထိလွယ်ရှလွယ် ဖြစ်တာပေါ့နော်။ ဘာလို့ဆို မဟာမိတ်ပျက်လို့လည်း မဖြစ်ဘူးလေ။ NUG အစိုးရကတော့ ဦးရည်မွန်ကို ယ်တိုင် တချို့ဟာတွေ ညှိနှိုင်းနေတယ်လို့လည်း အကြမ်းဖျင်းသိရတယ်။ ဘာတွေညှိတယ်၊ ဘယ်အချက်တွေ ညှိတယ်ပေါ့နော်၊ ဘယ်လောက်အထိ သွားမယ် ဆိုတာတော့ ထုတ်ပြန်တာမျိုး၊ ကျနော်တို့ကို အကြောင်းကြားတာ၊ အသိပေးတာမျိုးတော့ မရှိသေးဘူး။ ဆိုတော့ တဖက်မှာတော့ ကျနော်တို့က ဒီဘက်မှာ တပ်ပေါင်းစုပုံစံ ပေါ်လာအောင် ဖော်တာ။ အခုက တပ်ပေါင်းစုပုံစံတော့ တော်တော်ပေါ်လာပြီပေါ့။ တခုပဲ ထစ်နေတာက ခုနက TNLA က သူကိုယ်တိုင်ခေါ်သွင်းလာမယ်ဆိုရင် ကျနော်တို့ ဘယ်လိုတုံ့ပြန်ကြမလဲ ဆိုတာပေါ့နော်၊ အဲဒါက ကျနော်တို့အတွက် နည်းနည်း စိန်ခေါ်မှုကြီးကြီးမားမားဖြစ်နေတာပေါ့” လို့ ပြောပါတယ်။

မဟာမိတ် TNLA ရဲ့ ဆုံးဖြတ်ချက် အပါအဝင် မိုးကုတ်မြို့ စစ်ရေးသတင်းတွေနဲ့ ပတ်သက်ပြီး မှတ်ချက်တစုံတရာပေးဖို့ မရှိသေးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေးရဲ့ တာဝန်ရှိသူ ကိုအော်စမွန်က DVB ကို ပြောဆိုထားပါတယ်။

တကယ်လို့ မိုးကုတ်မြို့ကို တော်လှန်ရေးအင်အားစုတွေက လက်လွှတ်ရမယ်ဆိုရင် မြို့နဲ့အတူ တော်လှန်ရေးအတွက် ဝင်ငွေအထောက်အပံ့ကောင်းဖြစ်စေမယ့် ကျောက်တွင်းလုပ်ငန်းတွေကိုပါ လက်လွှတ်ရမှာ ဖြစ်တဲ့အတွက် ရုပ်ဝတ္ထုတန်ဖိုး ဆုံးရှုံးမှုများတာ၊ TNLA အပါအဝင် မြောက်ပိုင်းမဟာမိတ်တွေနဲ့ ဒေသတွင်းကာကွယ်ရေးအဖွဲ့တွေရဲ့ မဟာမိတ်ဆက်ဆံရေးနဲ့ ယုံကြည်မှုကို ထိခိုက်နိုင်တာ၊ တမြို့ပြီးတမြို့ ပြန်ပေးနေရတာ ဖြစ်တဲ့အတွက် ရှမ်း-မန်း ဆက်သွယ်ရေးလမ်းတွေ အားလုံး ထိန်းချုပ်ခံရနိုင်ပြီး ဒေသတွင်း တော်လှန်ရေး အင်အားစုတွေအတွက် လက်နက်၊ ရိက္ခာနဲ့ ဆေးဝါးသယ်ယူပို့ဆောင်ရေး ပိုပြီးခက်ခဲနိုင်တာ၊ ဒေသတွင်း ပြည်သူတွေရဲ့ တော်လှန်ရေးအောင်မြင်နိုင်ခြေအပေါ် စိတ်ပိုင်းဆိုင်ရာ အမြင်သဘောထား ထိခိုက်နိုင်တာ၊ စစ်ကောင်စီရဲ့ ပိတ်ဆို့မှုတွေကြောင့် ကုန်ဈေးနှုန်းတွေ အဆမတန်တက်ပြီး စားဝတ်နေရေး ပိုကျပ်တည်းနိုင်တာ စတဲ့အချက်တွေနဲ့ ကနဦး ကြုံတွေ့လာရဖွယ် ရှိတယ်လို့ ဒေသတွင်း နိုင်ငံရေးသမားတွေက မှတ်ချက်ပြုပါတယ်။

ဉာဏ်လင်းသစ်သုတေသနအဖွဲ့မှ ကိုမိုးထက်နေက “သိမ်းဖို့လွယ်တယ်၊ ထိန်းဖို့ခက်တယ်ဆိုတဲ့ အခြေအနေက စစ်ပွဲတိုင်းမှာ ရှိတာပဲလေ။ စိန်ခေါ်ချက်တွေ အများကြီးရှိတာလေ။ နောက်တခုက တရုတ်ရဲ့ ဘက်လိုက်တဲ့ကိစ္စပေါ့။ အဲဒီဖိအားကလည်း ပြဿနာရှိတယ်လေ။ နိုင်ငံရေးအရ ဖိအားတင် မဟုတ်ဘဲနဲ့ ရုပ်ဝတ္ထုပစ္စည်းအရပါ ဒါမျိုးတွေ ရင်ဆိုင်လာရတဲ့ အခါကျတော့လည်း ရေရှည်ထိန်းထားနိုင်ဖို့ဆိုတာ တော်တော်ခက်ပါတယ်။ မြို့တွေရဖို့အတွက် ပေးခဲ့ရတဲ့ အသက်တွေ၊ သွေးတွေ၊​ ချွေးတွေပေါ့ဗျာ၊ TNLA ဘက်က ရဲဘော်တွေ၊ နောက်တခါ ဒီ မဟာမိတ်ဘက်က ရဲဘော်တွေပေါ့နော်။ အကုန်လုံးရဲ့ ဘဝတွေကတော့ ဝမ်းနည်းဖို့ကောင်းတာပေါ့လေ။ ဒါပေမဲ့ တဖက်မှာလည်း အလဟဿတော့ မဖြစ်ပါဘူး။ စစ်တပ်က ပြန်သိမ်းပြီးရတာမှ မဟုတ်တာဗျာ။ မဟုတ်တဲ့ နည်းမျိုးစုံသုံးပြီးတော့မှပဲ စစ်အနေနဲ့တိုက်ပြီးတော့ ပြန်ယူတာ မဟုတ်ဘူးပေါ့။ လက်လွှတ်ဆုံးရှုံးလိုက်ရတာတွေလည်း ရှိပါတယ်။ လူထုရဲ့ စိတ်အားတက်ကြွမှုတွေလည်း တစုံတရာ ထိခိုက်နိုင်တာပေါ့။ သက်ရောက်မှုရှိနိုင်တာပေါ့။ လူထုရဲ့ တက်ကြွမှုတွေ အသက် သွေး ချွေး ရင်းနှီးထားရမှုတွေ အပေါ်မှာလည်း ထိခိုက်မှုတွေတော့ ဖြစ်တာပေါ့။ အဓိကကတော့ အစုစည်းမပျက်ဖို့၊ အင်အားမပျက်ဖို့က ပိုအရေးကြီးတာပဲလေ” လို့ ပြောပါတယ်။

မိုးကုတ်မြို့နဲ့ မိုးမိတ်မြို့တွေကို ၂၀၂၄ ဇူလိုင်လအတွင်းမှာ TNLA နဲ့ မဟာမိတ်တွေက သိမ်းယူခဲ့တာဖြစ်ပြီး တနှစ်ကျော်အကြာမှာ တရုတ်အစိုးရရဲ့ ကြားဝင်ဖိအားပေးမှုကြောင့် ပြန်လည်လက်လွှတ်ရမယ့် အခြေအနေ ဖြစ်လာခဲ့တာပါ။

ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး TNLA ပြောရေးဆိုခွင့်ရှိသူကို DVB က အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမဲ့ လက်ရှိအချိန်အထိ ပြန်လည်ဖြေဆိုတာ မရှိသေးပါဘူး။

သုတချမ်းသာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013