
ချီလီနိုင်ငံမြို့တော် ဆန်တီယာဂိုရဲ့မြောက်ပိုင်း ရန်ကာခရိုင်ရှိ စက်မှုဇုန်နဲ့ အဝေးပြေးလမ်းမကြီး အနီးမှာ ဖေဖော်ဝါရီ ၁၉ ရက်က ဓာတ်ငွေ့ရည် တင်ဆောင်လာတဲ့ ထရပ်ကားတစီး လမ်းချော် တိမ်းမှောက် ပေါက်ကွဲခဲ့တာကြောင့် အနည်းဆုံး လူ ၄ ယောက် သေဆုံးပြီး ၁၇ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။
ဒေသစံတော်ချိန် မနက် ၈ နာရီဝန်းကျင်မှာ ဂက်စ်ကိုကုမ္ပဏီပိုင် ဓာတ်ငွေ့တင်ကားဟာ လမ်းဘေးအထိန်းအကာကို တိုက်မိကာ တိမ်းမှောက်ခဲ့တာဖြစ်ပြီး ပေါက်ကွဲမှုကြောင့် သေဆုံးသွားသူတွေထဲမှာ ကားမောင်းသူလည်း ပါဝင်တယ်လို့ အစိုးရရှေ့နေတွေက အတည်ပြုထားပါတယ်။
မျက်မြင်သက်သေတယောက် ပြောကြားချက်အရ “လူအတော်များများ ကားထဲမှာ ပိတ်မိနေကြပြီး တချို့ကတော့ ဘတ်စ်ကား နောက်ဘက်ကနေ ပြတင်းပေါက်မှန်တွေကို ရိုက်ခွဲပြီး ထွက်ပြေးခဲ့ကြရတယ်” လို့ ဆိုပါတယ်။
သူကတော့ ကွန်ကရစ် အတားအဆီးနောက်မှာ ပုန်းနေခဲ့လို့ လွတ်ခဲ့တာဖြစ်ပြီး ကားတွေ အကုန်ပြာကျသွားတယ် လို့လည်း ပြောပါတယ်။
ရဲချုပ် ဗစ်တာဗီးယဲလ်မာရဲ့ ပြောကြားချက်အရ အာဏာပိုင်တွေဟာ အရှိန်ပြင်းမောင်းနှင်မှု အပါအဝင် ယာဉ်စည်းကမ်းချိုးဖောက်မှု ရှိ၊ မရှိ စုံစမ်းစစ်ဆေးနေတယ်လို့ ဆိုပါတယ်။
ပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသူ ၁၇ ယောက်ထဲမှာ ၅ ယောက်ဟာ စိုးရိမ်ရတဲ့ အခြေအနေ ရှိနေပြီး တယောက်ကတော့ ခန္ဓာကိုယ်တခုလုံး ၁၀၀ ရာခိုင်နှုန်း မီးလောင်ဒဏ်ရာ ရရှိထားတာကြောင့် သူ့ရဲ့ အသက်ရှင်နိုင်ခြေမှာ မသေချာဘူးလို့ မြို့တော်အုပ်ချုပ်ရေးမှူး ကလောက်ဒီယို အော်ရေဂိုက ပြောပါတယ်။
ဒါ့အပြင် အနီးနားက ယာဉ်အစီးရေ ၅၀ ထက်မနည်းလည်း မီးလောင်ပျက်စီးခဲ့ပါတယ်။ မီးသတ်သမားတွေဟာ နောက်ထပ် အန္တရာယ်မဖြစ်အောင် ကားကို ထိန်းချုပ် အအေးပေး လုပ်ငန်းစဉ်တွေနဲ့ မီးငြှိမ်းသတ်မှုကို မွန်းလွဲပိုင်းအထိ ဆက်လုပ်ဆောင်ခဲ့ကြပါတယ်။
Source: Reuters










