DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းက ရေတွင်းများ အာဆင်းနစ်ဓာတ်များနေသဖြင့် လူ ၁၂ သန်း ကျန်းမာရေး အန္တရာယ်ရှိနေ
DVB
·
November 20, 2025
ဧရာဝတီတိုင်းက ရေတွင်းများ အာဆင်းနစ်ဓာတ်များနေသဖြင့် လူ ၁၂ သန်း ကျန်းမာရေး အန္တရာယ်ရှိနေ
Donate to DVB

ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသက ရေတွင်းတွေရဲ့ ၇၁ ရာခိုင်နှုန်းမှာ အာဆင်းနစ်ဓာတ်ပါဝင်မှုဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သတ်မှတ်ထားတဲ့ ဘေးကင်းတဲ့ သောက်သုံးရေစံနှုန်းထက် ကျော်လွန်နေပြီး လူပေါင်း ၁၂ သန်းရဲ့ ကျန်းမာရေးကို အန္တရာယ်ရှိနေတဲ့အကြောင်း သိပ္ပံ၊ သုတေသနနဲ့ နည်းပညာဆိုင်ရာ သတင်းဝက်ဘ်ဆိုက်  Phys.org မှာ ဖော်ပြပါတယ်။

ယူကေအခြေစိုက် တက္ကသိုလ်တခုဖြစ်တဲ့ Portsmouth တက္ကသိုလ်ရဲ့ လေ့လာမှုတခုအရ ခုလို ဖော်ပြလိုက်တာဖြစ်ပြီး ရေတွင်းပေါင်း ၁၂၄,၀၀၀ နီးပါးရဲ့ အချက်အလက်တွေကို ခွဲခြမ်းစိတ်ဖြာ လေ့လာခဲ့ရာမှာ ခုလိုတွေ့ရှိရတာဖြစ်ကာ အဆိုပါ ဒေသမှာ နေထိုင်သူတွေအနေနဲ့ ရေရှည် ကျန်းမာရေး ထိခိုက်နိုင်တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။ 

ဒီအခြေအနေဟာ ၂၀၃၀ ပြည့်နှစ်မှာ လူတိုင်းအတွက် သန့်ရှင်းတဲ့ သောက်သုံးရေ ရရှိရေးဆိုတဲ့ နိုင်ငံရဲ့ ရည်မှန်းချက်ကို ကြီးမားတဲ့ စိန်ခေါ်မှုတရပ် ဖြစ်စေတယ်လို့လည်း GeoHealth မှာ ဖော်ပြခဲ့တဲ့ အဲဒီလေ့လာမှုက ထောက်ပြထားပါတယ်။

Portsmouth တက္ကသိုလ်၊ သဘာဝပတ်ဝန်းကျင်နဲ့ သက်ရှိသိပ္ပံဌာနမှ  ဒေါက်တာ မိုဟော့ခ်က “ကျနော်တို့ရဲ့ လေ့လာမှုက မြေမျက်နှာပြင်က အော်ဂဲနစ်ဒြပ်ပေါင်းတွေဟာ မြေအောက် ရေတိမ်ပိုင်းထဲကို ဘယ်လိုရောက်သွားပြီး အာဆင်းနစ်ဓာတ်ကို မြေအောက်ရေထဲ ပျံ့နှံ့စေတဲ့ အခြေအနေတွေမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေတယ်ဆိုတာကို ပြသပါတယ်။ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတခုလုံးကို စစ်ဆေးခြင်းအားဖြင့် ကျနော်တို့ဟာ ဒေသတဝန်း အာဆင်းနစ်ဓာတ်ပျံ့နှံ့မှုရဲ့ ပထမဆုံး ပြည့်စုံတဲ့ ပုံရိပ်ကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဒါဟာ အန္တရာယ်တွေကို ဖော်ထုတ်ပြီး လူထုကို ကာကွယ်ဖို့အတွက် ကျယ်ကျယ်ပြန့်ပြန့် စမ်းသပ်စစ်ဆေးမှုတွေ အရေးတကြီး လိုအပ်နေတယ်ဆိုတာကို မီးမောင်းထိုးပြနေတာပါ" လို့ ပြောပါတယ်။

အာဆင်းနစ်ဓာတ်ပါဝင်မှု အမြင့်ဆုံးနေရာတွေကတော့ ဧရာဝတီမြစ်ဝကျွန်းပေါ် အလယ်ပိုင်းဒေသတွေမှာ ဖြစ်ပြီး အဲဒီနေရာတွေမှာ ချောင်းမြောင်းတွေနဲ့ ရေအိုင်ငယ်တွေ ထူထပ်စွာ ချိတ်ဆက်နေလေ့ရှိတယ်လို့ သုတေသီတွေက ဖော်ထုတ်တွေ့ရှိခဲ့သလို မြေမျက်နှာ သွင်ပြင်တွေက မြေပေါ်က အော်ဂဲနစ်ပစ္စည်းတွေကို စုစည်းပြီး မြေအောက်ရေတိမ်ပိုင်းထဲကို ပို့ဆောင်ပေးတယ်လို့လည်း ဆိုပါတယ်။

မကွေးတက္ကသိုလ်က ပါမောက္ခ ဒေါက်တာ ခင်ကေခိုင်ကတော့ “ရွာတော်တော်များများမှာ အိမ် ထောင်စုတွေက သောက်သုံးရေနဲ့ ချက်ပြုတ်ဖို့အတွက် ရေတိမ်တွင်းတွေကို အားကိုးကြတယ်။ အာဆင်းနစ်ကို မြင်လို့ မရ၊ အရသာခံလို့ မရ၊ အနံ့ခံလို့မရတော့ လူတွေက အန္တရာယ်ကိုမသိဘဲ ရေကို သုံးနေကြတာ များတယ်။ အာဆင်းနစ် ထိတွေ့မှုရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေဟာ တဖြည်းဖြည်းမှ ပေါ်လာတတ်တာကြောင့် အန္တရာယ်ကို လူထုအတွင်းမှာ အမြဲတမ်း သတိမထားမိ ကြဘူး” လို့ ပြောပါတယ်။ 

ဒါ့အပြင် ဒေါက်တာ မိုဟော့ခ်ကတော့ ကျေးလက်လူမှုအသိုက်အဝန်း တော်များများက အထူးသဖြင့် ကလေးသူငယ်တွေဟာ ဘေးမကင်းတဲ့ သောက်သုံးရေကို မသိလိုက်ဘဲ ထိတွေ့နေရတာကြောင့် ဒီသုတေသနတွေ့ရှိချက်တွေကို နိုင်ငံတကာက အာရုံစိုက်မှုရရှိစေဖို့ အရေးတကြီး တောင်းဆိုနေတယ်လို့ ပြောလိုက်ပါတယ်။

မူဝါဒပြောင်းလဲမှုတွေကို မောင်းနှင်ရာမှာ အထောက်အကူဖြစ်စေပြီး UNICEF လို အဖွဲ့အစည်းတွေ အနေနဲ့လည်း ဒီလို ကြီးထွားလာနေတဲ့ ပြည်သူ့ကျန်းမာရေးပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းဖို့ မျှော်လင့်တယ်လို့ ပြောပါတယ်။

Source:  Phys.org

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013