
မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ လာရောက်ဗုံးကြဲချ တိုက်ခိုက်ခဲ့လို့ အနည်းဆုံး အရပ်သား ၃ ယောက် သေဆုံးပြီး ၂၀ လောက် ဒဏ်ရာရသွားတယ်လို့ မြို့ခံတွေထံက သိရပါတယ်။
မနေ့ညသန်းခေါင် ၁၂ နာရီကျော်လောက်ကနေ ၁၂ နာရီ မိနစ် ၄၀ လောက်အထိ မိုးကုတ်မြို့အနောက်ခြမ်း၊ ဝင်းထရံလုပ်ကွက်ကို ဗုံးအလုံး ၂၀ ကျော်နဲ့ ၇ ကြိမ် လေကြောင်း တိုက်ခိုက်ခဲ့တာလို့ မိုးကုတ်မြို့ခံတွေက ပြောပါတယ်။
မိုးကုတ်မြို့ခံတယောက်က “ကျောက်လုပ်ကွက်တွေကို ကြဲသွားတာ။ တွင်းသမား အချင်းချင်း မကျေပ်နပ်လို့ တဖက်လှည့်နဲ့ သတင်းပေးပြီး ကြဲခိုင်းတာလို့တော့ ထင်တယ်။ တံတားဦးကနေ Y 12 လေယာဉ်နဲ့ လာကြဲတာလို့ ပြောကြတယ်”လို့ ပြောပါတယ်။
မနေ့က လေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး TNLA က သတင်းထုတ်ပြန်ထားပြီး အသေးစိတ် အခြေအနေကို ဆက်သွယ်မေးမြန်းထားပေမဲ့ ပြန်လည်ဖြေခြင်း မရှိသေးပါဘူး။
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကလည်း စစ်ကောင်စီလေတပ်က မိုးကုတ်မြို့ကို လေကြောင်း တိုက်ခိုက်ခဲ့လို့ ဒေသခံ အယောက် ၂၀ လောက် သေဆုံးပြီး ၁၃ ယောက် ဒဏ်ရာရခဲ့သလို ဇန်နဝါရီ ၈ ရက်ကလည်း မိုးကုတ်မြို့ ဂေါက်ကွင်းအနီးကို ဗုံးအလုံး ၂၀ လောက် ကြဲချခဲ့ပါတယ်။
မိုးကုတ်မြို့ကို TNLA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ၂၀၂၄ ခုနှစ် ဇူလိုင်လမှာ သိမ်းပိုက်ခဲ့ပြီး မြို့အုပ်ချုပ်ရေး ပြန်လည်ထူထောင်ရေးတွေကို TNLA က ဒေသခံတွေနဲ့အတူ ပူးတွဲဖော်ဆောင်နေပါတယ်။










