
YBS ကားခတိုးမဲ့ အစီအစဉ် ဖျက်သိမ်းလိုက်ပြီးနောက် ကားသမားတွေက ကားမထွက်ကြတာကြောင့် ကားအစီးရေနည်းလာပြီး အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ ခရီးသွားတွေက ပြောပါတယ်။
ရန်ကုန်မြို့ရဲ့ အများပြည်သူ သယ်ယူပို့ဆောင်ရေး ဘတ်စ်ကားစနစ် YBS ကားတွေရဲ့ ယာဉ်စီးခကို စက်တင်ဘာ ၁ ရက်က စပြီး ကျပ် ၆၀၀ ကို တိုးမြှင့်သတ်မှတ်ဖို့ ကြေညာခဲ့ပေမဲ့ ခရီးသည်တွေကြား ဝေဖန်မှု မြင့်တက်ခဲ့တာကြောင့် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) က ပြန်ပြီး ဖျက်သိမ်းခဲ့ပါတယ်။
ဒီလိုကြေညာပြီးမှ ပြန်ဖျက်သိမ်းလိုက်တဲ့နောက်ပိုင်း ပြေးဆွဲတဲ့ ဘတ်စ်ကားအစီးရေ နည်းသွားတယ်လို့ YBS ခရီးသည်တယောက်က ပြောပါတယ်။
“အရင်ဆို ကားတစီးနဲ့ တစီးက တရွှီးရွှီးနဲ့လေ၊ အရင်ဆို ၁၁၁၊ ၁၁၂၊ ၁၁၃ အဲ့လိုကားတွေက အရမ်းပေါတဲ့ ကားတွေလေ။ အခုက အဲ့လိုမဟုတ်ဘူး၊ အကြာကြီးစောင့်ရတယ်။ အဲ့လိုစောင့်နေရင်းနဲ့မှ မိုးကလည်း အကြိုက်သည်း၊ အဲ့တော့ လာတဲ့ တစီးနဲ့မှ ပြေးတက်ကြတာ။ အဲ့မှာ တံခါးဖွင့်တဲ့အချိန်မှာ ပထမဆုံးပြေးတက်တဲ့သူက အစ်မဖြစ်တဲ့အတွက် အစ်မပဲ နေရာရတာ၊ ကျန်တဲ့သူတွေ မရဘူး။ ဘာလို့လဲဆိုတော့ ကားရှားနေလို့တဲ့၊ ကားအလာကြဲလို့ ခရီးသည်တွေ အဲ့လောက် စုတက်နေရတာတော့ သေချာတယ်။ အရင်ကဆို ဝေါကနဲ ဝေါကနဲ လာတဲ့ကားတွေ အခုက အဲ့လိုမလာဘူး၊ အခုက စောင့်နေရတာ။”
အဲဒီလို ဘတ်စ်ကားနည်းသွားတာဟာ ယာဉ်စီးခ တိုးကောက်မဲ့ အစီအစဉ်ကို ဖျက်သိမ်းလိုက်လို့ ကားသမားတွေက ဆန္ဒပြကြတာဆိုပြီး ခရီးသည်တွေက သုံးသပ်နေကြပေမဲ့ DVB အနေနဲ့ သီးခြား အတည်မပြုနိုင်ပါဘူး။
ခရီးသည်တယောက်က “အခုကျတော့ အဲဒီကားတွေက တစီးနဲ့တစီးကို တော်တော်ကြာသွားတယ်။ အခုကျတော့ ကိုယ်တွေလည်း မေးကြည့်တော့ တချို့ယာဉ်မောင်းတွေက ပြောပါတယ်။ အဲဒါ ကားခက ၆၀၀ မရလို့ သူတို့ မထွက်ကြဘူးပြောတယ်။ သူတို့က ၆၀၀ လိုချင်ကြတယ်။ အခုတောင်မှ ကိုယ်တွေက ကားစီးရင် ၅၀၀ ထည့်ရင်တောင် ပိုတဲ့ ၁၀၀ ကို သူတို့ ပြန်မအမ်းတော့ဘူး။ အခုကျတော့ ၆၀၀ မရလို့ ကားမထွက်ဘူးဆိုပြီး ပြောတယ်။ ကားက ရုံးဆင်းချိန်ဆိုရင် နာရီဝက်လောက် ဆိုရင်တောင် စုပြုံပြီးတော့ တက်စီးကြတယ်။ အခုဆိုရင် ကားက ကြဲသွားတဲ့အခါကျတော့ တော်တော်လေးကို ဒုက္ခရောက်တယ်” လို့ ပြောပါတယ်။
YBS စနစ်ကို ၂၀၁၇ ခုနှစ်မှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ စီမံမှုနဲ့ အရင်က ပြေးဆွဲခဲ့တဲ့ မထသ (မော်တော်ယာဉ်လိုင်းများ ကြီးကြပ်ထိန်းသိမ်းရေး ကော်မတီ) စနစ်ဟောင်းကို ဖျက်သိမ်းပြီး YBS စနစ်သစ်အဖြစ် အစားထိုး ပြောင်းလဲခဲ့တာ ဖြစ်ပါတယ်။
ရန်ကုန်မှာ ပြေးဆွဲနေတဲ့ ဘတ်စ်ကားအစီး ၅,၃၀၀ ကျော်ရှိပေမဲ့ အစီး ၂,၀၀၀ လောက်က ပြုပြင်နေရတဲ့အတွက် ၃,၃၀၀ ပဲ ပြေးဆွဲနိုင်တယ်လို့ YRTC တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က BBC သတင်းဌာနကို ဩဂုတ်လလယ်ပိုင်းက ဖြေကြားထားပါတယ်။
YBS စနစ်ထဲက တချို့ကားတွေမှာ ကတ်စနစ် အသုံးပြုကြပေမဲ့ တချို့ကားတွေမှာတော့ ငွေသားနဲ့ပဲ ကားခပေးကြရတဲ့အခါ အကြွေမလဲနိုင်တဲ့ ပြဿနာတွေလည်း ကြုံကြရတယ်လို့ စီးနင်းသူတွေက ပြောပါတယ်။
လက်ရှိမှာ YBS ယာဉ်စီးခကို ကျပ် ၄၀၀ ပေးရပြီး ခရီးသည်တွေက အကြွေမရှိတဲ့အတွက် ၅၀၀ တန် ထည့်စီးနေရတာပါ။ ကားခကို ကျပ် ၆၀၀ ကိုသာ ပြောင်းလဲသတ်မှတ်လိုက်ရင် ကုန်ကျစရိတ် ပိုများမဲ့အပြင် အကြွေမရှိတဲ့ အခက်အခဲကြောင့် ကျပ် ၁,၀၀၀ အထိ ပေးလာရမှာကို စိုးရိမ်နေကြတယ်လို့ DVB က မေးမြန်းခဲ့တဲ့ ခရီးသွားတွေက ပြောပါတယ်။
၂၀၂၆ ခုနှစ် မတ်လက စတင်သတ်မှတ်ခဲ့တဲ့ ပုဂ္ဂလိကပိုင်ယာဉ်တွေ လစဥ် စုံအက္ခရာနဲ့ မ ရက်ခွဲပြီး မောင်းနှင်အသုံးပြုကြဖို့ စစ်အာဏာရှင်က သတ်မှတ်ပြီးနောက်ပိုင်း YBS စီးနင်းသူ ပိုများပြားလာတယ်လို့ သိရပါတယ်။
YRTC ရဲ့ ထုန်ပြန်ချက်တွေအရ YBS ပုံမှန်စီးနင်းသူ ၁ ဒသမ ၇၅ သန်း ရှိတယ်လို့ စစ်တပ်လက်အောက်ခံ သတင်းစာတွေက မေလဆန်းပိုင်းက ဖော်ပြခဲ့ပါတယ်။
အဲဒီလို ခရီးသည် များလာတဲ့အပြင် ပြေးဆွဲနိုင်တဲ့ ကားအရေအတွက်လည်း နည်းပါးလာတာကြောင့် အရင်က တမိနစ် တစီးနှုန်းလောက်လာတဲ့ ဘတ်စ်ကားလိုင်းတွေကိုတောင် အကြာကြီး စောင့်နေရတယ်လို့ ခရီးသည်တွေဆီက သိရပါတယ်။
အခုလို ခရီးသွားတွေ အခက်အခဲကြုံနေရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဆက်သွယ်မေးမြန်းဖို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) ကို DVB က ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ပြန်လည်ဖြေဆိုတာ မရှိပါဘူး။
သီရိ











