
ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့တော်ရဲ့ မြို့လယ်ပိုင်း တော်ဝင်နည်းပညာတက္ကသိုလ်အနီးရှိ ဘတ်စ်ကားမှတ်တိုင် တခုကို ဘတ်စ်ကားတစီးက ဝင်တိုက်မိလို့ နိုဝင်ဘာ ၁၄ ရက်က လူအများအပြား သေဆုံး၊ ဒဏ်ရာရရှိခဲ့တယ်လို့ ဆွီဒင် ရဲတပ်ဖွဲ့က ပြောပါတယ်။
ဘတ်စ်ကားပေါ်မှာ ခရီးသည်တွေ ရှိမနေကြောင်းနဲ့ ဒီဖြစ်ရပ်မှာ သေဆုံးသူဘယ်လောက်ရှိတယ်ဆိုတာ မသိရသေးပေမဲ့ ထိခိုက်ဒဏ်ရာရသူ ၆ ယောက် ရှိခဲ့ကြောင်း စတော့ဟုမ်းမြို့ ကယ်ဆယ်ရေးဌာန ပြောရေးဆိုခွင့်ရှိသူတယောက်က ပြောပါတယ်။
ဒီဖြစ်ရပ်ကို မတော်တဆ လူသေဆုံးမှုအဖြစ် စုံစမ်းစစ်ဆေးနေပြီး တိုက်ခိုက်ခံရမှုလို့ ညွှန်ပြနေတဲ့ အချက်အလက်တွေ မရှိဘူးလို့လည်း ဆိုပါတယ်။
ဘတ်စ်ကားမောင်းသူကို ဖမ်းဆီးထားပေမဲ့ ဒီလိုဖြစ်ရပ်မျိုးမှာ ပုံမှန်ဖြစ်ရပ်တခုသာဖြစ်တယ် လို့လည်း ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူက ပြောဆိုခဲ့ပြီး ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ လူနာတင်ယာဉ်တွေဟာ အခင်းဖြစ်ပွားရာနေရာမှာ လုပ်ဆောင်နေကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။
ဒီဖြစ်ရပ်ရဲ့ အကြောင်းရင်းကို မသိရှိရသေးပေမဲ့ အခုအချိန်မှာ ထိခိုက်ခံရသူတွေနဲ့ သူတို့ရဲ့ မိသားစုတွေအတွက် အဓိကထားစဉ်းစားနေပါတယ်လို့ ဆွီဒင်ဝန်ကြီးချုပ် အုလ်ဖ်ခရစ္စတာရှုန်းက X က ပို့စ်မှာ ရေးသားထားပါတယ်။
Source:Reuters










