
အိန္ဒိယနိုင်ငံမြောက်ပိုင်း ဥတ္တရာပရာဒေ့ရှ်ပြည်နယ်၊ ဆွန်ဘာဒရာခရိုင်မှာ ကျောက်တုံးထုတ်တဲ့ တွင်းပြိုကျ ပြီးတဲ့နောက် ဌာနပေါင်းစုံရဲ့ ၄၅ နာရီကြာ ကယ်ဆယ်ရေး လုပ်ငန်းအတွင်း အလောင်း ၆ လောင်းကို နိုဝင်ဘာ ၁၇ ရက်မှာ ရှာတွေ့ခဲ့ပါတယ်။
ခရိုင်အုပ်ချုပ်ရေးမှူးက သေဆုံးသူတွေရဲ့ နာမည်စာရင်းကို ထုတ်ပြန်ခဲ့ပြီး တခြားလူအများအပြား ပိတ်မိနေတယ်လို့ အကြီးတန်း ခရိုင်အရာရှိ တယောက်က ပြောပါတယ်။
ပြည်နယ်မြို့တော် လပ်ခ်နောင်းကနေ (မိုင် ၂၅၀) ကျော်အကွာမှာရှိတဲ့ အိုဘရာခရိုင်က ခရစ်ရှနာမိုင်းတွင်းတွေမှာ နိုဝင်ဘာ ၁၅ ရက် အစောပိုင်းက မတော်တဆ ဖြစ်ခဲ့တယ်လို့ ဆွန်ဘာဒရာခရိုင် တရားသူကြီး ဘာဒရီနတ်ဆင်းက ပြောပါတယ်။
တူးဖော်ရေးလုပ်ငန်းအတွင်း ကျောက်တုံးတပိုင်း ပြုတ်ကျချိန်မှာ အလုပ်သမားအနည်းဆုံး ၁၀ ယောက်လောက် အဲဒီနေရာမှာ ရှိနေခဲ့တယ်လို့ မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
ပျောက်နေတဲ့ အလုပ်သမားတွေ ရှိ၊ မရှိ ဆုံးဖြတ်ဖို့ ဒေသန္တရ အာဏာပိုင်တွေက ကန်ထရိုက်တာနဲ့ ညှိုနှိုင်းဆောင်ရွက်နေပါတယ်။
အိန္ဒိယမှာ မတော်တဆမှုအရေအတွက် တဖြည်းဖြည်းလျော့နည်းလာပေမဲ့ မိုင်းတွင်းတွေ အထူးသဖြင့် ကျောက်မီးသွေးတွင်းတွေ တူးဖော်တာဟာ နိုင်ငံအတွင်း အန္တရာယ်အရှိဆုံး အလုပ်အကိုင်တွေထဲက တခု ဖြစ်နေဆဲပါ။
ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လုပ်နေပြီး အဲဒီနေရာမှာ ရဲတွေကို အကြီးအကျယ် တာဝန် ချထားပါတယ်။
Source:Reuters










