DVB Logo
Home
မြန်မာသတင်း
ထိုင်းတွင် အရက်ဘီယာဥပဒေ ဖြေလျှော့ပေးမှုကို မြန်မာများ ကြိုဆို
DVB
·
November 20, 2025
ထိုင်းတွင် အရက်ဘီယာဥပဒေ ဖြေလျှော့ပေးမှုကို မြန်မာများ ကြိုဆို
Donate to DVB

ထိုင်းနိုင်ငံမှာ နိုဝင်ဘာလဆန်းပိုင်းက အရက် ဘီယာ ရောင်းဝယ်၊ သောက်သုံးတာနဲ့ ပတ်သက်လို့ အချိန်ကန့်သတ်ခဲ့တဲ့ ဥပဒေအပေါ် ဝေဖန်မှုတွေ ရှိခဲ့တာကြောင့် အဲဒီဥပဒေကို နိုဝင်ဘာ ၁၃ ရက်မှာ ပြန်ဖြေလျှော့ပေးခဲ့တဲ့အပေါ်  ထိုင်းရောက်မြန်မာတွေက ကြိုဆိုလိုက်ပါတယ်။

ထိုင်းမှာ နှစ်သစ်ကူးကာလ ယာဉ်မတော်တဆမှု လျှော့ချရေး၊ ပြည်သူ့ကျန်းမာရေးနဲ့ လူငယ်တွေ ဘေးကင်းလုံခြုံဖို့ ရည်ရွယ်ပြီး ည ၁၂ နာရီကနေ မနက် ၁၁ နာရီ၊ နေ့လယ် ၂ နာရီကနေ ညနေ ၅ နာရီအထိ ဆိုင်တွေမှာ အရက်ဘီယာ ရောင်းချ ထိုင်သောက်ခွင့် မပြုဖို့ နိုဝင်ဘာလဆန်းပိုင်းမှာ ဥပဒေထုတ်ခဲ့ပါတယ်။

အဲဒီဥပဒေနဲ့ပတ်သက်ပြီး ထိုင်းလူမှုအသိုက်အဝန်းကြား ဝေဖန်မှုတွေ မြင့်တက်ခဲ့သလို နိုင်ငံခြားသား ဧည့်သည်တွေနဲ့ အမှီသဟဲပြု စီးပွားလုပ်ကိုင်နေတဲ့ ခရီးသွားလုပ်ငန်းကိုလည်း ဂယက်ရိုက်စေခဲ့ပါတယ်။

ပြန်ဖြေလျှော့တဲ့ ဥပဒေကြောင့် ထိုင်းခရီးသွားလုပ်ငန်းကို ပိုကောင်းစေနိုင်ပြီး တင်းကျပ်တဲ့ ဥပဒေဟာ အောက်ခြေအလုပ်သမားတွေကို ငွေညှစ်တဲ့ဖြစ်စဉ်တွေဖြစ်မှာ စိုးရိမ်တယ်လို့လည်း အလုပ်သမားအရေး လှုပ်ရှားသူတွေက ပြောပါတယ်။

အလုပ်သမားအရေးလှုပ်ရှားသူ ကိုရဲမင်းက “ထိုင်းမှာ ပွဲတော်တွေလုပ်တာကတော့ နေ့တွေ ညတွေ ရှိတာပဲလေ။ အဲ့တော့ တချို့ ကျွန်းတွေမှာဆိုရင် နေ့ရောညရော ပါတီတွေပေးပြီး ပျော်ပါးနေတာတွေ ရှိတယ်။ ခရီးသွားလုပ်ငန်းတွေ၊ အဖျော်ယမကာ လုပ်ငန်းတွေ အတွက်ကတော့ ကောင်းတာပေါ့။ တဖက်က ကျန်းမာရေးဝန်ကြီးဌာန အမြင်အရ ဒီလိုအချိန်တွေမှာ အရက်သေစာ သောက်စားပြီး မောင်းရင် ယာဉ်မတော်တဆမှုတွေ ဖြစ်တာမျိုးတွေနဲ့ သုံးသပ်ပြသွားတာပေါ့။ ခရီးသွားလုပ်ငန်းတွေ အတွက်ကတော့ ကောင်းတာပေါ့။ ယာဉ်တိုက်မှု အများဆုံးဖြစ်လေ့ရှိတဲ့ ထိုင်းနိုင်ငံမှာ နှစ်စဉ် သင်္ကြန်တွင်းတွေဆို သောက်စားမူးယစ် ယာဉ်တွေတိုက်ကြတယ်။ နှစ်သစ်ကူး နယူးရီးယားတွေဆို သောက်စားမူးယစ် ယာဉ်တွေတိုက်ကြတယ်။ ဒါမျိုးတွေဖြစ်နေတဲ့ နိုင်ငံမျိုးဆိုတော့ ဥပဒေကတော့ ကောင်းတယ်။ ဒါပေမဲ့ ခုနကပြောသလို ကျနော်တို့ စိုးရိမ်တာတော့ ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီပေးနေတဲ့ အဖွဲ့တွေ အမြင်အရ ပြန်ကြည့်မယ်ဆိုရင် အောက်ခြေ အလုပ်သမားတွေ ငွေညှစ်ခံရမှာတော့ စိုးရိမ်တယ်” လို့ ပြောပါတယ်။

အရက် ဘီယာ သောက်သုံးခွင့် ဥပဒေအပေါ် ပြန်သုံးသပ်တဲ့ အစည်းအဝေးအရ နေ့လယ် ၂ နာရီကနေ ညနေ ၅ နာရီအထိ ဆိုင်ထိုင် အရက်သောက်ခွင့် ပြန်ဖြေလျှော့ခဲ့ပြီး အရင်ဆုံး ၆ လတာ စမ်းသပ်ခွင့်ပြုတာဖြစ်ကြောင်း၊ အခြေအနေကို စောင့်ကြည့်မယ်လို့ ဆုံးဖြတ်တာ ဖြစ်ပါတယ်။

ဒါ့အပြင် ည ၁၂ နာရီနောက်ပိုင်းကစလို့ မနက် ၁၁ နာရီထိ ဆိုင်ထိုင် အရက်မသောက်ရ ဆိုတဲ့အချက်ကို မနက် ၁ နာရီထိ ထိုင်နိုင်ကြောင်း အချိန်ထပ်တိုးပြီး ဒါကိုလည်း ၆ လ စောင့်ကြည့်မယ်လို့ ဆိုပါတယ်။

နိုဝင်ဘာ ၁၃ ရက်ကစလို့ ဒီဖြေလျှော့မှုတွေဟာ ၁၅ ရက်အတွင်း အသက်ဝင်မှာ ဖြစ်ပါတယ်။ အခုလို ဖြေလျှော့ပေးမှုတွေကို ထိုင်းရောက် မြန်မာလူငယ်တွေကလည်း ကြိုဆိုတယ်လို့ ပြောပါတယ်။

ဘန်ကောက်ရောက် မြန်မာတယောက်ဖြစ်တဲ့ ကိုညီက “နေ့လယ် ၂ နာရီကနေ ညနေ ၅ နာရီအထိ ဆိုင်မှာ အရက်ထိုင်သောက်လို့ မရဘူးဆိုတော့ နည်းနည်းလေး ကသိကအောင့် ဖြစ်ခဲ့တယ်။ အဲဒီအချိန်တွေ ရှောင်တာပေါ့။ ဘန်ကောက်မှာက သိတဲ့အတိုင်းပဲ ည ၈ နာရီလောက်ဆိုရင် ဆိုင်တွေရော လူတွေရော ရှုပ်ယှက်ခတ်နေရောလေ။ တခါတလေကျရင် ကိုယ်ထိုင်ချင်တဲ့ဆိုင်မှာ နေရာမရှိတော့တာမျိုး ဖြစ်တယ်။ ဒါကြောင့် ညနေ ၄ နာရီဆို ထိုင်ဖြစ်တယ်။ လူလည်း ရှင်းတယ်။ စိတ်ကြိုက် စားချင်တာလည်း အေးဆေး မှာလို့ရတယ်။ ပိတ်ရက်တွေဆို လူနည်းနည်း ရှင်းသွားတဲ့ ည ၁၀ နာရီနောက်ပိုင်း တခါတလေ ထိုင်ဖြစ်တယ်။ အဲလိုထိုင်ဖြစ်ပြီး ည ၂ နာရီ၊ ၃ နာရီလောက် ပြန်ဖြစ်တယ်။ ဒါကြောင့် ကျနော့်အတွက်ရော၊ ကျနော့်အပေါင်းအသင်းတွေအတွက်ဆိုရင် အခုလို စည်းကမ်းဖြေလျှော့လိုက်တာ၊ ဥပဒေ ဖြေလျှော့လိုက်တာ ကောင်းတယ်လို့ မြင်ပါတယ်။ ကျနော့်အနေနဲ့ ကြိုဆိုတယ်လို့ ပြောချင်ပါတယ်” လို့ ပြောပါတယ်။

ထိုင်းနိုင်ငံမှာ အရက် ရောင်းဝယ် သောက်သုံးခွင့်ကို ပြန်ဖြေလျှော့တဲ့အတွက် ခရီးသွားလုပ်ငန်းကိုလည်း သိသိသာသာ မြှင့်တင်ပေးနိုင်သလို နိုင်ငံတကာ ဧည့်သည်တွေ အတွက်လည်း စိတ်အပန်းပြေစေတာကြောင့် ဝင်ငွေ ပိုရနိုင်တယ်လို့ ထိုင်းနိုင်ငံ စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းက ပြောပါတယ်။

ထိုင်းက ဈေးဝယ်စင်တာ၊ ရပ်ကွက်ဆိုင်တွေနဲ့ ဆဲဗင်းအလဲဗင်းဆိုင်တွေမှာ အရက်၊ ဘီယာ ရောင်းချတာကို နေ့လယ် ၂ နာရီကနေ ညနေ ၅ နာရီအတွင်း ကန့်သတ်ထားပြီး ဒီဥပဒေဟာ ၁၉၇၂ ခုနှစ်ကတည်းက ရှိခဲ့တာပါ။

အဲဒီဥပဒေဟာ ဒီကနေ့ခေတ် လူမှုအသိုက်အဝန်း နေထိုင်မှုပုံစံနဲ့ မကိုက်ညီဘူးလို့လည်း ဝေဖန်ခံနေရတာ ဖြစ်ပါတယ်။

ဇွဲသစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013