DVB Logo
Home
မြန်မာသတင်း
ပခုက္ကူခရိုင်ကို စစ်တပ်က စစ်ကြောင်း ၄ ခုခွဲပြီး အင်အားသုံးထိုးစစ်ဆင်
DVB
·
November 16, 2025
ပခုက္ကူခရိုင်ကို စစ်တပ်က စစ်ကြောင်း ၄ ခုခွဲပြီး အင်အားသုံးထိုးစစ်ဆင်
Donate to DVB

မကွေးတိုင်း၊ ပခုက္ကူခရိုင်မှာ ရွေးကောက်ပွဲအတွက် နယ်မြေထိန်းချုပ်နိုင်ဖို့ စစ်ကောင်စီက စစ်ကြောင်း ၄ ခုခွဲပြီး ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။ 

ပေါက်၊ မြိုင်၊ ဆိပ်ဖြူ၊ ရေစကြို၊ ပခုက္ကူမြို့နယ်တွေပါဝင်တဲ့ ပခုက္ကူခရိုင်ဟာ ဝင်ငွေကောင်းတဲ့ တနိုင်တပိုင် ရေနံလုပ်ကွက်တွေရှိနေသလို ပျူစောထီးကျေးရွာတွေလည်း အများအပြားရှိတဲ့ ဒေသဖြစ်ပါတယ်။ 

စစ်ကြောင်းတခုချင်းစီမှာ အင်အား ၂၀၀ ကျော် ၃၀၀ ပါဝင်နေသလို လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူတွေပါ စစ်ကောင်စီက အသုံးပြုနေတာလို့ ပခုက္ကူခရိုင်တော်လှန်ရေးရဲဘော်တယောက်က ပြောပါတယ်။ 

“စစ်ကြောင်းက ၄ ကြောင်းပူးကြီးဖြစ်နေတာ။ ပခုက္ကူ၊ မြစ်ခြေဘက်မှာတကြောင်း၊ နောက်တခါ ပေါက်တောင်ပိုင်းမှာ တကြောင်း၊ ရေစကြိုဘက်ကလည်း ရှင်မတောင် တောင်ပေါ်မှာ တက်နေပြီးမှ အောက်ဆင်းသွားတဲ့ စစ်ကြောင်းတကြောင်းရှိတယ်။ ဝက်ပုတ်ကို မီးရှို့ပြီးတော့ ၂ ယောက် သတ်သွားတာရယ်၊ အဲ့ဒီဘက်မှာ စစ်ကြောင်းတကြောင်းရှိတယ်။ အဲ့ဒါကလည်း အင်အား ၂၀၀ ကျော်လောက်ရှိတယ်။ စစ်ကြောင်းက များလွန်းနေတာ။ အင်အားက အရင်တုန်းကလို မဟုတ်တော့ဘူး၊ အရင်တုန်းကဆိုရင် အင်အား ၁၀၀-၉၀ လောက် နဲ့ လာတာတွေ။ အခုကကြတော့ တခါလာရင် ၂၀၀ ကျော် ၃၀၀ နဲ့လာတာ။ ပိုက်ဆံရှိရင်လည်း တခါ ကျည်က ဝယ်မရနဲ့ ဒုက္ခက မတရားရောက်တာ၊ မိုးကုတ်ဘက်ကလည်း ပြန်ပေးရတာကိုး လမ်းပိုင်းတွေက၊ ပြန်ပေးရတာနဲ့ မတရားကိုက ကျပ်သွားတာ၊ ပြီးတော့ နောင်ချိုတို့ ဘာတို့ဘက်က ပေးလိုက်ရတာလည်း တော်တော်လေးဆိုးသွားတာကိုး။”

ပခုက္ကူမြို့ပေါ်ရပ်ကွက်တွေမှာ ရွေးကောက်ပွဲနေ့ လုံခြုံရေးအဖြစ် မဲရုံတခုအတွက် ဒေသခံလူ ၁၀ ယောက်ပေးဖို့ စစ်ကောင်စီက လက်အောက်ခံအုပ်ချုပ်ရေးမှူးတွေကို တောင်းခံထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။ 

တဖက်မှာ ထိုးစစ်ဆင်တိုက်ခိုက်တာတွေပြုလုပ်ပြီး တဖက်မှာ ရွေးကောက်ပွဲပြုလုပ်နိုင်ရေးကိုပါ စစ်ကောင်စီက နည်းလမ်းစုံအသုံးပြုနေတာ ပခုက္ကူမြို့ခံတယောက်က ပြောပါတယ်။

“ကျနော်တို့မှာ အားကိုးစရာမရှိတဲ့ အနေအထားမို့လို့ ငြိမ်ပြီးတော့မှ လူတွေကတော့ ဆန္ဒမပါဘူး။ ဒါပေမဲ့ သိပ်ပြီးတော့မှ ဒီဥစ္စာကို အသာငြိမ်ကုပ်နေရတဲ့သဘောရှိတယ်။ ဘုရားကြီးတောင်ဘက်နားလေးရပ်ကွက်က အဲ့ဒါလေးတခုတော့ ကြားခဲ့တယ်။ ဖိအားပေးတဲ့သဘောမျိုးလား ဒါမှမဟုတ် သူတို့ ၁၀ ယောက်တောင်းတာ မပေးလို့လား၊ ဖိန့်ပြနေတာလားတော့ မသိဘူး။ စိတ်တွေကတော့ မှန်တာပြောလို့ရှိရင် ဘယ်လိုလုပ်ရှိကြမှာတုန်း၊ ကျနော်တို့မှာ ဘယ်မှအားကိုးစရာမရှိဘဲ ဖြစ်နေကြတာ။ စားဝတ်နေရေးအတွက်ကလည်း ရှိတာလေးရောင်းချ အဲ့လိုလေး စားသောက်နေရတယ်။ ကျနော် ဘာစီးပွားမှလည်း အခုနေသိပ်မလုပ်ဘူး၊ ဘာမှန်းညာမှန်းလဲမသိလို့။”

မကွေးတိုင်း၊ ပခုက္ကူခရိုင်နဲ့ နယ်မြေချင်းထိစပ်နေတဲ့ မန္တလေးတိုင်း၊ မြင်းခြံခရိုင်ဘက်မှာလည်း စစ်ကောင်စီက ရွေးကောက်ပွဲအတွက် နယ်မြေထိန်းချုပ်ဖို့ အင်အားသုံးတိုက်ခိုက်နေတာပါ။ 

မြင်းခြံခရိုင်မှာ ဩဂုတ်လကစပြီး လက်ရှိအချိန်အထိ စစ်ကောင်စီက ဆက်တိုက်ထိုးစစ်ဆင်ခဲ့တာကြောင့် ဒေသကာကွယ်ရေးအဖွဲ့တွေက သိမ်းယူထားတဲ့စ ခန်းအများစုကို ပြန်လက်လွှတ်ထားရတယ်လို့ ဆိုပါတယ်။

မြင်းခြံဒေသခံတယောက်က “လတ်တလော မြင်းခြံမြို့ပေါ်မှာတော့ ရွေးကောက်ပွဲအတွက် လုံးပန်းနေတာတွေပါ။ အမှတ် ၁၀ ရပ်ကွက်ကြတော့ ကျနော်တို့ ရွာတွေဘက်က စစ်ရှောင်တွေက မြို့ပေါ်သွားပြီး အိမ်ငှားနေကြတာတွေ ရှိတယ်လေ။ အိမ်ထောင်စုဇယား နေရာ ယာယီပြောင်းခိုင်းတာ၊ ယာယီပြောင်းပြီးတော့ သူတို့မဲစာရင်းထဲ ထည့်ပေးမယ်ပေါ့၊ အိမ်ထောင်စုဇယားပြောင်းပြီးတော့ မဲစာရင်းထဲ ပါဖို့လုပ်နေတာတွေရှိတယ်။ အမှတ် ၁၄ ရပ်ကွက်ကြတော့ မဲမပေးတဲ့သူ ဒဏ်ငွေ တသိန်းရိုက်မယ်ဆိုပြီးတော့ အသံ ကောလာဟလ လွှင့်နေတာ၊ တရားဝင်ကြေညာတာမဟုတ်ဘူး၊ ပါးစပ်ကနေ အတင်းပြောသလို ပတ်ပြောနေတာပေါ့ဗျာ မဲပေးအောင်လို့။ စစ်တပ်က သူတို့တပ်စွဲထားတဲ့ ကွမ်းစိုက်ရွာတို့လို အဲ့ဒီလိုနေရာမျိုးတော့ ဖြစ်နိုင်ခြေရှိတယ်၊ ကျန်တဲ့ရွာတွေကတော့ ဖြစ်နိုင်ခြေမရှိလောက်ဘူး၊ ကျန်တဲ့ရွာတွေက ဩဂုတ်လကတည်းက စစ်ကြောင်းထိုးထားတော့ တချို့ရွာတွေက လူလုံးဝမရှိတော့တာတွေ၊ ပြန်မလာရဲကြသေးတာတွေရှိတယ်ဗျ၊ စစ်ကြောင်း မထိုးသေးတဲ့နေရာတွေ အဲ့ဒီရွာတွေကြတော့လည်း စစ်ရေးမဝင်နိုင်သေးတဲ့ နေရာတွေကြတော့ အုပ်ချုပ်ရေးမှူးတွေ ဘာတွေရှိတာမဟုတ်ဘူး၊ အုပ်ကြီးတွေက ဇွတ်ကြပ်လာမယ်ဆိုရင်တော့ ကြောက်ပြီး ပေးရမယ့်သူမျိုးလောက်ပဲရှိမှာ၊ ကျန်တဲ့သူတွေကတော့ တော်ရုံတန်ရုံကတော့ ပေးမှာမဟုတ်လောက်ဘူး” လို့ ပြောပါတယ်၊

အောက်တိုဘာလကုန်ပိုင်းမှာ မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်တောင်ပိုင်းက ဝန်ချုံးနဲ့ သစ်ချိုကုန်း ပျူစောထီးရွာတွေကို ဒေသကာကွယ်ရေးအဖွဲ့တွေက သိမ်းယူခဲ့တာကြောင့် စစ်ကောင်စီက ပခုက္ကူခရိုင်ကို နယ်မြေထိန်းချုပ်ဖို့ ပိုပြီးအင်အားသုံးတိုက်ခိုက်နေတာပါ။ 

မြန်မာနိုင်ငံအလယ်ပိုင်း မြို့နယ်အားလုံးကို ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွေအဖြစ် စစ်ကောင်စီရွေး ကောက်ပွဲကော်မရှင်က ကြေညာထားပြီး လုံခြုံရေးအရတပြိုင်တည်း ရွေးကောက်ပွဲလုပ်ဖို့ မဖြစ်နိုင်တဲ့အတွက် နယ်မြေတွေကို အလှည့်ကျ အင်အားသုံးထိန်းချုပ်တဲ့ နည်းကိုသုံးပြီး ရွေးကောက်ပွဲပြုလုပ်ဖို့ ကြိုးစားနေတယ်လို့ ဒေသခံနိုင်ငံရေးသမားတွေက မှတ်ချက်ပေးပါတယ်။ 

သုတချမ်းသာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013