
အမေရိကန်နိုင်ငံ၊ အိုကလာဟိုးမားပြည်နယ်၊ ဝယ်သာဖို့ဒ်မြို့မှာ နိုဝင်ဘာ ၁၂ ရက် နှောင်းပိုင်းက အမိုးနီးယား ယိုစိမ့်မှုကြောင့် လူအများအပြားကို ဘေးလွတ်ရာ ပြောင်းရွှေ့ခဲ့ရပြီးနောက် အခြေအနေ စိုးရိမ်ရသူ အများအပြား အပါအဝင် လူပေါင်းဒါဇင်ချီ ဆေးရုံတင်ခဲ့ရပါတယ်။
အိုကလာဟိုးမားစီးတီးရှိ ABC သတင်းဌာနရဲ့ တွဲဖက်အဖွဲ့အစည်း KOCO ရဲ့ အဆိုအရ လူ ၃၆ ယောက် ဆေးရုံတင်ခဲ့ရပြီး ၁၁ ယောက်က စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေပါတယ်။
လူ ၅၀၀ လောက်ကို အနောက်တောင်ပိုင်း အိုကလာဟိုးမားပြည်နယ် တက္ကသိုလ်ရှိ ပိုင်အိုနီယာ ပွဲအခမ်းအနား စင်တာကို ရွှေ့ပြောင်းပေးထားပါတယ်။
အဲဒီဖြစ်ရပ်ဟာ ဒေသစံတော်ချိန် ည ၁၀ နာရီလောက်က Holiday Inn Express ကားနောက်မှာ ရပ်ထားတဲ့ ဆီတင်ထရပ်ကားတစီးကနေ အမိုးနီးယားယိုစိမ့်မှု စတင်ခဲ့ကြောင်း အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။
ထရပ်ကားဟာ ယိုစိမ့်မှုရဲ့ အရင်းအမြစ်ဖြစ်ကြောင်း ဝယ်သာဖို့ဒ် ရဲဌာနက ဖေ့စ်ဘွတ်ခ်ပို့စ်တခုမှာ အတည်ပြုခဲ့ပါတယ်။
ကိုယ့်နေရာမှာပဲ နေထိုင်ကြဖို့ ညတွင်းချင်း ထုတ်ပြန်ခဲ့တဲ့အမိန့်ကို နိုဝင်ဘာ ၁၃ ရက် မနက် ၈ နာရီလောက်မှာ ရုပ်သိမ်းခဲ့ပြီး အဲဒီဒေသရှိ ဒေသခံတွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို ပြန်လာခွင့်ပြုခဲ့ပါတယ်။
ရဲအရာရှိ ၁၄ ယောက်လောက်ဟာ ရေဓာတ်မပါဝင်တဲ့ အန်ဟိုက်ဒရပ်စ် အမိုးနီးယားနဲ့ ထိတွေ့မိခဲ့ကြပြီး ၅ ယောက်ဟာ အသက်ရှူလမ်းကြောင်းအတွင်း ဓာတုလောင်ကျွမ်းမှုဒဏ်ရာတွေ ရရှိခဲ့ကြတယ်လို့ ဝယ်သာဖို့ဒ် ရဲဌာနကလည်း အတည်ပြုခဲ့ပါတယ်။
အခုအဖြစ်အပျက်ကြောင့် သေဆုံးမှု မရှိပေမဲ့ ထိခိုက်ဒဏ်ရာရသူ အများအပြားဟာ အထူးကြပ်မတ်ကုသဆောင်မှာ ဆက်လက်နေထိုင်ရပြီး အများစုဟာ တည်ငြိမ်တဲ့ အခြေအနေမှာ ရှိနေပါတယ်။
Source: Reuters










