DVB Logo
Home
မြန်မာသတင်း
ကော့သောင်းမြို့၌  ၂ ပတ်အတွင်း အမျိုးသား ၁၀၀ ကျော် စစ်သားစုဆောင်းခံရ 
DVB
·
November 15, 2025
ကော့သောင်းမြို့၌  ၂ ပတ်အတွင်း အမျိုးသား ၁၀၀ ကျော် စစ်သားစုဆောင်းခံရ 
Donate to DVB

နိုဝင်ဘာလ ၂ ပတ်တာအတွင်း ထိုင်းနိုင်ငံ၊ ရနောင်း အချုပ်ထောင်က‌နေ လွတ်ရက်စေ့လို့ တနင်္သာရီတိုင်း ကော့သောင်းဘက် ပြန်ပို့ခံရတဲ့ မြန်မာနိုင်ငံသား အယောက် ၁၀၀ ကျော်ထဲက စစ်မှုထမ်းအသက် အကျုံးဝင်တဲ့ အမျိုးသားတွေ အဓမ္မ စစ်သားစုဆောင်းခံနေရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၀ ရက်က ရနောင်း အချုပ်ထောင်ကနေ လွတ်ရက်စေ့ မြန်မာနိုင်ငံသား အယောက် ၉၀ ကော့သောင်းဘက် နေရပ်ပြန်ပို့ခံရပြီး၊ အဲဒီ အယောက် ၉၀ မှာ အမျိုးသား ၇၄ ယောက်၊ အမျိုးသမီး ၁၄ ယောက်နဲ့ ကလေးငယ် ၂ ယောက်တို့ ပါဝင်ပါတယ်။ အဲဒီထဲက အမျိုးသားတွေ အကုန်လုံးကို စစ်တပ်က ကားနဲ့ ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

နေရပ်ပြန်ပို့ခံရသူတွေထဲမှာ ငွေကြေးတတ်နိုင်တဲ့ ကော့သောင်း ဒေသခံတချို့ကတော့ ပိုက်ဆံပေးရင် ပြန်လွတ်မြောက်နိုင်ပြီး၊ အခြား ဒေသက လူတွေဆိုရင် မိသားစုဝင်၊ နီးစပ်ရာ ဆွေမျိုး မိတ်ဆွေတွေနဲ့ အဆက်သွယ်မရဘဲ စစ်မှုထမ်းစုဆောင်းခံရတဲ့ အခြေအနေ ကြုံနေရတယ်လို့ ဆိုပါတယ်။

အချုပ်ထောင်နဲ့ နီးစပ်သူတယောက်က “ကျနော်တို့ အတိအကျတော့ ပြောလို့ မရဘူး။ အရင်က ပြီးခဲ့တဲ့ ၂ လ၊ ၃ လကဆိုရင် ပုံမှန် မဲဆောက်တို့ မယ်ဆိုင်တို့ ပြန်မယ်ဆိုရင်၊ မယ်ဆိုင်ဆိုရင် ည ၈ နာရီ၊ ၉ နာရီမှာ ပို့တယ်။ မဲဆောက်ဆိုရင် ညနေ ၅ နာရီလောက်မှာ ပို့တယ်။ အဲ့လို ပို့တဲ့အခါမှာ အဆက်အသွယ် မရတာတွေ ရှိတယ်။ တချို့ကတော့ ဆက်သွယ်လာတာ ရှိတယ်။ တချို့ကျတော့ ရနောင်းဘက်တွေ ရောက်ကုန်တယ်။ အဲ့လိုမျိုး ရှိတယ်။ အတိအကျ ပြောလို့မရဘူး။ အခု လောလောဆယ် ဒီမှာ ဖြစ်နေတာက တပတ်အတွင်းမှာ ကျနော်တို့ မြန်မာနိုင်ငံသားတွေကို ဖမ်းမိထားရင် ဒီကနေ Free တွေ ပို့နေတယ်။ ပုံမှန်ဆိုရင် မပို့ဘူး။ Free ပို့တယ်ဆိုတာ ဒီမှာ ချုပ်ရက် လမပြည့်ခင် ပို့တာပေါ့” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၅ ရက်နေ့ကလည်း ရနောင်း လဝက အချုပ်ကနေ လွတ်ရက်စေ့ အချုပ်သား ၄၇ ယောက်ကို ကော့သောင်းဘက် လွှဲပြောင်းပို့ဆောင်ပေးခဲ့ပါတယ်။

ထိုင်းက နေရပ်ပြန်ပို့ခံရသူတွေဟာ မြန်မာဘက်အခြမ်း ရောက်ရင် စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးတာ ခံရပြီး၊ သက်ကြီးပိုင်း အမျိုးသားတွေနဲ့ အမျိုးသမီးတွေကလွဲရင် စစ်မှုထမ်း အသက် အကျုံးဝင်တဲ့ အမျိုးသားတွေကို ကော့သောင်းအခြေစိုက် ခလရ ၂၆၂ နဲ့ ခမရ ၄၃၁ တပ်တွေကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

ပြည်တွင်းမှာလည်း မလုံခြုံတဲ့ နိုင်ငံရေးအခြေအနေ၊ စီးပွားရေး ကျဆင်းမှု၊ အလုပ်အကိုင် ရှားပါးမှုနဲ့ ပြည်ပထွက်ရ ခက်ခဲတဲ့ အခြေအနေတွေကြောင့် တရားမဝင် ရွှေ့ပြောင်းသွားလာသူတွေ ပိုများလာတယ်လို့ အလုပ်သမားအရေး လှုပ်ရှားသူတွေက ပြောပါတယ်။

အလုပ်သမားအရေး လှုပ်ရှားသူ ကိုရဲမင်းက “အဓိကကတော့ နိုင်ငံက အကြမ်းဖက် စစ်အုပ်စု လက်အောက်မှာ ရှိနေတော့ စစ်မှုထမ်း ဥပဒေကို ရှောင်ရှားရင်း၊ ပြီးတော့ နိုင်ငံထဲမှာလည်း ဆင်းရဲမွဲတေမှုကလည်း ပိုဆိုးလာပြီး အလုပ်အကိုင် အခွင့်အလမ်းတွေကလည်း မရှိတဲ့အတွက် လူငယ်တွေက အနီးစပ်ဆုံး ထိုင်းနိုင်ငံကို အစုလိုက် အပြုံလိုက် တိုးဝင်လာကြတာ ဖြစ်တယ်။ အဲ့တော့ ဖမ်းဆီးခံရမှုတွေက ဆက်တိုက်ဖြစ်တယ်။ ဒီကြားထဲ ပန်းရောင်ကတ်လုပ်ဖို့ စောင့်နေသူတွေကိုပါ ပန်းရောင်ကတ်လုပ်ဖို့ရာ ယာယီ ရွှေ့ဆိုင်းတယ်ဆိုတဲ့ နေ့မှာပဲ ၁၃၁ ယောက် ဖမ်းခံခဲ့ရတယ်။ အခု ဒီလူတွေကို မြန်မာပြည်ဘက် နယ်စပ်ကို ပြန်ပို့လိုက်ပြီ။ အဲ့တော့ ဒီလို ဖြစ်စဉ်မျိုးတွေ ဖြစ်တာဟာ ဒီထိုင်းနိုင်ငံထဲကို နေ့စဉ် ဝင်ရောက်သူတွေ များလာတဲ့ အခြေအနေနဲ့ ပန်းရောင်ကတ် လုပ်ပေးမယ်ဆိုတဲ့ အရှိန်တွေကြောင့် ဖြစ်တာ။ အဲ့အတွက် အခုလိုမျိုး ပွဲစားတွေကလည်း ငွေရပြီးရော တင်တယ်။ လူတွေကလည်း ယုံကြည်မှု လွန်ကဲပြီး လာကြတယ်။ အဲ့တော့ ဖမ်းဆီးခံရမှုတွေ ကြုံကြတယ်” လို့ ပြောပါတယ်။

ထိုင်းနိင်ငံ၊ ရနောင်းမြို့ အချုပ်ထောင်ကနေ ပြစ်ဒဏ်ကျနေတဲ့ မြန်မာနိုင်ငံသားတွေကို လစဥ် လွှဲပြောင်း ပို့ဆောင်နေတာဖြစ်ပြီး အခုနှစ်အတွင်း နေရပ်ပြန်ပို့ခံရသူ ဦးရေ ၁,၆၀၀ ကျော်ရှိနေပြီ ဖြစ်ပါတယ်။

DVB Data Team က စုဆောင်းချက်အရ ၂၀၂၂ ခု မတ် ၁၇ ရက်ကနေ ၂၀၂၅ ခု နိုဝင်ဘာ ၅ ရက်အထိ ရနောင်း-ကော့သောင်း နယ်စပ်ဂိတ်ကနေတဆင့် မြန်မာနိုင်ငံဘက်ကို ပြန်ပို့ခံရတဲ့ မြန်မာနိုင်ငံသား ၄,၀၉၂ ယောက် ရှိတယ်လို့ ရနောင်းခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။ 

ဇွဲသစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013