
တောင်ဆူဒန်သမ္မတ ဆယ်လ်ဗာကီယာဟာ နိုဝင်ဘာ ၁၂ ရက်က ဒုတိယသမ္မတလည်းဖြစ်၊ အာဏာရပါတီရဲ့ ဒုတိယခေါင်းဆောင်လည်းဖြစ်တဲ့ ဘင်ဂျမင် ဘိုလ်မဲလ်ကို ရာထူးက ဖြုတ်ချခဲ့တဲ့ အမိန့်တရပ်ကို နိုင်ငံပိုင်ရုပ်မြင်သံကြားမှာ ဖတ်ကြားသွားခဲ့ပါတယ်။
သမ္မတ ကီယာရဲ့ စိတ်ကြိုက် ဦးစားပေး ရာထူးဆက်ခံသူလို့ ကောလာဟလတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေသူ ဘိုလ်မဲလ်နဲ့ ဆက်ဆံရေး ဖြတ်တောက်လိုက်တာ ဖြစ်ပါတယ်။
သမ္မတ ကီယာကို ဆက်ခံမယ့်သူနဲ့ပတ်သက်တဲ့ မေးခွန်းတွေ ပေါ်ထွက်လာနေချိန်မှာပဲ ဒီလုပ်ဆောင်ချက်ကြောင့် တောင်ဆူဒန်အစိုးရရဲ့ အထက်တန်းလွှာတွေမှာ ဆက်တိုက် အပြောင်းအလဲတွေ ဖြစ်လာခဲ့ပြီး ပြည်တွင်းစစ်ထဲ ပြန်လည်ကျရောက်သွားမှာကိုလည်း စိုးရိမ်မှုတွေ ရှိနေပါတယ်။
ရာထူးက ထုတ်ပယ်ခံရတဲ့အတွက် သမ္မတ ကီယာရဲ့ အမိန့်ထဲမှာ ဘာရှင်းလင်းချက်မှ မပါဝင်ဘဲ ဒုသမ္မတ ဘိုလ်မဲလ်ရဲ့ နေအိမ်ရှေ့ရှိ အသေးစိတ် လုံခြုံရေးအစီအမံတွေ လျှော့ချခံရပြီးနောက်မှာ မြို့တော် ဂျူဘာမှာ ထင်ကြေးပေးမှုတွေ နာရီပေါင်းများစွာ ထွက်ပေါ်လာခဲ့ကြောင်း ဒီအခြေအနေနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ရိုက်တာသတင်းဌာနကို ပြောပါတယ်။
ကီယာဟာ ဘိုလ်မဲလ်ကို စက်တင်ဘာလတုန်းက တင်မြှောက်ပေးခဲ့တဲ့ ဗိုလ်ချုပ်ရာထူးကနေလည်း ပြန်နှိမ့်ချခဲ့ပါတယ်။
ဘိုလ်မဲလ်ဟာ ၂၀၁၇ ခုနှစ်ကတည်းက အဂတိလိုက်စားမှုနဲ့ အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှု ခံနေရတာပါ။
စက်တင်ဘာလထုတ် ကုလသမဂ္ဂ အစီရင်ခံစာတခုထဲမှာ ဘယ်တုန်းကမှ လုပ်ဆောင်ခဲ့ခြင်းမရှိတဲ့ လမ်းဆောက်လုပ်ရေးလုပ်ငန်းအတွက် သူနဲ့ ဆက်စပ်နေတဲ့ ကုမ္ပဏီတွေဟာ ဒေါ်လာ ၁ ဒသမ ၇ ဘီလီယံ ရရှိခဲ့တယ်လို့ စွပ်စွဲထားပါတယ်။
ဘိုလ်မဲလ်ဟာ သူ့အပေါ် စွပ်စွဲထားတဲ့ အဂတိလိုက်စားမှု စွပ်စွဲချက်တွေကို တိုက်ရိုက်တုံ့ပြန်ခဲ့ခြင်း လုံးဝမရှိပါဘူး။
ကမ္ဘာ့သက်တမ်းအငယ်ဆုံးနိုင်ငံဖြစ်တဲ့ တောင်ဆူဒန်ဟာ ၂၀၁၁ ခုနှစ်မှာ ဆူဒန်ဆီက လွတ်လပ်ရေး ရရှိခဲ့ပေမဲ့ ၂၀၁၃ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း လူပေါင်း ၄ သိန်းလောက် သေဆုံးခဲ့ရတဲ့ ပြည်တွင်းစစ်ထဲကို မြန်မြန်ဆန်ဆန် ကျရောက်ခဲ့တာ ဖြစ်ပါတယ်။
Source: Reuters











